Wednesday, 18 March 2009

အလွဲ


အစ်မတန်ခူးက tag ထားတာ ကြာပါပြီ။ ဆင်ခြေတွေပေးတော့ ပါဘူး။ မတန်ခူးရေ ရေးလိုက်ပြီ။ ကြာသွားတာ ခွင့်လွှတ်ပါ။ ၀တ္ထုတိုလေး တစ်ပုဒ်အနေနဲ့ ရေးထားပါတယ်။

xxx

မြ…မြ…ဟု သူအကြိမ်ကြိမ် ရေရွတ်နေမိသည်။ မော် ထိုင်နေရာမှ ထသည်။ ရေးလက်စ စာကို ငုံ့ကြည့်ရင်း လက်ထဲမှ ဘောပင်ကို ချသည်။ သူဒီဝတ္ထုကို ရေးမည် ကြံတော့ ဇာတ်ကောင်မိန်းကလေးနှင့် လိုက်ဖက်မည့် နာမည်ကို ပေးရမည်ဟု သေချာတွေးသည်။ မိန်းကလေးသည် သိမ်မွေ့သည်။ နူးညံ့သည်။ သို့ပေမယ့် ရဲရင့်ရမည်။ ထိုအရည်အချင်းများကို ပေါ်လွင်စေသော နာမည်ကို ပေးရမည်။ အမေတို့ ပေးထားခဲ့သော သူ့နာမည်ကတော့ တစ်လုံးတည်း။ မော်ဟူ၍မှ မော်တစ်လုံးတည်း။ သူကိုယ်တိုင်ကတော့ သိမ်မွေ့သလား၊ ရဲရင့်သလား ဟုမစဉ်းစားဖူးပါ။ မော်သည် မော်သာ ဖြစ်နေကာ မော်ဟူသော နာမည်၏ အနက်ကိုလည်း သေချာ မစဉ်းစားဖူးပါ။ လူ့ဘ၀မှာ အမြဲပဲ ခေါင်းမော် နေရအောင်လို့ မော်လို့ နာမည်ပေးခဲ့သည်လား။ အမေကတော့ ဘာမျှ ရှင်းမပြဖူးပါ။ မော်ကသာ ကိုယ်လိုရာကို ဆွဲယူကာ တွေးနေလိုက်သည်။

နာမည်ကို စိတ်တိုင်းကျတော့ ပြတင်းပေါက်နား လျှောက်လာခဲ့သည်။ သူစာရေးဆရာမ ဖြစ်ချင်သည်။ ဖြစ်ချင်တာမှ တပိုင်းကို သေနေလေ၏။ ငယ်ငယ်ကတည်းက စာရူးပေရူး ရူးခဲ့သည်။ ၀တ္ထုများကို အတိုရော အရှည်ရော ဖတ်သည်။ ကျောင်းပိတ်ရက်တွေမှာ ဘာမှ မလုပ်နိုင်ဘဲ စာအုပ်များနှင့် အချိန်ကုန်နေတော့သည်။ ဖတ်ပါများတော့ ရေးချင်လာသည်။ ဒီဝတ္ထုလေးကိုတော့ ငါဆိုရင် ဒီလိုရေးလိုက်မယ်၊ ဒီအဆုံးသတ်လေးတော့ ကြိုက်တယ်၊ ဒီအဆုံးသတ်လေးတော့ မကြိုက်ဘူး၊ ဒီလိုလေး ပြင်လိုက်ရင် ကောင်းမယ်ဟု ပြင်ပြီး စဉ်းစားတတ်လာသည်။ အိပ်ယာဝင် မီးမမှိတ်မီလည်း စာအုပ်တစ်အုပ် ခဲတံတစ်ချောင်းနှင့် ရေးခြစ်သည်။ အိပ်ယာဝင် မီးမှိတ်ပြီးတော့လည်း အမှောင်ထဲမှာ အိပ်ရင်းနဲ့မှ စဉ်းစားသည်။ အိပ်မက်ထဲမှာလည်း ဆက်၍ ရေးသည်။

ဒီလိုနှင့် သူ့ပတ်ဝန်းကျင်မှာ ရှိသောအဖြစ်အပျက်များကို ၀တ္ထုဇာတ်လမ်း အနေဖြင့် စဉ်းစားသည်။ သူ့ကျင်လည်ရသော အသိုင်းအ၀ိုင်းသည် သူ့အတွက် ဇာတ်ကောင်များ ဖြစ်လာသည်။

သူဖြစ်ဖြစ်မြောက်မြောက် ၀တ္ထုလေး တစ်ပုဒ်စရေးတော့ မဂ္ဂဇင်းတစ်ခုစီသို့ မ၀ံ့မရဲ ပို့ခဲ့သည်။ အရွေးမခံ ရဘူးဆိုတာ သိတော့ ငိုခဲ့ရသေးသည်။ ထမင်းတောင် မစားနိုင်။ ဒုတိယ၊ တတိယ၀တ္ထုတွေ အငြင်းခံရတော့ အရေထူသွားခဲ့ပြီ။ တစ်ပုဒ်အငြင်းခံရလျှင် နောက်တစ်ပုဒ်ပို့ရန်လည်း ၀န်မလေးတော့ပြီ။ မဂ္ဂဇင်းတစ်တိုက်မှ နောက်တစ်တိုက်ကို ပို့ရန်လည်း ၀န်မလေးတော့ပြီ။

ဇာတ်လိုက်မလေးများကိုလည်း အမျိုးမျိုး စိတ်ကူးယဉ်ကြည့်သည်။ မော့်ရဲ့ စံပြ ဇာတ်ကောင်လေးများမှာ မိန်းကလေး ပီသ၍ နူးညံ့ကြသည်။ တချိန်တည်းမှာပဲ ပြတ်သားသည်။ သတ္တိရှိသည်။ အမှန်တော့ မော်ဖြစ်ချင်သော ပုံစံကို ၀တ္ထုထဲမှာ ဖြစ်စေလိုက်သည်။

နောက်တစ်ပုဒ်မှာတော့ ကြောက်တတ်သော၊ အရာရာတွင် သူတပါးကိုမှ အားကိုးသော၊ လောကကြီးကို ရင်မဆိုင် ရဲသော မိန်းကလေးတစ်ယောက်ကို သူဖန်တီးသည်။ ထိုအခါ ထိုဇာတ်ကောင်နှင့် ကိုက်ညီအောင် သူ့နာမည်ကို ပေးရမည်ဟု တွေးမိပြန်သည်။ မိန်းကလေး၏ နာမည်သည် ထိလွယ်ရှလွယ်သော သဘောကို ဆောင်ရမည်။ သူ့ချစ်သူက ဖေးမစေလိုသော သဘောကို ဆောင်ရမည်။

ဒီလိုနှင့် မော့်ကမ္ဘာလေးထဲမှာ မော့်ဇာတ်ကောင်တွေနှင့် တွေ့သည်။ စကားပြောသည်။ သူတို့ကို ပြုပြင်သည်။ သူတို့နာမည်တွေကို ကိုယ်ကြိုက်သည့် စရိုက်နှင့် ကိုက်ညီအောင် ပေးသည်။ ကိုယ်ဖြစ်စေချင် သည့်ပုံစံကို အသွင်ဆောင် စေသည်။ ရေးနေရင်းမှ တ၀က်ရောက်သော်လည်း မကြိုက်လျှင် နာမည်များကို လိုက်ပြောင်းဖြစ်ပြန်သည်။

သြော်…ဇာတ်ကောင်များကို ဖန်တီးရတာသာ စိတ်တိုင်းကျသည်။ နာမည်များကိုလည်း ကိုယ်ပေးချင်တာ ပေးနိုင်သည်။ နှစ်မျိုးသုံးမျိုးလဲ ပေးကာ ကြိုက်သည့် နာမည် ပြောင်းနိုင်သည်။ တကယ်တော့လည်း မော့်ဇာတ်ကောင်များမှာ မော့်ရဲ့ သားသမီးတွေလို ပါပဲဟု တွေးနေမိသေးသည်။

ဒါပေမယ့် မော့် စိတ်ပြောင်းလဲ တတ်ပုံမျိုးနှင့် ကိုယ့်သားသမီးများကို ကိုယ်သာ ဒီလို နာမည်ပေးရလျှင်တော့ မဖြစ်။ ဒီနေ့ မြသဉ္ဇာ ဖြစ်ကာ နောက်နေ့ ကြွေဝတ်မှုန်လည်း ဖြစ်နေနိုင်သည် မဟုတ်။ ကလေး၏ နာမည်ကို ပေးတုန်းကတော့ ပေးပြီး ဆယ်နှစ်လောက်ကြာတော့မှ လိုက်ပြောင်းနိုင်မည် မဟုတ်။ ဇာတ်ကောင် တစ်ယောက်လို ဒီနေရာလေး နည်းနည်းပိုပြီး ဟိုနေရာလေး နည်းနည်း လျော့လို့ ရနိုင်မှာ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ကိုယ့်ဇာတ်ကောင် ဆိုလျှင် လူနှင့်တူအောင် ကောင်းတာရော ဆိုးတာပါ ဖန်တီး နိုင်သည်။ စိတ်ကို အမျိုးမျိုး ပြောင်းလဲနိုင်သည်။ တခါတရံမှာ တွေဝေ၍ တခါတရံမှာ ပြတ်သား ခိုင်းလိုက်မည်။

သို့ပေမယ့် ကိုယ်ကမွေးလာသော ကိုယ့်သားသမီးဆိုလျှင်တော့ ကောင်းတာလေး တွေသာ ရွေးဖြစ်စေချင်သည်။ သတ္တိရှိသူ၊ ရင်ဆိုင်ရဲသူ၊ ပြတ်သားသူ၊ ရင့်ကျက်သူ လေးတွေသာ ဖြစ်စေချင်သည်။ လိုလေသေး မရှိ ပြည့်စုံသူ ဖြစ်စေချင်သည်။ မော့် အတ္တဟုပဲ ဆိုရပေမည်။ ဒါကြောင့် စာရေးတာပဲကောင်းသည်။ ဇာတ်ကောင်တွေ ဖန်တီးတာပဲ ကောင်းသည်။ သားသမီးများထက် ဇာတ်ကောင်တွေ ပျိုးထောင်ရတာပဲ လွယ်သည်။

xxx

ဆယ်နှစ်ခန့်ကြာတော့ မော်သည် စိတ်ရောရုပ်ပါ ရင့်ကျက်သော အမျိုးသမီး တယောက် ဖြစ်ခဲ့ပြီ။ မိန်းမကြီး စာရင်းသို့ ၀င်လုဝင်ခင် ဖြစ်ခဲ့ပြီ။ ထိုကာလမှာ မော့်ဘ၀ထဲတွင် ဇာတ်ကောင်များထက် ကလေးက ပိုများနေခဲ့ပြီ။

မော်နှင့် မောင့်မှာ ကလေးလေးယောက်ရှိသည်။ အားလုံး မိန်းကလေးတွေချည်း ဖြစ်သည်။ မြဆည်းဆာ၊ မြနေကြာ၊ မြ၀တ်ရည် နှင့် မြနဒီဟု နာမည်တွေကို လှလှလေးတွေချည်း ရွေး၍ ပေးပစ်လိုက်သည်။ မော်၏ စိတ်တိုင်းကျမှုသည် ထိုမှာတွင်ပင် အဆုံးသတ်၏။ မြကလေး လေးယောက်မှာ မော် ဖြစ်စေချင်သည်နှင့် ဆန့်ကျင်ဖက်။ တစ်ယောက်က အိပ်ယာပေါ်တက်ကာ တဒိန်းဒိန်း ခုန်လျှင် နောက်သုံးယောက်က အိမ်မှာရှိသော ခွက်တွေပုံးတွေ ယူလာကာ သီချင်းဆိုတမ်း ကစားကြသည်။ တစ်ယောက်က သစ်ပင်တက်လျှင် နောက်သုံးယောက်ကလည်း လိုက်တက်မယ် တကဲကဲ လုပ်သည်။ မော်လိမ်းသော ပေါင်ဒါ မိတ်ကပ်များကိုလည်း လစ်လျှင် လစ်သလို ယူ၍ အသုံးချကာ အငြိမ့်ကတမ်း ကစားကြပြန်သည်။

ဒီလိုနှင့် မြကလေးတို့ နာမည်လှလှလေးများလည်း ပျောက်ရကာ ဘုတ်ဆုံ၊ မျောက်မူး၊ ပေတူး စသည်ဖြင့် နာမည်မျိုးစုံတွင်တော့သည်။ မော်သည်လည်း စာရေးဆရာမ မဖြစ်ဘဲ တာတေလေးများ၏ အမေလုံးလုံး လျားလျားဖြစ်လို့နေသည်။ သို့ပေမယ့် မော်သည် မောရင်းက ပျော်လျက်ပင်။ စာရေးဆရာမ ဖြစ်ချင်တယ်ဆိုဟု လာမေးသူများကို ဟင်…ဘယ်သူက ဖြစ်ချင်တာလဲဟု ပြန်မေးဖြစ်လိမ့်မည် ထင်၏။ ထိုသို့ဆိုလျှင် မော့်ဆန္ဒက လွဲတာလား၊ မော့်ဘ၀က လွဲတာလား။ တခုခုတော့ လွဲနေသည်။ အလွဲများကြား၌တော့ ချစ်၍ ဆက်ကာ မော်လွဲနေဦးမည် သာတည်း။

13 comments:

JuneOne said...

လွဲလွဲလေးပဲကောင်းပါတယ်။

nu-san said...

ပုံရိပ်ရဲ့ အလွဲက တခြား အလွဲတွေ နဲ့ မတူပဲ တမျိုးထူးခြားတယ်.. အဲဒီလို အလွဲတွေ လွဲဖို့များ စိတ်ကူးနေသလား ပုံရိပ်ရေ..

ဘာပဲဖြစ်ဖြစ် တာတေလေးတွေရဲ့ အမေဖြစ်နေရတာကိုကပဲ ဘ၀တစ်လျှောက်လုံး ပျော်ရွှင်မှုတွေနဲ့ ပြည့်နေပြီး ပြန်ပြောင်းယူလို့ မရတဲ့ အလွဲကောင်းတွေပေါ့ကွယ်.. :)

မီယာ said...

မိန်းကလေး နံမည်လေးတွေ လှလိုက်တာ... အလွဲတွေကလည်း တခါတခါ ကောင်းဖို့တွေ ဖြစ်နေပြန်တော့ လွဲတာကိုပဲ ကျေးဇူးတင်ရမလို...

sonata-cantata said...

ဒီမှာ.. ရေချမ်းတဲ့.. ရေစင်တဲ့.. ပေးထားတယ်နော် ဘာတွေလွဲဦးမယ်မသိ..
မိဘက သားသမီးကို ချစ်တဲ့ အချစ်နဲ့
သားသမီးက မိဘကို ချစ်တဲ့အချစ် လွဲမသွားရင်တော်ပါပီ

သက်ဝေ said...

အော်... အလွဲတွေကလဲ ပုံရိပ်ရဲ့ လက်ထဲမှာတော့ ချစ်စရာကောင်းလိုက်တာ...
ရေးတတ်ပါပေတယ်...

တန်ခူး said...

ကြာနေကတည်းက ပုံရိပ်ဆီက ထူးထူးခြားခြားလက်ရာလေး ထွက်လာတော့မယ် ဆိုတာ မျှော်လင့်ပြီးသား… မျှော်လင့်တာထက်တောင် ထူးခြားပြောင်မြောက်တဲ့ အလွဲလေးမို့  တက်ဂ်ရကျိုးနပ်ပါတယ်ညီမရေ… ကိုယ့်များ စောင်းရေးထားသလားထင်မိတယ်… စာရေးဆရာရူးကနေ ခုတော့ မျောက်ကလေးအမေဘ၀နဲ့  အရိုးထုတ်ရတာလေ… ပုံရိပ်ရေ… ဇာတ်ကောင်နာမည်ပေးတဲ့ အခက်အခဲကတော့ တကယ့်အပြင်က အတိုင်းပါပဲ… သမီးလေးတွေက ၄မြွှာပူးလား…

P.Ti said...

ပုံရိပ်လွဲတာ တမျိုးလေး... ဖတ်လို့ကောင်းတာကတော့ အမှန်...

မဟုတ်မှလွဲ ... အဲ မဟုတ်မှတော့ လွဲ ပြီပေါ့...

ပုံရိပ်တစ်ယောက် အစိုးရထောက်ပံ့ကြေးရရန် လေးမွှာပူးမွေးရန် ကြံနေတယ်ထင်တယ်...

အဟဲ.. စတာနော် :P

ပုံရိပ် / Pon Yate said...

juneone ထူးအိမ်သင် သီချင်း ကြိုက်တယ်လား။

မနုစံ စိတ်မကူးပါဘူး။ ၀တ္ထု အနေနဲ့ပဲ ရေးကြည့်တာပါ။ ဖြစ်လာတဲ့ အတိုင်းပေါ့ :D။

မမီယာရေ လူတိုင်းက လိုချင်တာအားလုံး ဖြစ်မလာ ပေမယ့် ဖြစ်လာတဲ့ အခြေအနေမှာပဲ ပျော်နေရင် နေပျော်မှာပါ။

မသီတာနဲ့ ကိုဧရာတို့က နာမည် အပေးကောင်းပဲ။ လွဲချစ်မချစ်အောင် ကြိုးစား ရမှာပေါ့။

မသက်ဝေ ကျေးဇူးပါ။ :)

မတန်ခူး ... ကြာတာကို စောင့်ဖတ်တာ ကျေးဇူးပါ။ အစ်မကို စောင်းမရေးပါဘူး။ သိဘူးနော်။ အစ်မလည်း ဘလောက်တော့ ရေးနေသေးတာပဲ။ မဂ္ဂဇင်းထဲမှာ လည်းရေးဖူးတာပဲနော်။ လေးမွှာပူးတော့ မဟုတ်ပါဘူး။ အထင်လွဲကုန် တော့မှာပဲ။

ကိုပီတိ .... ထောက်ပံ့ကြေးရတာနဲ့ ကာမိမယ် မထင်ပေါင်။ မွေးချင်ရင် ကိုယ့်ဟာကိုယ် အကောင်အထည် ဖော်လိုက်။ :p

လေးမြွာပူးမွှေးဖို့ ကြံနေတယ်လို့ ထင်ကုန်ကြမှာစိုးလို့ ကော်မန့် မြန်မြန် လိုက်တယ်။

လုလု said...

အရေးအသားကောင်းလွန်းတဲ့ ပုံရိပ်ရဲ့ စာတွေကို အားပေးနေပါတယ်နော်။ အလွဲလေးကိုလည်း ကြိုက်တယ်

မဇနိ said...

ဒေါ်ပုံရိပ် အလွဲလေးက ဖတ်လို့ ကောင်းလိုက်တာ။ ဒီလိုမျိုးလွဲတာက ကြည်နူးစရာအလွဲလေးပါ။ ကွန်းမန့်ပြန်ထားတာတွေ တွေ့သော်လည်း စိတ်ကူးယဉ်နေသည်ဟု ထင်နေဆဲ။ အဟီး စတာနော်။ လေးမြွှာပူး။

ပုံရိပ် / Pon Yate said...

မလုလုရဲ့ ဘလောက်ကိုလည်း လာကြည့်ပြီး ချက်ထားတာတွေ သွားရေကျနေကျ။ လာအားပေးတာ ကျေးဇူး။

မယ်နိကတော့ လုပ်ပြီ။ :D စိတ်ကူးလည်း မယဉ်ရဲပါဘူး။

ThuHninSee said...

သမီးလေးယောက်ဆို ပျော်စရာကြီးနော်။
ဖတ်လို့ကောင်းတ်ညီမ

ponyate said...

မမွန်ရေ ပျော်စရာကြီးပေါ့။ :)