Monday, 2 March 2009

အမြင်


ဒီလမ်းကို လျှောက်ခဲ့သည်မှာ အခါခါ ရှိပေပြီ။ လျှောက်သည့် အခါတိုင်းမှာလည်း မောဟိုက်၍ နေသည်။ နေကျနေပြီ ဖြစ်သော်လည်း အပူရှိန်က မသေသေး။ အလုပ်၌လည်း တနေကုန် မထိုင်ခဲ့ရသည်မို့ ခြေလက်ပင် မသယ်ချင်တော့။ ပူပြင်းသောနေရှိန်ကို ကြံ့ကြံ့ခံရင်းနှင့်ပင် ထိုလမ်းကို အကြိမ်ကြိမ် လျှောက်ခဲ့သည်။ ဒီနေ့တော့ ပို၍ မောသလို ခံစားရသည်။ ဒီလအဖို့ လက်ထဲတွင် ပိုက်ဆံက သိပ်မကျန်ချင်တော့။ လကလည်း မကုန်နိုင်သေး။ ပေးစရာရှိသည့် အကြွေးစာရင်းကို စိတ်ထဲမှာ တွက်လာရင်း လမ်းလျှောက်မိမှတော့ ပို၍ မောပေသေးသည်။ မနက်ကတည်းကစားခဲ့သော ထမင်းတစ်နပ်လည်း ခုတော့ ဗိုက်ထဲ၌ မရှိတော့သည်မှာ သေချာ၏။

မီးပွိုင့်မှာရပ်စောင့် ရတော့ လမ်းမပေါ်မှာ ပြေးလွှားနေသော ကားများကို လိုက်ကြည့်မိသည်။ အရွယ်စုံ၊ အရောင်စုံ…..။ ကိုယ့်ဘ၀ကို ကိုယ်အားမငယ်မိပေမယ့် ကားစီးနိုင်သော ဘ၀မျိုးတော့ တောင့်တမိသည်။ တွေးရင်းနှင့် လမ်းကို တစိုက်စိုက် ဖြတ်ကူးခဲ့သည်။

“ကျွိ………………”

ဘရိတ်အုပ်သံ ဆူညံသွားတော့ အတွေးစတစ်ချို့ လွင့်စင်သွားသည်။ သူနှင့် နီးကပ်သော အကွာအဝေး တစ်ခုမှာ ကားတစ်စင်း။ ဒေါသရောင်ဖြင့် ပြောင်လက်နေသော ကားတစ်စင်း။

“ဟေ့လူ ခင်ဗျား သေချင်နေလား။ ကားတစ်စင်းလုံး လာတာ မမြင်ဘူးလား။”

“ခင်ဗျားကရော လူတစ်ယောက်လုံး လာတာ မမြင်ဘူးလား။”

ဆောင့်အောင့်၍ မောင်းနှင်သွားသော ကားဆီမှ တောက်ခေါက်သံကြား လိုက်သည်ဟုထင်သည်။ ကားတွေများ အဲလေ လူတွေများ ပိုက်ဆံ ရှိတာနှင့် ထီမထင်ချင်ကြတော့။ လမ်းလျှောက်နေသော လူတွေကိုတောင် ဂရုမစိုက်ချင်ကြတော့။ လမ်းလျှောက်ရတဲ့ လူတွေ ဆိုတာ သူတို့လို ဇိမ်နဲ့ ကားထဲမှာ ထိုင်နေရတာမှ မဟုတ်တာ။ လျှောက်လိုက်ရတာလည်း ခြေတိုတော့မယ်။ သူတို့မှာတော့ လေအေးစက်ဖွင့်ထားတဲ့ ကားပေါ်ထိုင်ရင်း နေပူပူအောက်က လမ်းလျှောက်နေရတဲ့ လူတွေရဲ့ ဘ၀ကို ကိုယ်ချင်း မစာနိုင်ကြဘူး။ ဒီနေပူပူထဲက မြန်မြန်လွတ်အောင် ခြေလှမ်းသွက်သွက် လျှောက်နေတဲ့ လူတွေကိုများ အလျှော့ ပေးပါဦးတော့လား။

စိတ်ထဲမှ နာနာပြောရင်း အိတ်ထဲမှ ဆေးလိပ်ကို သူထုတ်၍ အနှောင့်ကို သွားနှင့် နာနာ ဖိကိုက်သည်။ ထို့နောက် အိတ်ထဲမှ မီးခြစ်ကို ထုတ်၍ မီးညှိလိုက် လေသည်။

xxx

“တီ…….တီ………………..တီ”

အရှေ့မှ ကားတန်းရှည်ကို ဟွန်းတီးမိတော့လည်း စိတ်တိုနေသည်ကို ဖော်ပြခွင့်ရသည် မှလွဲ၍ ဘာမျှ မထူးခြား။ ကားတန်းရှည်သည် သူ့ဟွန်းသံကို ရှိလေတယ် လို့မျှ မထင်။

ဒီနေ့ အလုပ်မှာ အဆင်မပြေခဲ့။ သူ့ အတွင်းရေးမှုး မိန်းကလေးက အစီအစဉ်မရှိဘဲ ဗြုန်းစားကြီး အလုပ်ထွက်သွားသည်မို့ သူ့ရဲ့ အလုပ်အချိန်ဇယားတွေ ကသောင်းကနင်း ဖြစ်ရသည်။ အသေးအဖွဲ ကိစ္စလေးများကိုပါ လိုက်လုပ်ရရင်း အကြီးအမား ကိစ္စတချို့ လက်လွတ်ရသည်။ ဒေါသက တနေ့လုံး တဖြည်းဖြည်း စုလာနေလိုက်သည်မှာ အိမ်ပြန်သည် အထိ စိတ်ထဲမှာ မကြည်လင်။ အစိုင်အခဲနှင့် ကျန်ရစ်နေသေးသည်။

အရင်ကထက် ပိုပင်ပန်းလာသည့် နေ့တနေ့မို့ အိမ်အရောက် ပြန်ချင်နေကာမှ ကားတန်းက ရှည်ကာ တော်တော်နှင့် မရွေ့နိုင်။ အမှတ်တမဲ့ ဓာတ်ဆီဒိုင်ခွက်ကို ကြည့်တော့ မျှားက ကုန်တော့မည့် ဟန်ကို ပြနေသည်။ ဟုတ်သားပဲ ဓာတ်ဆီထည့်ဖို့ ရက်ရွေ့လာခဲ့သည်မှာ တစ်ပတ်လောက် ရှိတော့မည်။ ဟူး…အိမ်ပြန်ပြီး မြန်မြန်ပြန်နားချင်ပါတယ် ဆိုမှ ဓာတ်ဆီဆိုင် ၀င်ရပေဦးမည်။ နောက်အပတ်လောက် ကျလျှင်တော့ ကားကို ဆီလဲရမည်။ တာယာနှစ်လုံး အသစ်လဲ ရမည်။ မိတ်ဆွေတစ်ယောက်က နောက်နှစ်ပတ်ကျော်လျှင် ခရီးတိုလေး တစ်ခုကို လိုက်ပို့ပေးဖို့ အကူအညီ တောင်းထားသည်။

ကားတစ်စီးကို ပိုင်ဆိုင်ရသည်မှာလည်း မလွယ်လှ။ မိသားစုအတွက် လိုအပ်သည်က တကြောင်း၊ အလုပ်များလွန်းသော သူ့အတွက် သွားရေးလာရေး အဆင်ပြေအောင်ကသာ တကြောင်း၊ ထိုအကြောင်းကြောင်းများကြောင့်သာ ကားတစ်စင်း ၀ယ်ထားရသည်။ တကယ်တော့ စီးရသည်နှင့် မကာမိအောင် ထိန်းသိမ်းရသည်။ ကားမရှိသော မိတ်ဆွေများက အကူအညီတောင်းလျှင် လူမှုရေး အရအကူအညီ ပေးရသည်။ ကားမရှိတုန်းက သိပ်အဖက်မလုပ်ချင်ကြသော မိတ်ဆွေ အချို့ကလည်း အခုတော့ တောင်းလိုက်ကြသည့် အကူအညီတွေ။

ဒီလောက် ရှုပ်ထွေးလှသော မြို့ထဲမှာ ကားမောင်းရတာလည်း စိတ်ဖိစီးမှု များလွန်းလှသည်။ ကားတွေက တစီးနှင့်တစီး မစောင့်ချင်ကြ။ အပြိုင်မောင်းကြသည်။ ကျော်တက်ကြသည်။ အချက်မပြဘဲ ချိုးကြကွေ့ကြသည်။ ကားအချင်းချင်း ပွတ်မိလျှင်လည်း လမ်းလယ်ခေါင်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြသည်။ နည်းနည်းလေး ပွတ်မိထိမိလျှင်တောင် လျှော်ကြပေးကြရသည် မဟုတ်လား။ ကိုယ့်ကားလည်း တန်ဖိုးကျ ရသေးသည်။ အဲ… ဒီကြားထဲ လူတိုက်မိလျှင်တော့ အဆိုးဆုံးပေါ့။ မပြီးနိုင် မစီးနိုင်သော အမှုအခင်းတွေ ဖြစ်ကြမည်။ ရုံးရောက်ဂတ်ရောက်မည် ထင်သည်။

ကားတန်းကို လွန်လာ၍ တစ်နာရီ ဆယ်မိုင်နှုန်းထက် ပိုမောင်းနိုင်သော နေရာရောက်တော့ အိမ်ရောက်ချင်ဇောနှင့် ခပ်မြန်မြန် မောင်းထွက်ခဲ့သည်။

“ကျွိ…………..”

စိတ်ကတွေးချင်ရာတွေး မိသော်လည်း ဦးနှောက်နှင့် ခြေထောက်၏ ကောင်းမှုကြောင့် ကားက တုံ့ကနဲ ရပ်သွားသည်။ ဘရိတ်အုပ်သံ ဆူညံသွားတော့ သူ့ကို ဒေါသနှင့် ကြည့်နေသော လူတစ်ယောက်။

“ဟေ့လူ ခင်ဗျား လူတစ်ယောက်လုံး လမ်းလျှောက်လာနေတာ မမြင်ဘူးလား။”

“ခင်ဗျားကရော သေချင်နေသလား။ ကားတစ်စင်းလုံးကိုတောင် မမြင်ဘူးလား။”

ဆောင့်ကြီး အောင့်ကြီးနှင့် သူကားမောင်း ထွက်ခဲ့သည်။ လူတွေများ ကားကို မလေးစားချင်ကြတော့။ သူတို့မှာ ကားမောင်းသူတွေလို စိတ်ဖိစီးမှု မရှိ။ တွေးချင်ရာတွေးပြီး လျှောက်နေနိုင်သည်။ ဘေးဘီကိုပင် မကြည့်တော့။ သူတို့ကို ကားတွေက အမြဲပဲ အလျှော့ပေးလိမ့်မည် လို့များ ထင်နေသလား။ လမ်းတစ်လမ်းလုံးကို သူတို့ပိုင်သည်များ ထင်နေလေသလား။ တိုက်သွားဦးတော့ လျော်ကြေးမြက်မြက် ရလေမည်ဟုများ ထင်နေလေသလား။ သူတို့က အသားနာခံနိုင် ဦးတော့။ ကားမောင်းသည့်လူက ရုံးရောက် မခံနိုင်ပါ။

“တောက်…..”

သူဒေါသ ပြင်းပြင်းဖြင့် တောက်တချက် ခေါက်လိုက်သည်။ နောက် ဒေါသထွက်လျှင် သူလုပ်နေကျ အတိုင်း အိတ်ထဲမှ ဆေးလိပ်ကို ထုတ်၍ အနှောင့်ကို သွားနှင့် နာနာ ဖိကိုက်သည်။ ထို့နောက် အိတ်ထဲမှ မီးခြစ်ကို ထုတ်၍ မီးညှိလိုက် လေသည်။

18 comments:

အောင်သာငယ် said...

ဘက် ၂ ဖက် ရှိနေရင် အမြင် ၂ ခုလည်း ရှိနေတာပါပဲ...
ဝတ္ထုတိုကောင်းလေးပါ... ထပ်ရေးပါဦး...

မဇနိ said...

ဟုတ်ပါ့ ဒေါ်ပုံရိပ်ရေ အမြင်က ပြောင်းသွားတာ။ ကိုယ့်ဖက်ကိုယ် အကောင်းမြင်တဲ့အမြင်တွေပေါ့နော်။ အမြင်တွေပြောင်းသွားပုံများ ကြောက်စရာတောင်ကောင်းသား။

သက်ဝေ said...

နှစ်ဖက်စလုံးရဲ့ အမြင်တွေကို ဖတ်သွားပါတယ်
အဲဒီ လူနှစ်ယောက်ရဲ့ ခံစားချက်တွေကို ကိုယ်တိုင်လဲ ခံစားဖူးတယ် ဆိုပါတော့...
တကယ်တော့ အဲဒီ လူနှစ်ယောက်ရဲ့ အမြင်တွေမှာ ကိုယ်စီ အမှန်တရား တွေရှိကြတယ်...
ကိုယ့်အတ္တကိုယ် ကိုယ်ရှေ့တန်းတင်လိုက်ကြရင်တော့ အခြားတစ်ဖက်ကို အမှားမြင်မိတတ်ကြတာ ထုံးစံပဲ မဟုတ်လား...
အတ္တကို အတတ်နိုင်ဆုံး လျှော့နိုင်ကြဖို့ သတိပေးတဲ့ ပိုစ့်လေးတစ်ခုလို့ မြင်မိပါတယ်...။

Moe Cho Thinn said...

သူ့ဖက် ကိုယ့်ဖက် မျှတွေးတတ်ရင်တော့ လောကကြီးက အတော်သာယာမှာပဲ ညီမရေ။ အဲဒီလေး ဖြည့်မတွေးနိုင်သေးတောင် ကိုယ့်ကြောင့် သူများ အနှောင့်အယှက် မဖြစ်အောင် ထိန်းသိမ်းတတ်ရင် အဆင်ပြေမယ် ထင်မိတယ်။ စာကောင်းလေးတပုဒ်ပါ ညီမ။ စာတွေ ပြန်ရေးဖြစ်တာ ၀မ်းသာတယ်။

JuneOne said...

ိမဇနိ လိုပဲမြင်မိတယ် မမီယာ။

ဇနိ said...

ကောင်းလိုက်တာ.. ဖတ်လို့
ကျနော်လည်း မဇနိလိုပဲ
:D

sonata-cantata said...

ကိုယ်ဖက်ကပဲ တွေးတတ်မြင်တတ်တဲ့ သူကို သင်ခန်းစာပေးလိုက်သလိုပါပဲ... ကျေးဇူးပါ ပုံရိပ်
ကိုယ့်ဘက်က ကြည့်တော့ ကိုယ်အမှန် ဆိုတဲ့ စကားလေးကို သတိရမိပါရဲ့

nu-san said...

ဝတ္တုတိုလေး ဖတ်ရတာ ကောင်းလိုက်တာ ပုံရိပ်ရေ.. လူတိုင်းဟာ ကိုယ့်ကိုကိုယ်တော့ မှန်တယ် ထင်ကြတာပဲ.. ဖြစ်တုန်းတခဏတာမှာ သူ့ဘက်ကိုယ့်ဘက် မျှမတွေးမိဘူး.. အင်း.. ဆင်ခြင်ဦးမှ.. ဆင်ခြင်ဦးမှ.. :)

P.Ti said...

ပီတိဆိုတဲ့ကောင်...
သူ့ဘလော့ကို ခင်လို့လာလည်ပါတယ်... တစ်ခါလာလည်း ဒီဓာတ်ပုံ တစ်ခါလာလည်း ဆားချက်ထား... တော်ပြီးနောက်မလာတော့ဘူး... နာမည်ကြီးလွန်းလို့ လာတယ်များမှတ်နေလားမသိ...
တော်တော်ကြီးကျယ်တယ်.. ဆီပုံလေး ကွန်မန့်လေးတောင် ပြန်ဖော်မရ...

-x-x-x-x-x-x
စိတ်တွေရှုပ် အလုပ်တွေရှုပ်နဲ့ ဘလော့မရေးဖြစ်တာကြာပြီ... ရေးမယ်ရေးမယ် စိတ်ကူးပေမယ့်လည်း စိတ်သွားတိုင်းကိုယ်မပါဘူး... စာဖတ်တဲ့လူတွေကိုတော့ အားနာပါရဲ့... သူတို့ကလည်း အသစ်အသစ်အော်နေပေမယ့် ဒီကနားချိန်တောင်မရှိ မောဟိုက်နေပါ၏။


ဟိ... ပုံရိပ်ကိုအတုခိုးရေးတာ... ဟုတ်ပါတယ်.. လောကမှာ နှစ်ဘက်ရှိတာ.. ကိုယ်ချင်းစာစိတ်ထားလိုက်ရင် ဒေါသတွေ နည်းနည်းလေးလျော့သွားမှာပါ...

အားလုံး အဆင်ပြေပါစေ..

layma said...

ကိုယ့်အကြောင်းနဲ့ ကိုယ် ရှိကြသည်ပေါ့...
အပြစ်တော့မဆိုသာပါဘူးလေ...
သူများစိတ်ကို ကိုယ်ဝင်ကြည့်နိုင်တာမှ မဟုတ်... ကိုယ်ဖြစ်နေတာတော့ ကိုယ်သိတာကိုး...။
ဒါနဲ့ စကားမစပ်.. ကိုပီတိရေးသွားတာ တအားသဘောကျတယ်...။ ဘလော့ဂ်ပိုင်ရှင်ရဲ့ အခြေအနေက တစ်မျိုး... ဘလော့ဂ်လာလည်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အမြင်ကတစ်မျိုး ဖြစ်နေမှာ စိုးတယ်..။

တန်ခူး said...

သိပ်လှတဲ့ ပို့ စ်လေးပါ ပုံရိပ်ရေ…
တဘက်သားနေရာက ၀င်ခံစားတတ်တဲ့ ကိုယ်ချင်းစာတရားလေးသာရှိကြရင် လောကကြီးက သိပ်ပျော်စရာကောင်းသွားမှာပဲနော်… စာကောင်းလေးအတွက် ကျေးဇူးပါညီမရေ…

pandora said...

နှစ်ဘက်မြင်ဝတ္ထုလေးကို လာခံစားသွားပါတယ်။

ဒီလို စာကောင်းလေးတွေ ဆက်ရေးပါဦး။

မီယာ said...

နေ့တိုင်း ကြုံနေရတဲ့ အကြောင်းလေးတွေပဲ... နှစ်ဖက်အမြင် ရှိနိုင်ရင် အားလုံး စိတ်ချမ်းသာပြီး ကမ္ဘာကြီး ငြိမ်းချမ်းမှာပဲလို့ ပုံရိပ်ရဲ့ ၀တ္ထု ဖတ်ပြီး တွေးမိသွားတယ်

နုသွဲ့ said...

ကမန်းကတန်းလေး လာဖတ်သွားပါတယ်။ ရိုးစင်းပေမယ့် အတွေးတွေ ပေးတဲ့ စာကောင်းလေးအတွက် ကျေးဇူးတင်သွားတယ်နော်။

ပုံရိပ် / Pon Yate said...

အားလုံးပဲ မှတ်ချက်တွေ အတွက် ကျေးဇူး။ ဒီဝတ္ထုထဲက ဇာတ်ကောင်လို ပုံရိပ်ကိုယ်တိုင် စဉ်းစားမိလို့ ရေးဖြစ်ပါတယ်။ အဖြစ်အပျက်နှစ်ခုထဲက ဇာတ်ကောင်က တစ်ယောက်ထဲပါပဲ။ တချို့လည်း သတိထားမိတယ် ထင်တယ်။ တချို့လည်း သတိမထားမိဘူး ထင်ရဲ့။ စာရေးသူ လိုသွားတာပေါ့။

ကားပေါ်မှာနဲ့ လမ်းပေါ်မှာ သူ့အတွေးက မတူပါဘူး။ နှစ်ဖက်မြင်တာတင် မဟုတ်ဘဲ အခြေအနေ ပြောင်းသွားရင် လူတစ်ယောက်ထဲရဲ့ တွေးပုံမတူဘူး ဆိုတာကို ပြောချင်တာပါ။ အမှန်ကတော့ ရှေ့မှာ ဘလောက်ရောင်းရင်း တချို့ပြောသွားသလိုပဲ ကိုယ့်ဖက်ကိုယ်တွေး ကြတာပေါ့။

ကိုအောင်သာငယ် ပထမဆုံး မှတ်ချက် အတွက် ကျေးဇူး။ နောက်လည်း လာအားပေးပါဦး။

မနိရေ ဟုတ်ပ။ အဲလို ကြောက်စရာ ကောင်းတဲ့ အကြောင်း ဆိုလိုချင်တာ။ :D

မသက်ဝေ မချိုသင်း ဟုတ်ပါတယ်။ သူတပါးအတွက် ထည့်တွေးနိုင်ကြရင် ပိုပြီး နားလည်မှုတွေ ရလာမှာပါ။

juneone ကျေးဇူး။ ဒါနဲ့ မမီယာနဲ့ ပုံရိပ်ကို မှားနေပြီ ထင်တယ်။ :D

ကိုနိက မနိသဘော မနိသဘောပဲ ထင်တယ်။ နောက်တာပါ။ :)

မသီတာ မနုစံ မျက်နှာနှစ်ဖက်နဲ့ အမှန်ပေါ့။

ကိုပီတိ မလေးမ ကိုယ်ဂျင်းစာပါတယ်။ ကိုယ်ဂျင်းစာပါတယ်။ :p

ဟုတ်ကဲ့ မပန်ရေ။ မပန်လည်း ခုတလော ပျောက်နေတယ်။

မမီယာ မနုသွဲ့ နေ့စဉ်ကြုံတတ်တဲ့ အကြောင်းကို ရေးဖြစ်သွားတာပါ။

ယောနသံစင်ရော် said...

ပုံရိပ်ရေ...နောက်ဆုံးမှကွန်မန့်ရေးဖြစ်တယ်..
အတွေးကောင်းလေးတခုပါ...
အမြင်နှစ်မျိုးပေါ့..ထပ်ရေးနော် ..မျှော်နေမယ်

မေငြိမ်း said...

အမကတော့ ဒါက ဗမာပြည်က လူတွေရဲ့ ခံစားချက်တွေပဲလို့ မြင်မိတယ်..။ လူတိုင်း ဒေါသတွေနဲ့လေ..။

ပုံရိပ် / Pon Yate said...

မယောရေ အားပေးတာ ၀မ်းသာတယ်။

မမေငြိမ်း...အစ်မ ပြောတာ ဖြစ်နိုင်ပါတယ်။ ထွက်ပေါက်တွေပေါ့။