Wednesday, 11 February 2009

လွယ်လွယ် (ဒုတိယပိုင်း)

နောက်တစ်နေ့ ရုံးအပြန်မှာ မျက်နှာချင်းဆိုင် အခန်းအကြောင်း မေ့သလောက် ရှိခဲ့ပြီ။ လက်ဖက်ရည် တစ်ခွက်နှင့် ပဲပလာတာ တစ်ချပ်နှင့် ညနေစာကို ဖြေရှင်းပြီး ချိန်မှာ ပြတင်းပေါက်ဆီမှ မြင်နေကျ မဟုတ်သော မြင်ကွင်းကို တွေ့လိုက်ရသည်။

မျက်နှာချင်းဆိုင် အခန်း၏ ရှည်မျောမျော ပြတင်းပေါက်တွင် မိန်းကလေးတစ်ယောက် ရပ်နေ၏။ လမ်းကျယ်တစ်လမ်းခြားသည်မို့ မိန်းကလေး၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပါ။ သူ့ထက် ငယ်ပုံရသည်။ ကိုယ်နေဟန်ထား သွယ်ပျောင်းပုံ ရှိသည်။ ပြတင်းပေါက်ကို မှီကာ ရပ်နေသော သူ့ပုံက ငယ်ရွယ်သည့်ဟန်။ အသက်နှစ်ဆယ် ၀န်းကျင်လောက်သာ ရှိနိုင်မည် ထင်သည်။ ထို့ထက်လည်း ကြီးနိုင်ပါသည်။ အလွန်ဆုံး ငါးနှစ်လောက်ပေါ့။ ဆံပင်ရှည်ရှည်ကို ဒီအတိုင်း ဖြန့်ချထားသည်။ အ၀တ်အစားမှာ လွတ်လပ်ပေါ့ပါးသည်။ အပွင့်လေးများပါသော ခပ်ပွပွ အင်္ကျီ တစ်ထည်သာ ဖြစ်သည်။ ပြတင်းပေါက်မှာ ရှည်သော်လည်း ခါးလောက်ထိသာ မြင်ရသည်။ အိမ်အောက်ထပ်တွင် ကစားနေသော ကလေးတို့ကို စိတ်ဝင်တစား ကြည့်နေ၏။ ကစားနေရာမှ ကလေးတို့ ငြင်းခုံနေကြ၏။ မိန်းကလေးက သူတို့ကိုကြည့်ရင်း ကိုယ်လေး လှုပ်ခါအောင် ရယ်နေသည်။ သူကတော့ မိန်းကလေးဘာကို ရယ်နေသည်မှန်း နားမလည်နိုင်။ ပျင်းစရာကောင်းသော လောကကြီးထဲတွင် ရယ်စရာ ဆိုတာ ရှိပါသေးသလား။ သူကျတော့ ဘာကြောင့် နည်းနည်းလေးမှ မရယ်ချင်ပါလိမ့်။

သူတံခါးကို ဂျိန်းကနဲ မြည်အောင် ဆောင့်၍ ဆွဲပိတ်လိုက်သည်။

xxx

ထို့နောက် ညနေများတွင် သူ မိန်းကလေးအား စောင့်ကြည့်မှန်း မသိ ကြည့်နေခဲ့မိသည်။ တကယ်တော့လည်း နိစ္စဓူဝ ကိစ္စများမှ လွဲ၍ ဘာမျှ စိတ်ဝင်စားစရာ မရှိသော လူတစ်ယောက်အဖို့တော့ လုပ်မိလုပ်ရာ လုပ်တယ်ဟုလည်း ဆိုနိုင်ပါသည်။ သူ့စိတ်ထဲမှာ ကောင်မလေးကို ဘယ်အချိန်က လွယ်လွယ် ဟူသော နာမည် ခေါ်မိသည် မသိ။ ငိုလွယ် ရယ်လွယ်သော မိန်းကလေး။ စိတ်ဝင်စားလွယ်သော မိန်းကလေး။ ဒီလိုနှင့် သူ လွယ်လွယ့်ကို တိတ်တခိုး ကြည့်ရသည်မှာ အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ ကံကောင်းသည်မှာ အခန်းဆီးကြားမှ ထိုင်နေလျက်နှင့်ပင် လွယ်လွယ်၏ ပြတင်းပေါက်ကို မြင်နေရခြင်းပင်။

လွယ်လွယ့်ကို စာဖတ်ရင်းလည်း တွေ့ရတတ်သည်။ စာဖတ်ရင်း ရယ်နေတတ်သလို စဉ်းစားနေတတ်သည်ကိုလည်း တွေ့သည်။ ဟာသ၀တ္ထုဖတ်သည့် အခါလည်း ဖတ်၍ လေးနက်သော အချစ်ဝတ္ထု ဘ၀ ၀တ္ထုတွေ ဖတ်တာလည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် ကဗျာတွေ ဖတ်ကာ စဉ်းစားနေတာလည်း ဖြစ်နိုင်ပါသေးသည်။ သူကတော့ ကဗျာတွေ ၀တ္ထုတွေကို ခံစားရတာ ဘယ်လိုနေသည်ကို သိဖို့နေနေသာသာ မဖြစ်မနေ ဖတ်ရသော ကျောင်းစာမှ လွဲ၍ ကဗျာတစ်ပုဒ်၊ စာတစ်အုပ်ကို ဆုံးအောင် ဖတ်ဖူးသည့်သူ မဟုတ်။ ထိုစာများက သူရှာမရသော ဘ၀အဓိပ္ပာယ် ဆိုတာကို ပေးပါသလား။ ကောင်မလေးတော့ ဖတ်ပြီးရယ်လိုက် စဉ်းစားလိုက် လုပ်နေတာ တွေ့တာပဲ။ တတ်လည်း တတ်နိုင်ပေသည်။

တခါတရံ သီချင်း နားထောင်နေဟန် ရှိသော လွယ်လွယ့်ကို တွေ့ရသည်။ သူ့အခန်းမှ လေသင့်လျှင် ခပ်သဲ့သဲ့သာ ကြားနိုင်သော သီချင်း။ ချစ်သူကို ကြည့်မ၀သည့် အကြောင်း ဖွဲ့ထားသော အချစ်သီချင်း တစ်ပုဒ်ပဲ။ သူတော့ ခံစားရ၍ မရပါ။ ပိုလွန်းတယ်ဟု သူငြူစူစွာ တွေးသည်။ သီချင်းထဲမှလို သူတခါမှ မခံစားဖူးပါ။ ဒါပေမယ့် အခုတော့ လွယ်လွယ့်ကို ညနေတိုင်း သူကြည့်မိနေသည်ပဲ။ သီချင်းထဲကလို မဟုတ်သည်တော့ သေချာသည်။ သူသည် ခံစားချက် ချွတ်ယွင်းသော ရောဂါများ ဖြစ်နေ ပါသလားဟု ကြံကြံဖန်ဖန် တွေးဖြစ်သေးသည်။ လွယ်လွယ်ကတော့ ကိုယ်လေးကို ယိမ်းကာ စည်းချက်လိုက်ကာဖြင့် အားရပါးရ လိုက်ဆို နေ၏။ လွယ်လွယ့် အသံကို သူမကြားရပါ။ ပါးစပ်လှုပ်တာသာ မြင်ရသည်။

လွယ်လွယ်သည် ပြတင်းပေါက်နား ထိုင်၍ သိုးမွှေးလည်း ထိုးနေတတ်သေးသည်။ လွယ်လွယ့် လက်ထဲတွင် ထိုးနေသော အရာမှာ ပ၀ါလား အင်္ကျီလား ဆိုတာကိုတော့ သူမသဲကွဲ။ ချည်တို့ ရှုပ်ထွေးလျှင် အလိုမကျသည့် ဟန်ဖြင့် ထိုးထားသမျှကို ဆွဲဖြုတ်ပစ်တတ်သည်။ ထိုအခါ ပြတင်းနားတွင် သူစိုက်ထားသော ပန်းပင်လေးများကို ရေထလောင်းရင်း ပျော်နေပြန်ပါသည်။ လွယ်လွယ့် အတွက် စိတ်ဝင်စားစရာတွေ များလှပါတကား။ လွယ်လွယ့်ကို ကြည့်မိတိုင်း စိတ်ဝင်စားရကောင်းသည့် အရာများကို အဘယ်သို့ စဉ်းစားမိပါသနည်းဟု သူသေသေချာချာ တွေးနေမိသည်။ မည်သို့ဆိုစေ လွယ်လွယ် ပြောင်းလာပြီးနောက် သူ့ညနေခင်းများမှာ ပျင်းစရာ မကောင်းတော့ကြောင်း သူဝန်ခံရပေမည်။

အချို့ညနေများမှာတော့ လွယ်လွယ့်ကို မတွေ့ရတတ်။ ပြတင်းပေါက်နားမှာ ခဏသာ လာရပ်၍ အ၀တ်လှန်းသည်ကို တွေ့သည်။ သူလှန်းသော အ၀တ်များမှာ လက်သုတ်ပ၀ါ၊ မျက်နှာသုတ် ပ၀ါ စသည်ဖြင့် ပေါ့ပေါ့ပါးပါး အ၀တ် အချို့သာ ဖြစ်သည်။ မိုးရွာလျှင် ကမန်းကတန်း အ၀တ်ကို ရုတ်သည်။ တဖွဲဖွဲ ကျလာသော မိုးစက်လေးများကို လက်နှင့် ခံယူရင်း ကျေနပ်နေပုံရသော လွယ်လွယ့်ကို သူမနာလိုဖြစ်ရပြန်သည်။ ကိုယ်အပေါ်ပိုင်း မိုးရေစိုတော့မှ ပြတင်းပေါက်ကို ပိတ်မည် ပြုသည်။ တကိုယ်လုံး မိုးရေစိုသည် အထိများ နေဦးမှာလား ဟုသူ မလိုတမာ ရေရွတ်လိုက်သည်။ တကိုယ်လုံး ဆိုတော့မှ သူဖျတ်ကနဲ တွေးမိသည်။ လွယ်လွယ့်ကို ကိုယ်တပိုင်းသာ မြင်ဖူးခဲ့သည်။ လှုပ်ရှားဟန်ကို မြင်ရသော်လည်း လွယ်လွယ့် ခြေထောက်များကို တခါတရံမျှ မမြင်ဖူးကြောင်း သူအခုမှပင် သတိထား မိသည်။

ထိုအခါသူ့စိတ်ထဲ ထူးဆန်းသော ဆန္ဒတစ်ခု ဖြစ်ရသည်။ လွယ်လွယ့်ကို လူတစ်ယောက်အနေနှင့် မြင်ဖူးချင်သည်။ ပြတင်းပေါက် တစ်ပေါက်မှ အရိပ်ထက် ပို၍ မြင်ဖူးချင်သည်။ ထိုကဲ့သို့သော မိန်းကလေးတွင် ဖျတ်လတ်သော ခြေထောက်များ ရှိရမည်။ လှပ၍ နုနယ်သော ဖိနပ်ကို စီးလျက် လွတ်လပ်စွာ လမ်းလျှောက်တတ်သူ ဖြစ်ရမည်။ သူ့ အတွေးထဲတွင် လွယ်လွယ့်ကို လမ်းလျှောက် ခိုင်းကြည့်နေမိသည်။

ထိုသို့တွေးမိပြီးနောက် သူ့အတွက် အလုပ်တခု ရလာသည်။ ထိုအလုပ်မှာ မနက် ရုံးတက်ချိန်၊ ညနေရုံးဆင်းချိန်နှင့် ပိတ်ရက်များတွင် လွယ်လွယ်၏ တိုက်အောက်ထပ် လှေကားရင်းကို ကြည့်တတ်ခြင်း ပင်တည်း။ လွယ်လွယ် ဈေးသွားချိန်ကို တွေ့လေမလား၊ ကျောင်းသွားချိန်ကို တွေ့လေမလား…။ သူ့အဖြစ်မှာ ရယ်စရာ ကောင်းနေသော်လည်း သိချင်စိတ်ကို သူမချုပ်တည်းနိုင်ပါ။

(ဆက်ရန်)

10 comments:

မဇနိ said...

စောင့်ဖတ်နေပါတယ်

ဇနိ said...

I am also waiting for your next post.
KZN

Moe Cho Thinn said...

သိချင်စိတ်ကို သူမချုပ်တည်းနိုင်ပါ ဆိုတဲ့ နောက်ဆုံး စာသားလို ဖြစ်နေပါပြီ..:)

P.Ti said...

မနေနိုင်တော့လို့ မှတ်ချက်ရေးပါသည်... မြန်မြန်ရေးပါဗျို့

မီယာ said...

ဆက်ရေးနော်

ပုံရိပ် / Pon Yate said...

မနိ ကိုနိ ရေးနေပါတယ် :)
မချိုသင်း ကိုပီတိ မမီယာ နှစ်ရက်သုံးရက်လောက်တော့ စောင့်ပါနော် :D
အားလုံးပဲ ခုလို လာအားပေးတာနဲ့ ရေးချင်စိတ် ပိုပေါက်လာပါတယ်။ အဆုံးသတ်ရင်တော့ အဖျားရှူးမလား စိုးရိမ်မိတယ်။

nu-san said...

ပုံရိပ်က စာရေးကောင်းတယ်.. အသေးစိတ်ရေးထားတာ ဖတ်နေရင်းက လွယ်လွယ့် လှုပ်ရှားမှုတွေကို မျက်လုံးထဲပါ မြင်ယောင်လာတယ်..

ပထမပိုင်းဖတ်ပြီးတော့ တိတ်တိတ်လေး နေလိုက်သေးတယ်... ဒုတိယပိုင်းဖတ်ပြီးတော့ ဆက်ဖတ်ချင်လာတယ်.. “ဖတ်ချင်စိတ်ကို ချုပ်တည်းမရတော့ပါ”လို့ ပြောရမလိုပါပဲ... :D

သက်ဝေ said...

စိတ်ဝင်စားစွာ ဆက်စောင့်နေပါတယ်....

တန်ခူး said...

လွယ်လွယ့်ခြေထောက်လေးတွေကို သူနဲ့ အတူ တို့ ပါမြင်ချင်လာပြီ…
စာရေးဆရာမလေးရယ် မြန်မြန်ပြပါတော့ဗျို့ ….

ပုံရိပ် / Pon Yate said...

မနုစံ မသက်ဝေ မတန်ခူး လာအားပေးတာ ကျေးဇူးနော်။ ဒီရက်ပိုင်း နည်းနည်း အလုပ်များနေလို့ ပိတ်ရက်မှာတော့ တင်ဖြစ်မှာပါ။ စိတ်ထဲမှာ ရှိပေမယ့် ချမရေးဖြစ်သေးလို့။