Monday, 21 July 2008

အိမ်ပျောက်သူ


“အိပ်မပျော်တဲ့ ညတိုင်း အတွေးများလည်း အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ….”

သူသီချင်းကို အသံမကြား ရတော့တဲ့ အထိ တိုးပစ်လိုက်သည်။ အိမ်ပြန်ချင်တဲ့ အလွမ်းတွေ တဲ့။ အိမ်… အိမ်ဆိုတာကို သူလွမ်းပါသေး သလား။ မရှိတော့တဲ့ အရာတစ်ခုကို လွမ်းလို့ ရပါသလား။ ဒါမှမဟုတ် မရှိတော့သည့် အရာတစ်ခု မို့ပဲ လွမ်းလာလေသလား။

သူလွန်ခဲ့သော ဆယ်စုနှစ် အတွင်း အိမ်များစွာ ပြောင်းခဲ့ရသည်။ ပထမဆုံး အိမ်က အိမ် မမြည်လှသည့် အခန်းကျဉ်းလေး တစ်ခု။ စာရေးစားပွဲ တစ်လုံး၊ ကုတင်တစ်လုံးနှင့် စာကြည့်မီးတိုင် တစ်ခု။ သူအခန်း ခြေရင်းတွင် သူပိုင်ဆိုင် သမျှ အ၀တ်အစား အားလုံးကို စုထည့်ထားသော သေတ္တာတစ်လုံး ရှိနေသည်။ အိပ်ယာဘေးတွင် သူသိပ်ကြိုက်သော အဆိုတော်၏ပုံ အကြီးကြီး တစ်ပုံ။ ခေါင်းရင်းတွင် အမေထည့်ပေး လိုက်သော ဘုရားပုံတစ်ပုံ။ သူ့အခန်းမှာ အဆောင်အယောင် ကင်းမဲ့လွန်းလှ ပါသည်။ ရိုးစင်းမှုကို သူမမှုသော်လည်း ခြောက်သွေ့မှုကို သူမုန်းမိသည်။ သူ့တနေ့တာ ကုန်ဆုံးချိန်၌ အခန်းသည် ခြောက်သွေ့စွာ သူ့ကို ဆီးကြိုလျက်။ အခန်းထဲသို့ ၀ယ်လာသော ထမင်းနှင့်ဟင်းမှာ အေးစက်ကာ နေပြီ။ တချို့ညများမှာ သူလက်ဖက်ရည် တစ်ခွက်၊ ကော်ဖီတစ်ခွက်ကိုသာ ကျိုက်ရင်း အိမ်တစ်လုံး အကြောင်းကို စဉ်းစားကာ နေမိတော့သည်။

ဒုတိယနေရာသည် ပထမနေရာထက် ပိုကောင်းသည်ဟု သူထင်သည်။ သူ့တောင့်တသည့် အတိုင်း အတန်ငယ် ကျယ်ဝန်းသော တိုက်ခန်းလေး တစ်ခုကို သူရခဲ့သည်။ အိပ်ခန်း၊ မီးဖိုချောင်နှင့် ထမင်းစားခန်း အားလုံးပါသည်။ ဧည့်ခန်းမပါသော်လည်း သူ့အတွက် အရေးမကြီး။ သူ့မှာ ဧည့်သည် များများစားစား ရှိတာမှ မဟုတ်တာပဲ။ ရှိသော ဧည့်သည်များကလည်း ထမင်းစားခန်းနှင့် မီးဖိုချောင်မှာပင် ကျေနပ်နေကြသည်။ ခက်တာက ရေချိုးခန်း။ ထိုအိမ်ခန်းအတူ ပါလာသော ရေချိုးခန်းတွင် သူဘယ်တော့မှ နေသားမကျခဲ့။ အုတ်ကန်ကြီး တစ်ခုတွင် ဘေးအခန်းမှ လူများနှင့် မျှချိုးရသောကြောင့် ဖြစ်သည်။ ယောက်ျားလေး တစ်ယောက် အနေနှင့် ဇီဇာကြောင်လွန်းသည်ပဲ ဆိုဆို သူကတော့ ရေချိုးလျှင် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ချိုးရမှ။ ကိုယ့်အတွေးနှင့်ကိုယ်၊ ကိုယ့်သီချင်းနှင့်ကိုယ်။ သည်ရေချိုးခန်းကြောင့်ပဲလား၊ တယောက်တည်း နေရ၍ပဲလား မသိ၊ ထိုအခန်းလေးကို သူ့အိမ်ဟု အပြည့် သဘောမထား နိုင်ခဲ့။

သူ့ရဲ့ ယာယီအိမ်ကို….. အိမ်ဟု သဘောထားနိုင်ခဲ့သော အိမ်။ ချစ်သူ….။ သူ့အိမ်ကို အိမ်နှင့်တူအောင် ဖန်တီးပေးခဲ့သော ချစ်သူ။ သူတို့ အားလပ်ရက်တိုင်း သူ့အိမ်ကို ချစ်သူ ရောက်လာကာ ထမင်းနှင့်ဟင်းကို စိတ်ပါလက်ပါ ချက်ပေးခဲ့သည့် မီးဖိုချောင်။ သူ့မီးဖိုချောင်လေးမှာ ကျဉ်းသောကြောင့် သူတို့နှစ်ယောက် တိုက်မိကြတိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မောခဲ့ကြသော အချိန်ကာလများ။ သူတို့နှစ်ဦး နှစ်သက်စွာ သီချင်းတွေ အတူနားထောင် ခဲ့ကြသည့် ကက်ဆက်ကလေး။ ချစ်သူကိုယ်တိုင် ရွေးချယ်ပေး၍ သူ့အခန်းတွင် ချိတ်ပေးခဲ့သည့် ပန်းချီကားလေး တစ်ချပ်။ ဒီအငွေ့အသက်တွေနှင့် နေရသည့် အခန်းလေးမို့ သူထိုအိမ်မှာ ပျော်ပိုက်တာ တကယ်တော့ မဆန်းလှပါ။ သို့ပေမယ့် ကံကြမ္မာက အခြေအနေ မပေးသောကြောင့် သူတို့နှစ်ယောက် လမ်းခွဲခဲ့ရသည့် အခါမှာလည်း သူအလွမ်းတွေနှင့် ထိုအိမ်ကလေးကို တွယ်တာ နေမိ၏။ အိမ်ကတော့ သူ့အိမ်မဟုတ်ခဲ့ပါ။

အိမ်…။ သူအရင်တုန်းက နေခဲ့သည့်အိမ်။ မွေးကတည်းက နေခဲ့သည့် အိမ်ကရော။ နှစ်ပေါင်းများစွာ အိမ်မှထွက်လာပြီးနောက် အိမ်ပြန်ရမည့် အချိန်ကို သူပျော်ရွှင်စွာ မျှော်လင့် နေခဲ့သည်။ အိမ်ပြန်ရတော့မည်။ အိမ်ပြန်ရ တော့မည် တဲ့လား။ မိသားစုနှင့် သူငယ်ချင်းတွေ၊ မိတ်ဆွေများ အတွက် လက်ဆောင် ပစ္စည်းများကို စုဆောင်းရင်း စိတ်လှုပ်ရှားစွာ အိမ်ပြန်ချိန်ကို စောင့်စားခဲ့သည်။

အိမ်ကိုရောက်တော့၊ သူမျှော်လင့်ခဲ့သော အိမ်ကို ရောက်တော့….။ သူနှစ်ပေါင်းများစွာ ရင်းနှီးခဲ့သော ကြမ်းပြင်တို့သည် အချိန်၏ တိုက်စားမှုဖြင့် မှေးမှိန်ခဲ့ပြီ။ ညနေတိုင်း သူထိုင်ကာ စာဖတ်ခဲ့သော တံခါးပေါင်ကို လက်ဖြင့် အသာ ပွတ်တိုက်ရင်း အရင်က ထိုင်ခဲ့သော တံခါးပေါင်ကလေးကို သူလွမ်းဆွတ် နေမိသည်။ သူငယ်စဉ်က မိုးရွာတိုင်း ရေငွေ့တို့ဖြင့် ရေးဆော့ခဲ့သည့် ပြတင်းမှန်တို့သည် ခုတော့ အသစ်ဖြစ်ခဲ့ပြီ။ သူသိပ်ကြိုက် ခဲ့သော ကက်ဆက်လေး၏ နေရာတွင် သူ့ညီလေး ၀ယ်ထားသော နောက်ဆုံးပေါ် ကက်ဆက် အသစ်တစ်လုံး ရောက်၍ နေသည်။ သူဂစ်တာထိုင်တီး ခဲ့သော အိမ်ရှေ့မှ အုတ်ခုံလေးသည် မိုးရေတိုက်စားမှု ဖြင့်ပြိုယွင်း နေပြီ။

ဟောင်းသော်လည်း အရင်အတိုင်း မဖြစ်ပြီ။ သစ်တိုင်းလည်း မကောင်းခဲ့ပြီ။ သူဘယ်သူ့ကို အပြစ်တင်ရမည် မသိ။ အရင်က အိမ်သည် မရှိတော့ပြီ။ အမေနှင့် အဖေသည် သူပြန်လာသည့် အတွက် ၀မ်းသာ၍ မဆုံး။ အမေသည် သူကြိုက်သော ဟင်းများကို တစ်မျိုးပြီး တစ်မျိုးပြီး ချက်ကျွေးရင်း ပျော်နေတော့သည်။ သူပြန်လာရသည်ကို ပျော်သော်လည်း သူသည် အိမ်သို့ပြန်မရောက် ခဲ့တော့ပြီ။ အရင်က သူတွယ်တာခဲ့သော အိမ်ကို ဘယ်တော့မှ ပြန်မရောက်နိုင်ပြီကို သူရေးရေး နားလည်လာသလို။ အတိတ်ကို ပြန်မရနိုင် သလို၊ သူ့ငယ်ဘ၀ကို ပြန်မရနိုင် သလို၊ သူ့စိတ်တွင်းမှ အိမ်ကလေးသည် ဟိုးအဝေးမှာ ကျန်ခဲ့ပြီ။ သူသည် အိမ်ကလေးနှင့် အတူ ပြောင်းလဲခဲ့ခြင်း မဟုတ်။ သူ၏ အပြောင်းအလဲ များကိုလည်း အိမ်ကလေးက မသိခဲ့။ ထို့ကြောင့် သူနှင့် အိမ်ကလေးသည် ဝေးကွာခဲ့ပြီ။

အဇ္ဇျတ္တတွင် စွဲငြိမှု မရှိတော့ပြီမို့ သူ့တွင်အိမ်မရှိ တော့ပြီလား။ ဒီလိုနဲ့ပဲ သူ့မှာ ကိုယ်ပိုင်အိမ်မရှိကြောင်း တဖြည်းဖြည်း သဘောပေါက် လာခဲ့သည်။

6 comments:

ကလိုစေးထူး said...

ဖတ်လို့ကောင်းတုန်းပဲ ရှိသေး...၊ စာက ဆုံးသွားပြီဆိုတော့ မဆုံးသေးဘူးလားလို့ သေသေချာချာ ပြန်ကြည့်မိတော့လဲ စာရေးသူက တကယ်ကိုပဲ ရပ်ထားလိုက်ပြီ။ ဒါပေမယ့် ရေးချင်နေတဲ့ အကြောင်းအရာတွေ စိတ်ထဲမှာ ရှိနေသေးတယ်လို့တော့ ထင်မိသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ...၊ ပို့စ်အတင်ကျဲလှတဲ့ ပုံရိပ်ခေါ် ပုံပျောက် တယောက် ပို့စ်အသစ် ပြန်တင်တာကို ၀မ်းမြောက်ဝမ်းသာ ကြိုဆို ဖတ်ရှုသွားပါကြောင်း...။
မိုက်ဖော်မိုက်ဖက်
ကလိုစေးထူး

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

အိမ်ပျောက်သူ နောက်တစ်ယောက် လာအားပေးပါတယ်။ ဖတ်လို့ကောင်းတဲ့ အသစ်လေး ရေးပြီး တင်ပေးလို့ ကျေးဇူးပါ။

ပန်းခရမ်းပြာ said...

>>> ရိုးစင်းမှုကို သူမမှုသော်လည်း ခြောက်သွေ့မှုကို သူမုန်းမိသည်။

ခြောက်သွေ့ခြင်းတွေ ကင်းစင်တဲ့ အိမ်လေး အမြန်ရှာတွေ့ပါစေ ....

ပုံရိပ် ဘလော့ကို ဟိုးအရင်က ရောက်ဘူးတယ်။ "လဲလှယ်ခြင်းသီးခံပါ" ကို အရမ်းကြိုက်တယ်။ ဘလော့ရဲ့ လင့်ကိုမှတ်မထားလိုက်မိဘူး။ မွှေနှောက်ရှာနေတုန်း ကိုယ့်အိမ်ကို ရောက်လာလို့ အရမ်းဝမ်းသာသွားတာပဲ။

ပီတိ said...

တလတခါရေးတာကို နည်းတယ်လို့ပြောမလို့ပဲ… ဒါပေမယ့် ဒီလိုစာကောင်းလေးတွေဖတ်ရတော့လည်း စောင့်ရကျိုးနပ်ပါတယ်။ များများပဲရေးခိုင်းရမလား ဒီလိုလေးပဲ ထားလိုက်ရမလား မသိတော့ပါဘူး ပုံရိပ်ရေ…

ဖတ်လို့ကောင်းတဲ့အပြင် ကိုယ့်ကိုတောင် စောင်းပြီးရေးထားသလားထင်မိတယ်။

ဆက်လုပ်မိုက်ဘော်…း)

ပုံရိပ် / Pon Yate said...

ကိုစေးထူး ပြောတာ ဟုတ်ပါတယ်။ ပြောစရာရှိတဲ့ အကြောင်းအရာတွေ အားလုံးကို မပြောဘဲ ထားလိုက်တဲ့ အတွက် စာဖတ်သူရဲ့စိတ်ထဲ ဆက်တွေးစေ မလားလို့ ထားလိုက်တာပါ။
မရွှေဂျမ်း.. တနေ့တော့ အိမ် ပြန်တွေ့မှာပါ။
မခရမ်းပြာ.. အားပေးသူ မိတ်ဆွေဟောင်းများကို ပုံရိပ် ဘလောက်မှ ကြိုဆိုနေပါတယ်။
ကိုပီတိ…. တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ။ :p တည့်တည့်ရေးတယ်လို့သာ သဘောထားလိုက်တော့။

layma said...

ပုံရိပ် ရေးထားတာဖတ်ပြီး.. လေးမ မှာရော အိမ် ဘယ်နှစ်လုံး ပိုင်ဆိုင်ခဲ့ဖူးလဲ လို့  ပြန်တွေးနေမိတယ်..။