Thursday, 31 July 2008

ငါးပိကြော်၊ ထမင်းကြမ်းနှင့် ပေါင်မုန့်

တံခါးအဖွင့်မှာ အရာရာသည် တိတ်ဆိတ်လျက်။ အားလုံးနေသား တကျရှိနေသော အိမ်ကို ဝေ့ကာကြည့်ရင်း ဒီနေ့ညနေ ဘာစားရပါ့ဟု အစောတလျင် တွေးမိသည်။ တကြုတ်ကြုတ်နှင့် ဆာလှပြီ ဖြစ်သော ဗိုက်ကို ရေတစ်ခွက်နှင့် နှစ်သိမ့်ရင်း ရေခဲသေတ္တာကို ဖွင့်သည်။ ဗီရိုများကို ဖွင့်သည်။ တနေ့က လူကြုံပို့လိုက်သော ငါးပိကြော် တစ်ထုပ်က ရေခဲသေတ္တာထဲမှာ ဆီများခဲကာ လဲလျောင်းလျက်။ ထမင်းအိုးထဲမှာ ထမင်းကြမ်း တချို့ကျန်သေးသည်။ ဟန်မဆောင်နိုင်တော့ဘဲ ထမင်းကို အနည်းငယ်မျှ အပူပေးကာ ငါးပိကြော်နှင့် အားရပါးရနယ်စားမိသည်။

xxx

လက်ဖက်ရည် ဆိုင်သည် အရင်လိုပင် ဆူညံလှုပ်ရှား ရုန်းကန်လျက်။ စားပွဲထိုးလေး များသည် တ၀ိုင်းမှ တ၀ိုင်း လူးလာ ခေါက်တုံ့။ သူတို့ကို ကြည့်ရသည်မှာ ပျော်လာသလိုလို၊ မောလာသလိုလို။ သူနာရီကို မော့ကြည့်မိတော့ ဆယ်နာရီထိုးတော့မည်။ လက်ပတ်နာရီ မပတ်ဖြစ်တာ အတော်ကြာခဲ့ပြီ။ အချိန်တွေက သူ့ကို အမြဲတုပ်နှောင်သည်ဟု ထင်သည့်နေ့မှ စ၍ သူနာရီ မပတ်ဖြစ်တော့။ ရောက်တတ်ရာရာ တွေးရင်း သူငယ်ချင်းများ အလာကို စောင့်နေမိသည်။ မြန်မာပြည်ကို ပြန်ရောက်ပြီး ကတည်းက သူငယ်ချင်းများနှင့် မတွေ့ရသေး၍ စိတ်လှုပ်ရှား နေမိဆဲ။

` မကြာခင် လက်ဖက်ရည်ဆိုင်မှာ ပိုပြီး အသက်ဝင်လာ သလို။

“ဟဲ့…. နင်က အရင်က ရုပ်အတိုင်းပဲ။ ငါက မှတ်မှ မှတ်မိပါ့မလားလို့။”

“ကြည့်စမ်း။ မိန်းမ နင်က ၀လာတာပဲ။ ရည်းစားတွေ ဘာတွေများရနေပြီလား။”

“နင်က ငါ့တို့ဆီကို စာတောင် မရေးဘူး။ ဘာတွေ မအားဖြစ်နေ သလဲ။”

အရင်ကလိုပင် သူတို့အားလုံး စကားလုပြောလို့ မပြီး။ သူတို့ဆီမှ ယနေ့မြန်မာပြည်၏ အတင်း၊ သတင်းမျိုးစုံကို ကြားရသည်။ ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်ရန် သူတို့ဆီမှ ပြန်လည် သင်ယူရသည်။ ဘယ်ကြော်ငြာကတော့ ဘယ်လိုရယ်စရာ ကောင်းသည်၊ ဘယ်သီချင်းက ပေါက်သွားသည် စသည်ဖြင့်။ နှစ်နာရီခန့်ကြာသွား သည်ထင်သည်။ အားလုံးပြန်ကြမည်ဟု ထိုင်ရာမှ ထတော့သူ့အ၀တ်အစားကို ၀ိုင်း၍ သြဘာပေးကြသည်။

“ထမီတွေဘာတွေ နဲ့လား နိုင်ငံခြားပြန် ကြီးရဲ့။”

“အမယ်… မမ ပဲများနေတယ်ပေါ့၊ မြန်မာ အ၀တ်အစားတွေ ၀တ်လို့။”

“သြော်… ဖိနပ်ကလည်း ကတ္တီပါ ဖိနပ်နဲ့ကိုး။ အလှူသွားမှာကျ နေတာပဲ။”

“ဟယ်…နင်တို့ကလည်း သူကတခါတလေ မြန်မာပြည်ပြန်လာမှ ဒီအ၀တ်အစား ၀တ်ရတာ သူဝတ်ချင်မှာပေါ့။”

“အေးလေ…နင်တို့လို အမေကျော် ဒွေးတော်လွမ်း၊ စကပ်တဖားဖားနှင့် မဟုတ်ဘူး။ ကြည့်… ငါ့သူငယ်ချင်းက ဘယ်လောက် မြန်မာဆန် သလဲ။”

သူစိတ်နည်းနည်း တိုသွားသည်။ အရင်ကတည်းက သူမြန်မာအင်္ကျီနှင့် လုံချည်ကို နှစ်နှစ်ခြိုက်ခြိုက် ၀တ်တတ်တာ သူတို့ သတိမရတော့ ပြီလား။ ဒါမှမဟုတ် နိုင်ငံခြားမှ ပြန်လာသူများသည် မြန်မာ အ၀တ်အစား မ၀တ်တော့ဟူသော ပညတ်ချက် ရှိပါလေသလား။ သူ့မှာ မျိုးချစ်စိတ် ဆိုတာလည်း မပြင်းထန်ပါ။ နိုင်ငံခြားပြန်မို့ မြန်မာဆန် ပြလိုခြင်းလည်း မဟုတ်ပါ။ သေချာတာ ကတော့ သူ့မှာ ဘာမှ ပြန်လည်ချေပ စရာ မရှိ။

Xxx

“အကြီးမက အခုနိုင်ငံခြားက ပြန်လာပြီးမှ အချိုးတမျိုး ပြောင်းနေတယ် မမရေ။”

အမေ့အသံကို သူအိပ်ခန်းထဲမှ ကြားတော့ ကြီးတော်ထံ အမေတိုင်နေပြီဟု ချက်ချင်း သိလိုက်သည်။

“အခုသူ့ အခန်းထဲကို အငယ်မက ၀င်မွှေရင် မကြိုက်ဘူး။ ကျွန်မ ၀င်ရှင်းပေးရင်လည်း မရှင်းနဲ့။ သူ့ဟာသူ လုပ်မတဲ့။ သူ့အခန်းတံခါးကိုလည်း ခေါက်ပြီးမှ ၀င်ပါတဲ့။ ကြီးကျယ် လာပုံများ။”

သူစာတိုပေစ လေးများ ရေးတတ်သည်မို့ သူ့အခန်းထဲမှာ သူမပြချင်သော စာများ သူတပါးမြင်လျှင် မကြိုက်။ နိုင်ငံခြားနှင့် ဘာမျှ မဆိုင်ပါ မေမေဟု အော်ပြောချင် စမ်းလှသည်။

“ဟိုတနေ့က ကျွန်မဆီကို စာတစောင်လာလို့ ဟဲ့ ဘာရေးထားလဲလို့ မေးတော့၊ မေမေ့စာဆိုတော့ သမီးလည်း မသိဘူးလေတဲ့။ ကျွန်မက ဟဲ့ ဖောက်ဖတ်လိုက် ပါလားလို့ ပြောတော့မှ ဖတ်တယ်။ သီးသန့်ဆန် လာတာလေ။ အမေနဲ့ သမီးတောင် ဒီလောက် ခွဲခြားနေရ သလား။ နိုင်ငြံခားမှာ အနေကြာလို့ အဲဒီက အကျင့်တွေ ကူးလာတယ် ထင်ပါရဲ့။”

လူဆိုတာ ကိုယ့်ကိုယ်ရေး ကိုယ်တာ ရှိရမှာပေါ့၊ မေမေရဲ့။ သူမကျေမနပ်နှင့် အခန်းထဲမှ ဆက်နားထောင်သည်။

“နောက်ပြီး ကျွန်မကိုများ ဆရာလုပ်လိုက်သေး။ သူ့ဦးလေးကိစ္စကို ကျွန်မက ၀င်ပြောမိလို့ မေမေရယ် ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး နေပါတဲ့။ သူများကိစ္စ ၀င်မပါပါနဲ့တဲ့။ ကိုယ့်ဦးလေး အရင်းခေါက်ခေါက် ကြီးကိုများ သူများတဲ့။”

ဟုတ်တယ်လေ… မေမေတို့ပဲ အဲဒီကိစ္စတွေနဲ့ စကားများကြ၊ စိတ်ဆိုးကြနဲ့။ ရှင်းရှင်းနေတော့ မကောင်းဘူးလား။ သူတိုးတိုး ရေရွတ်ပြန်သည်။

“သြော်..ကော်ဖီဆိုရင်လည်း အခုခါးခါးမှ ကြိုက်တယ်တဲ့။ ဘလက်ကော်ဖီပေါ့။ ကော်ဖီမစ်တို့ ဘာတို့မရတော့ဘူး။ ဘိုမက…။”

မေမေကလည်း မနက်ကျရင် ပဲပြုတ်နဲ့ ထမင်းကြော်ကို ကော်ဖီနဲ့စားတာ တော့မပြောဘဲနဲ့ဟု သူတွေးမိပြန်သည်။

“အင်း သူအပြင်ထွက်သွားတယ် ထင်တယ်။ ဟဲ့ အငယ်မ.. နင့်အမ အပြင်ထွက် သွားတယ် မဟုတ်ဘူးလား။ ဟင်…အခန်းထဲမှာ…။ ကြည့်စမ်း… အခန်းထဲမှာ ရှိနေတာတောင် ကိုယ့်ကြီးတော် လာတာ ထွက်မတွေ့ဘူး။ နိုင်ငံခြားရောက် ပြီးမှ အကျင့်က…။”

xxx

ရှေ့က စာအုပ်ကို ပိတ်ကာ ခြေဆန့်လက်ဆန့်လုပ်မိတော့ ညဆယ်နာရီခန့် ရှိနေပေပြီ။ စာဖတ်ရင်း ညဖက်မှာ ဆာလာတတ်သော အကျင့်ကို သူဘယ်တော့မှ ဖျောက်နိုင်မည် မသိ။ မီးဖိုချောင်ထဲမှာ ရှိနေသော အစားအစာများကို လိုက်ကြည့်မိသည်။ ဒီညတော့ ထမင်းမစား ချင်တော့။ သူ့ဖေဖေကတော့ ငါ့သမီးဟာ ဘိုမပဲ၊ ပေါင်မုန့်ဆို သိပ်ကြိုက်တယ်ဟု ပြောဖူးသည်။ ဘိုမ ဟုတ်မဟုတ်တော့ မသိ၊ အလွယ်တကူ စားလို့ရသော ပေါင်မုန့်ကို သူကြိုက်မိတာ အမှန်ပင်။ ဘိုဆန်ချင်၍ ပေါင်မုန့်စားခြင်း မဟုတ်သည်ကိုတော့ ဖေဖေ သိစေချင် ပါသည်။

ပုလင်းထဲသို့ ရောက်ခဲ့ပြီဖြစ်သော ငါးပိကြော်ကို မျက်စောင်းထိုး ကြည့်သည်။ ပေါင်မုန့်ဆိုသည်မှာ အမြဲတမ်းထောပတ်နှင့် ဒိန်ခဲနှင့်မှ စားရသည်ဟု မည်သူက သတ်မှတ်ထား ပါသနည်း။ ဒီနေ့တော့ ပေါင်မုန့်ကို ငါးပိကြော်နှင့် စားရမည်။ အနောက်နှင့်အရှေ့စာကို ပေါင်းစားတယ် ဆိုပေမယ့်လည်း စားကောင်းရင် ပြီးတာပဲ။ အချိန်အခါ အရ တခါတလေမှာ ငါးပိကြော်နှင့် ထမင်းကြမ်းက လိုက်ဖက်သလို၊ ငါးပိကြော်နှင့် ပေါင်မုန့်ကလည်း စားလို့ကောင်းသည်ပဲ။

7 comments:

ပီတိ said...

ကြိုက်တယ်။
ပုံရိပ် ရဲ့ အရေးအသား၊ အတွေးအခေါ်၊ သရုပ်ဖော်သွားပုံလေး၊ ပြီးတော့ ပေါင်မုန့်နဲ့ ငါးပိကြော်… စားလို့ကောင်းတယ် အဲ ဖတ်လို့လည်း တကယ်ကောင်းတယ်။
အိမ်ပြန်ရောက်မှ ညစာကို ပေါင်မုန့်နဲ့ငပိကြော် စားဦးမယ်…

ဇူလိုင်လအတွက် အသစ် နှစ်ပုဒ်ရေးသွားတဲ့အတွက် နောက်လမှာလည်း အနည်းဆုံး နှစ်ပုဒ်ရေးရပါမည်။

ကလိုစေးထူး said...

နိုင်ငံခြားပြန် ဆိုတာကို မြန်မာပြည်ထဲကလူတွေက တသီးတသန့် မြင်တတ်တာကို ပုံရိပ်ရဲ့ စာကပြနေသလိုပဲ။ တကယ်ကိုလဲ နေထိုင်မှု စရိုက်က နည်းနည်းတော့ ကွာသွားတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်ထင်တယ်။ ငါးပိကြော်နဲ့ ပေါင်မုန့် တွဲစားရင်တော့ ငန်တာနဲ့ ချိုတာပေါင်းပြီး ငန်ချိုဖြစ်နေမှာ အသေအချာပေါ့။ ကျနော်တော့ ပေါင်မုန့်ထဲ ၀က်သားဟင်းတွေ ညှပ်ထည့်ပြီး စားဖူးတယ်။ :D

ပုံရိပ် said...

ကျေးဇူးပါ ကိုပီတိနဲ့ ကိုစေးထူး။ ပုံရိပ်ရေးတာတွေ ဖတ်တဲ့ အတွက်။ ဟီး။ ပုံရိပ်လည်း ၀က်သားဟင်းနဲ့ ပေါင်မုန့် စားဖူးတယ် ထင်တယ်။ ပိန္နသီးတော့ မပါဘူး ပေါ့။ ဟဲ ဟဲ။ ကိုပီတိ..နောက်လလည်း ရေးနိုင်အောင် ကြိုးစားမယ်လေ။

pandora said...

ပေါင်မုန့်နဲ့ငပိကြော်ဆိုတဲ့ နိမိတ်ပုံလေးနဲ့ ရေးသွားတာ ချစ်စရာ။ အားပေးနေပါတယ် ပုံ

layma said...

နိုင်ငံခြားမပြန်ဖူးပေမယ့်.. ဘိုမ .. မဟုတ်ပေမယ့် ပေါင်မု န့် နဲ့ ငါးပိကြော်ကြိုက်ခဲ့ဖူးပါတယ်..။

Moe Cho Thinn said...

အတွေးနဲ့ အရေးလေးက နှစ်သက်စရာပါ။ ဖြစ်တတ်တဲ့ သဘာဝလေးတွေမို့ သဘောကျမိတယ်။ စိတ်မပျက်ပါနဲ့ ညီမရေ။ ကိုယ်က ဗမာစိတ်နဲ့ ဗမာတယောက်ဆိုတာ ဘယ်လိုမှ ပြောင်းလဲသွားလို့ ရတဲ့ ကိစ္စမှ မဟုတ်တာနော်။

ပုံရိပ် / Pon Yate said...

မပန်ရေ လာအားပေးလို့ ၀မ်းသာ ပါတယ်။
မလေးမ ပုံရိပ်လည်း ကြိုက်တယ်။ လွယ်ပြီး စားလို့ကောင်းတာကိုး။
မချိုသင်း လာအားပေးတာ ၀မ်းသာ ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ သဘောလေးတွေ၊ ပြောချင်တာလေးတွေကို တွေးရင်း ရေးဖြစ်သွားတာပါ။