Friday, 20 February 2009

ကွေးညွှတ်သွားသော ပုံရိပ်များ (ဇာတ်သိမ်း)

ဘယ်လိုတွေ ဖြစ်ကုန်ပါလိမ့်ဟု တွေးနေရင်း ပုံရိပ် ဆက်လျှောက်လာတော့ ဈေးသည် တစ်ဦး၏ ထူးထူးဆန်းဆန်း အော်သံကို ကြားရ၍ ရပ်ပြီး နားထောင်နေလိုက်သည်။ တဖြည်းဖြည်း အနားကပ်လာတော့ ပီပီပြင်ပြင် ကြားရပြီ။ ဘ၀အဟောင်းတွေ ၀ယ်တယ်၊ ပဲကြီးလှော်နဲ့ လဲတယ်တဲ့။ ဈေးသည်ကြီးက အနားကပ်လာတော့ ပုံရိပ် လှမ်းခေါ်လိုက်သည်။

“ဗျိုး ဈေးသည်ကြီး။ လာပါဦး။”

“ဟား အမားလေး။ ဘ၀ါးအဟောင်း ရောင်းမလို့လား။”

“မဟုတ်ပါဘူး။ မေးစရာလေး ရှိလို့ပါ။ ဘ၀အဟောင်း ၀ယ်တယ်ရယ်လို့ တခါမှ မကြားဖူးပါဘူး။ ဘယ်လိုကနေ ဘယ်လို…။”

“ဒီလိုရှိတယ် အမားလေး…။ ကုလားနော် အရင်က သတင်းစာ အဟောင်းတွေ ၀ယ်တယ်။ တနေ့တော့ ဘလောင်းဆိုတာ ဖတ်ရင်း ပုံးရိပ် ဆိုတဲ့ ဘလောင်းမှာ လဲလှယ်ခြင်း သည်းခံပါတဲ့။ တွေ့တယ်လေ။ ဘ၀ါးတွေ လဲတယ်ပေါ့။ အဲဒါနဲ့ ကုလားလဲ အကြံရပြီး ဈေးကွက် စီးပွားရေး ချဲလိုက်တာပဲ။ ကဲ သွားလိုက်ဦးမယ်။ ဘ၀ါး အဟောင်းတွေ ၀ယ်တယ်နော။ ပဲကြီးလှော်နဲ့ လဲတယ်နော။”

ပုံရိပ် ဘာမျှ မပြောနိုင်ဘဲ မင်သက်လျက် ကျန်ရစ်သည်။ လူကိုများ ပုံးရိပ်တဲ့။ ထိုခဏမှာ မိုးတို့ သည်းကြီးမည်းကြီး ရွာချလာသည်။ ထီးလည်း ပါမလာသည်မို့ ပုံရိပ် နီးစပ်ရာ သစ်ပင်တစ်ပင်အောက်သို့ ပြေးလာမိသည်။ ထိုအချိန်မှာ ရဲရဲနီသော အလံတစ်ခုကို ကိုင်လျက် လူငယ်လေးတစ်ယောက် ပုံရိပ်ဆီ ပြေးလာသည်။ သူ့တကိုယ်လုံးမှာရော အလံပါ မိုးရေတို့ စိုရွဲလျက်။

“အစ်မ… ကျွန်တော့် အလံအောက်ကို ၀င်လိုက်။ မိုးကာတယ်။”

သူက အလံကို မိုးလျက် ပုံရိပ်နှင့် အတူ သစ်ပင်အောက်သို့ ပြေးလာခဲ့သည်။ သစ်ပင်အောက် ရောက်တော့မှပင် စကားပြောနိုင်သည်။

“ပြန်တွေ့ရတာ ၀မ်းသာတယ်။ မိုးကလည်း ကောင်းလိုက်တာနော်။”

ထိုအခါ လူငယ်လေး ပြန်ပြောသော စကားကြောင့် ပုံရိပ် ပြုံးမိသည်။ မိုးဆိုတာ တားလို့ရနိုင်တဲ့ အရာမှ မဟုတ်ဘဲလေ တဲ့။ ပုံရိပ်တို့ မိုးခိုနေရာသို့ မိန်းကလေးနှစ်ယောက်လည်း ပြေးဝင်လာသည်။ တစ်ယောက်က ဖိနပ်လေး တစ်ဖက်သာ ပါသည်။ တစ်ဖက်က ဘယ်မှာ ကျွတ်ကျန်ခဲ့သည် မသိ။ ဖိနပ်လေး တစ်ဖက်သာ ပါသာ မိန်းကလေးက သူ့အဖော်ကို လှမ်းပြောသည်။

“မိုးရေ မိုးခိုမယ့် အတူတူ တို့တွေ ကော်ဖီဆိုင်ကို သွားကြရအောင်လား။”

မိုးဆိုသော ကောင်မလေးက ပြန်ပြောသည်မှာတော့ မှတ်သားစရာ။

“ငါကော်ဖီဖိုး သုံးထောင် မတတ်နိုင်ဘူးဟာ။ ပြီးတော့ နင်လည်း ဖိနပ် အရင် ၀ယ်လိုက်ပါဦး။”

“ဒါဖြင့် နင့်တိုက်ခန်းကို သွားမယ်လေ မိုးရယ်။”

ငါ့တိုက်ခန်းလေး ထဲမှာလည်း မိုးတွေရွာနေတယ်လေ။

သြော်… သူကိုးဟု ပုံရိပ်ပြုံးနေလိုက်သည်။ ပုံရိပ်တို့လို သစ်ပင်၏ တစ်ဖက်တွင် မိုးခိုနေကြသူ အချို့ကို စပ်စုကြည့်တော့ အဖြူရောင် ကင်းဗတ်ကို ကိုင်ထားသော ပန်းချီဆရာယောင်ယောင် လူတစ်ယောက်က သူ့ကင်းဗတ်လေးကို ကြည့်၍ ငေးနေသည်။ ပေါင်မုန့်ထုပ် မျိုးစုံကို မနိုင်မနင်း သယ်ထားသော လူတစ်ယောက်က သူ့မိန်းမ ဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက်နှင့် ရန်ဖြစ်နေပုံရသည်။ နားစွန်နားဖျား ကြားရသည်က ဘာတဲ့…။ မင်းက ရွေးရွေးလို့ မပြီးနိုင်တော့ဘူး တဲ့။ ဆိတ်ဆိတ်နေသည်သာ အကောင်းဆုံး ဖြစ်မည်ဟု ပုံရိပ် ဆုံးဖြတ်လိုက်သည်။

“မိန်းမတွေဟာ သစ္စာ မရှိဘူး။ ကော်ဖီကပဲ သစ္စာရှိတယ်။ အဲဒီတော့ ကော်ဖီသောက်တာပဲ ကောင်းတယ်။ ကော်…ဖီ…သောက်…တာပဲ… ကောင်းတယ် ဟေ့။”

မိုးခိုနေသူ အားလုံး လှည့်ကြည့်ကြတော့ starbuck ကော်ဖီခွက်လေးကို ကိုင်ထားသော လူတစ်ယောက်။ ကော်ဖီမူးနေသော လူတစ်ယောက်။

“ငါ့ကို ကော်ဖီတွေချည်း လှိမ့်သောက် ခိုင်းတဲ့ ပုံရိပ်ဆိုတဲ့ သတ္တ၀ါကိုလည်း မကျေနပ်ဘူးဟေ့။”

ပုံရိပ်တစ်ယောက် လိပ်ပြာမလုံချင်တော့။ ဘေးနားမှ အလံနှင့် လူငယ်လေးက ပြုံးပြရင်း အားပေးသည်။ အစ်မစိတ်မပူနဲ့။ ဘယ်သူမှ အစ်မကို ပုံရိပ်မှန်း မသိဘူးတဲ့။ တော်ပါသေး၏။ ကော်ဖီမူးနေသူလည်း ယိုင်ထိုးယိုင်ထိုးနှင့် မိုးဖွဲဖွဲထဲမှာ ဆက်လျှောက်သွားသည်။

မိုးတိတ်သော အခါ ပုံရိပ်လည်း ခရီးဆက်ခဲ့သည်။ ထိုအချိန်မှာ ပုံရိပ်နှင့် မျက်နှာချင်းဆိုင် လျှောက်လာသော အမျိုးသမီးတစ်ယောက်ကို တွေ့သည်။ သေချာကြည့်တော့ အမျိုးသမီး ဆံပင်တွေက မညီမညာ။ ပုံရိပ်ကိုတွေ့တော့ လှမ်း၍ သတိပေးသည်။

“အစ်မ ဒီမြို့ထဲကို ၀င်ရင် သတိထားနော်။”

“ရှင်… ဘာဖြစ်လို့များပါလိမ့်။”

“ဒီမြို့မှာ လူတစ်ယောက်က ကတ်ကြေးတစ်လက်နဲ့ ဆံပင်တွေ လိုက်ညှပ်နေတယ်။ မညှပ်ချင်ပါဘူးလို့ ပြောလည်း မရဘူး။ အခု ကျွန်မ ဆံပင်ကိုသာ ကြည့်ပေတော့။ ပြီးတော့ ပါးစပ်ကလည်း အော်သေးတယ်။ ဖြတ်ချင်ဖြတ် မဖြတ်ချင်နေတဲ့။ အဲဒီလူကို တွေ့ရင် ကြည့်သာ ရှောင်ပေတော့။”

သြော်… ပုံရိပ်ရေ ကိုယ့်အတပ်နဲ့ ကိုယ်သာ စူးပေတော့ဟု စိတ်ထဲက အော်လိုက်သည်။

xxx

ရုံးလိုလို ဘာလိုလို နေရာလေး တစ်ခုမှာ လူတွေစုစု တွေ့နေရသည်။ ပုံရိပ်လည်း ကိုယ့်ဇာတ်ကောင်များနှင့် တွေ့လိုတွေ့ငြား ၀င်၍ စပ်စုကြည့်သည်။ ထိုအချိန်မှာ လူစုထဲက မျက်တွင်းချောင်နေသော ကောင်မလေးတစ်ယောက်က ဒေါကြီးမောကြီးနှင့် ပြောနေသည်။

“စဉ်းစားကြည့်ကြ စမ်းပါဦးရှင်။ သူမအိပ်ချင်သေးပါ၊ သူမအိပ်ချင်သေးပါ ဆိုပြီး ကျွန်မကို မအိပ်ခိုင်းတာ ဘယ်နှစ်ည ရှိပြီလဲ။ သူ့ဟာသူ လျှောက်ရေးချင်တိုင်း ကျွန်မမှာ အိပ်ရေးပျက်လှတယ်။”

ထိုကောင်မလေးပြီးတော့ နောက်ကောင်မလေး တစ်ယောက်။

“ကျွန်မနာမည်ကိုလည်း လွယ်လွယ်လို့ ပေးတယ်။ အဲဒီတော့ သူများနောက်စရာ ဖြစ်နေပြီ။ လမ်းလျှောက်သွားရင် ကျွန်မကို ကောင်လေးတွေက ဟေ့ ခက်ခက်…ခက်ခက်လို့ စကြတယ်။ အဲဒါ မကျေနပ်ဘူး။”

နောက်တစ်ယောက်ပြီးတော့ နောက်တစ်ယောက်။

“ကျွန်မကိုတော့ ဘတ်စ်ကားပေါ်က ချော်ကျခိုင်းတယ်။ ကြည့်ပါဦး ဒဏ်ရာတွေကို။ ပြီးတော့ လူကိုလည်း စွပ်စွဲလိုက်သေးတယ်။ မျောက်စိတ်တဲ့။”

“ကျွန်မကိုတော့ ငါးပိကြော်တွေချည်း စားခိုင်းတာ သွေးတောင် တက်ချင်နေတယ်။ ဟွန်း…မကျေနပ်ဘူး။”

ဒီကြားထဲ ရှဥ့်လေးတစ်ကောင် ရောက်လာသည်။

“ကျွန်တော့်ကိုတော့ ကားအောက်မှာ ပြားတဲ့ အဟင့်ဟင့်….။” ဆိုကာ ငိုနေလေ၏။

အခြေအနေမကောင်းတော့လည်း တပ်ဆုတ်ကာ ပြန်ခဲ့လေတော့သည်။

xxx

တနေ့တာ ကုန်ဆုံးတော့ မောမောနှင့် ပုံရိပ်တစ်ယောက် အိမ်ဖက်ကို ပြန်လှည့်လာခဲ့သည်။ အိမ်ရောက်တော့ စောင့်နေသော ကိုပုံရိပ်ကိုတွေ့သည်နှင့် ၀မ်းသာသွားသည်။

“ပုံ ပြန်လာပြီလား။ ကိုယ်စောင့်နေတာ ကြာပြီ။”

“ဘလောက် စနည်းနာ ထွက်တာ ကိုရယ်။ မောလိုက်တာ။ ပုံရိပ် ဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေက ထင်သလို မဟုတ်။ ဘာတွေ ဖြစ်ကုန်တယ် မသိ။”

“ဒီလိုပေါ့လေ။ တခါတလေ ကိုယ်ဖန်တီးတဲ့ အရာတွေက ကိုယ်ဖန်တီးတဲ့ အတိုင်း ဖြစ်ချင်မှ ဖြစ်တယ်။ စိတ်မညစ်ပါနဲ့။”

ပုံရိပ်လည်း သူ့ဘေးမှာ ၀င်ထိုင်လိုက်၏။ သူ့လက်ထဲမှာ အနီရောင် ဖဲကြိုးလေးနှင့် အထုပ်လေး တစ်ထုပ်။

“ဒါ ပုံ့ အတွက် လက်ဆောင်။”

ပုံရိပ်လည်း ပျော်သွားပြီး အထုပ်လေးကို ဖွင့်ကြည့်သည်။

ရီဆက်ရှင်းနဲ့ စီးပွားရေးကလည်း ကျတော့ နှင်းဆီပန်းတော့ မပေးနိုင်ဘူး။ အဲဒါအစား လမ်းမှာ ခူးခဲ့တဲ့ ခွေးသေးပန်းလေးတွေ။ ချောကလက်မ၀ယ်နိုင်တော့ အိမ်က ပို့လိုက်တဲ့ ထန်းလျက်ခဲတွေ ယူလာခဲ့တယ်။ မြန်မာ ဆန်ဆန်လေးပေါ့။”

ပုံရိပ်လည်း ခွေးသေးပန်းတွေကို မွှေးရင်း ထန်းလျက်ခဲလေး မြုံ့ရင်းဖြင့် ကိုပုံရိပ်ကို ပြုံးပြီး ကြည့်နေလိုက်သည်။ ထိုအချိန်တွင် ပုံရိပ်ဘလောက်မှ ဧည့်စာရင်းသည်လည်း ၇၃၉၃ သို့ တက်သွားလေတော့သတည်း။

(တစ်နှစ်ပြည့် မွေးနေ့ မလုပ်လိုက်ရတဲ့ ဘလောက်လေး အတွက်။ ဘာရယ်မဟုတ် စိတ်ထဲ ပေါ်လာတာလေးကို ပြုံးစေ ပျော်စေ ရေးဖြစ်ပါတယ်။)

15 comments:

P.Ti said...

၇၃၉၄ မြောက် ဧည့်သည်လာလည်သွားပါသည်။

ပုံရိပ်နဲ့အိုင်ဒီယာကို သဘောကျမိပါတယ်...

တစ်ခါတည်းတင်ရင်ရသားနဲ့ အပိုင်းလိုက်ခွဲတင်တာကတော့ လူလည်ကျတာပါပဲ... :P

ဇနိ said...

link တွေအကုန်လိုက်နှိပ်သွားတယ်... အော် မှတ်မှတ်ရရတွေ များသကိုး

nu-san said...

ပုံရိပ်က အတွေးရော အရေးပါ ကောင်းတယ်.. ကိုယ့်ရေးခဲ့တဲ့ ပို့စ်ခေါင်းစဉ်တွေကို တစုတစည်းထဲ ပို့စ်တခုအဖြစ် ပြန်ရေးဖြစ်တယ် ပြန်ရေးနိုင်တယ်ဆိုတာ သိပ် မလွယ်လှဘူး.. စာရေးကောင်းတာ အားကျတယ်.. :)

နောင်လည်း ပို့စ်တွေ အများကြီး ရေးနိုင်ပါစေ.. :)

သက်ဝေ said...

ချစ်စရာကောင်းလှတဲ့ ပုံရိပ်ရဲ့စာတွေထဲမှာ တကယ်ပဲ ပျော်ပျော်ပါးပါး မျောပါသွားပါတယ်...
ပုံရိပ်ရဲ့ ဘလော့ဂ်လေး
တစ်နှစ်မြောက်မွေးနေ့မှသည်
နောင်နှစ်ပေါင်း များစွာသို့
ပိုစ့်အသစ်တွေ အများကြီးနဲ့ လျှောက်လှမ်းနိုင်ပါစေ...

မီယာ said...

ကောင်းလိုက်တာနော် တစ်နှစ်ပြည့် အမှတ်တရကို ရေးထားလိုက်တာ...

pandora said...

အစုံသုပ်ပို့စ်လေးနဲ့ တစ်နှစ်ပြည့်ပုံရိပ်ရဲ့ လက်ရာတွေ ဘလော့ဂ်ထဲမှာ အများကြီး ဆက်ထင်ဟပ်နိုင်ပါစေ။

ပုံရိပ် / Pon Yate said...

ကိုပီတိ နှစ်ခါ လာဖတ်လိုက်ရတာ စိတ်မကောင်းပါဘူး။ လူလည်ကျတာ မဟုတ်ပါ။ အချောမသတ်ရသေးလို့။ ဒါပေမယ့် စိတ်ပြောင်းပြီး အိပ်ရေးပျက်ခံပြီး အပြီးအထိ အချောသတ်လိုက်တာ။ ကိုပီတိဆီက မှတ်ချက်နှစ်ခု ရတာပေါ့။ ဟဲဟဲ။ ၇၃၉၄ မြောက် ဧည့်သည်ကို ထန်းလျက်ခဲ နဲ့ဧည့်ခံပါတယ်။

ကိုဇနိ မှတ်မှတ်ရရလေးတွေ ကိုပြန်ပြီးစုစည်း ထားတာပါ။ အကုန်လုံးတော့ မထည့်လိုက်နိုင်ဘူး။

မနုစံ ကျေးဇူးပါ။ အစ်မ ဆုတောင်းသလို ရေးနိုင်ပါစေ။ :)

မသက်ဝေ ပျော်ပျော်ပါးပါး ဆိုတဲ့ ရယ်စရာ ရသလေး ရရင် ကျေနပ်ပါပြီ။ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။

မမီယာ ခုလို အားပေးတာ ကျေးဇူး။ အမှန်က နှစ်နှစ်တောင် ပြည့်တော့မယ်။ ခုမှ စိတ်ကူးပေါက်ပြီး ထရေးတာ :D

မပန်ရေ အသုပ်စုံပို့စ် ပြီးရင် မုန့်ဟင်းခါးပို့စ်၊ မုန့်တီပို့စ်တွေလည်း ဆက်လက်ထင်ဟပ် မယ်ထင်ပါတယ် :D

တေးမွန် (ah nai) said...

အလံနီလေးနဲ့ ပြေးနေတဲ့ ပိုစ်ကတော့ ပုံရိတ်ရဲ့ အကောင်းဆုံးပိုစ်ဖြစ်မလားပဲ။ မဟုတ်ရင်လည်း ကျွန်တော် အကြိုက်ဆုံးပိုစ်ပေါ့။ :)

ပုံရိပ် / Pon Yate said...

ဟုတ်တယ် အဲဒါ ပုံရိပ်ရဲ့ အကြိုက်ဆုံးပို့စ်ထဲမှာ ပါတယ်။

တန်ခူး said...

အဲဒီလို စိတ်ကူးလေးတွေကောင်းလို့ လဲ ပုံရိပ်ရဲ့ ပုံရိပ်လေးက အမြဲလှနေတာပေါ့…
ချစ်စရာ တနှစ်ပြည့်ပို့ စ်လေးပါ… မြန်မာဆန်ဆန်လက်ဆောင်ပေးတဲ့ ကိုပုံရိပ်ရဲ့ လက်ဆောင်လေးကလဲ ပျော်စရာ…
အတွေးကောင်းအရေးကောင်းတဲ့ ပုံရိပ်ရဲ့ စိတ်ကူးပုံရိပ်လေးထဲမှာ ဇာတ်ကောင်လေးပေါင်းမြောက်မြားစွာ မွေးဖွားနိုင်ပါစေလို့ …

ပုံရိပ် / Pon Yate said...

မတန်ခူး ပုံရိပ်လေးတွေ ဆက်ပြီး ရှင်သန်ပါစေ ဆိုတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏။ :)

layma said...

စိတ်ကူးပုံရိပ်ဆိုတဲ့ အတိုင်း စိတ်ကူးတကယ်ကောင်းတဲ့ ပုံရိပ်ပဲ...။ ရေးခဲ့သမျှတွေကို မျက်ခြေမပြတ်ဘဲ သေသေချာချာ ဖတ်လို့  ကောင်းအောင် ချိတ်ဆက်ရေးပြသွားတာ အရမ်း သဘောကျတယ်...။ မှတ်မှတ်ရရ ပုံရိပ်ရေးတဲ့ စာကို တိုက်ခန်းထဲမှာ ကောင်မလေး ငိုနေတဲ့ တစ်ပုဒ်.. မိုးရွာတဲ့ tag game တုန်းက လေးမ စဖတ်ဖူးတာပဲ.. အခုလင့်ခ်တွေထဲ မှာ မဖတ်ရသေးတာရော.. ဖတ်ဖူးတာရောပါတယ်... ဖတ်ဖူးသမျှအရ... အင်မတန် သန့် တဲ့ လက်ရာကောင်း တွေပါလို့  စိတ်ရင်းနဲ့  မှတ်ချက်ချခဲ့ပါရစေ..။

ပုံရိပ် / Pon Yate said...

မလေးမရေ ခုလို စိတ်ရင်းနဲ့ လာအားပေးသွားတဲ့ အတွက် ၀မ်းသာရပါတယ်။ ပုံရိပ်ကလည်း တကယ် ကျေးဇူးတင်ပါတယ်။ မလေးမအပါအ၀င် အမြဲလာဖတ်ကြတဲ့ရောင်းရင်းတွေ အားလုံးကြောင့် ပုံရိပ် ပိုရေးဖြစ်တာပါ။

ယောနသံစင်ရော် said...

ပုံရိပ်ရေ အတွေးလေးကောင်းလွန်းလို့ ဖတ်ပြီးတော့ ပြုံးမိတယ်...။

ပုံရိပ် / Pon Yate said...

မယော ပုံရိပ်ရဲ့ ဒီပို့စ်ကို ပြုံးမိတယ် ဆိုရင် ကျေနပ်တယ်။ ခုလို လာဖတ်တာ ကျေးဇူး။