Wednesday, 26 November 2008

အိပ်မပျော်သောည

အိပ်မပျော်တော့ သီချင်းနားထောင်ရင်း စိတ်ကူးပေါက်ရာ လျှောက်ရေးပါသည်။

xxx

မီးခလုတ်ကို ပိတ်လိုက်မိပြီ ဖြစ်ပေမယ့် မအိပ်ချင်သေး။ တယောသံ ခပ်နွဲ့နွဲ့ပါသော သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်မိသည်။ ခပ်တိုးတိုးပေမယ့် သူလိုက်ညည်းနေမိသည်။ အိပ်ယာနံဘေးက နိုးစက်နာရီကို တွေ့တော့ ကြည်နူးနေသော စိတ်ကလေး ပျောက်သွားရသည်။ မနက်ဖြန် အလုပ်သွားရဦးမည်။ နိုးစက်ပေး ထားမှ။ ဒါပေမယ့် သူမအိပ်ချင်သေးပါ။

စိတ်ရှုပ်ရှုပ်နှင့် စောင်ကို မေးစေ့အထိ တင်းတင်းဆွဲကာ ခြုံလိုက်၏။ အိပ်ယာထဲမှာ လှဲလိုက်တော့ သာနေသော လကို ပြတင်းပေါက်မှ တဆင့် မြင်ရ၏။ လရောင်၏ ဖြားယောင်းမှု ဟူသော စကားကို သူနည်းနည်း သဘောပေါက် သလိုရှိမိ၏။ ဖြာနေသော အလင်းရောင်သည် ငြိမ်သက်စွာ သူ့အခန်းထဲသို့ ကျနေသည်။ ဆိတ်ငြိမ်သောညနှင့် လသည် အလွန်လိုက်ဖက် လှပါလား ဟုသူတွေးမိပြန်၏။ ခပ်တိုးတိုး သီချင်းသံကြောင့် ပိုပြီးခံစား၍ ရသယောင်။ စိတ်ကူး၍ နေချင်သေး၏။ ဘာအကြောင်းတွေး ရမည်မသိသော်လည်း စိတ်ကူးနှင့် အတွေးနှင့် အေးအေးလေး နေချင်သေးသည်။ ညကို အိပ်ပစ်ရမည်မှာ နှမြောစရာဟု သူထင်လာသည်။ သူမအိပ်ချင်သေးပါ။

ငွေလမှာ ဆုံကြသော ချစ်သူနှစ်ဦး၏ အကြည့်အကြောင်း သူကြားဖူးသည်ကို မှတ်မှတ်ရရပင်။ လရောင်ကြောင့် ၀င်းနေသော စကားဝါပင်ကို သူလွမ်းရင်း ငိုချင်လာသည်။ လရောင်အောက်မှာ ပွင့်နေသော ပန်းတွေနှင့် ထုံအီသော ရနံ့ တစ်ခုကို သတိရလာ၏။ အထပ်ထပ် ကြားနေရသော်လည်း နှစ်မျောနေချင်သေးသော၊ မဆုံးစေချင်သေးသော တေးသွားကို ကျော့၍ ဖွင့်နေပြန်၏။ တယောသံအောက်မှာ ဒီအတိုင်း နေချင်သေးသည်။ မဆုံးစေချင်သော အခြေအနေ တရပ်ကို အထပ်ထပ် ဖန်တီးလို့ ရသရွေ့တော့ ဖန်တီးပေဦးမည်။ သူမအိပ်ချင်သေးပါ။

တခါတရံ ရပ်တန့်ထားလို့ မရသော အချိန်ကာလများ အကြောင်း တွေးမိသည်။ ဆွဲထား၍ မရသော အချိန်များ၊ သိမ်းထားချင်သော တဒင်္ဂများ၊ သီချင်း တစ်ပုဒ်လို မဆုံးစေချင်သော တခဏများ၊ ပြန်ကာပြန်ကာ ထပ်နေစေချင်သော ပြကွက်များ။ ဖန်တီးချင်စိတ်ကို နေသားတကျ ဖြစ်စေလိုသောစိတ်နှင့် မဖျက်ဆီး ပါနှင့်တော့။ ရှိပါစေတော့လေ။ မျောနေသော အတွေး အတိုင်းသာ ထားလိုက်ပါဟု သူ့ကိုယ်ကို ပြောနေမိသည်။ သူမအိပ်ချင်သေးပါ။

တရွေ့ရွေ့ လာနေသော တိမ်တတိုက်က လကို ဖုံးသွားသည်ကို ကြည့်ရင်း ၀မ်းနည်း မိ၏။ သာပြီးလျှင် ကွယ်ရမြဲ။ ကွယ်ပြီးလျှင် သာရမြဲ။ ကွယ်ပြီးပြီမို့ တိမ်ကင်းစင်မည့် အချိန်ကို သူစောင့်နေမိသည်။ အတက်အကျနှေးရာမှ မြန်လာသော တေးသွားတစ်ပိုဒ်ကို သူကြားလိုက်သည်။ သို့ပေမယ့် လက ပြန်မသာလာသေး။ လပြန်ထွက်သည့် အချိန်ကို စောင့်ချင်သေး၏။ သူမအိပ်ချင်သေးပါ။

ဘာကြောင့်ရယ် မသိ ၀မ်းနည်းလာသော စိတ်ကို ငြင်းပယ်ရန် ကြိုးစားဖို့ သူသီချင်းတစ်ပုဒ် ပြောင်းဖွင့် လိုက်သည်။ သို့ပေမယ့် အချိုးမညီ မလိုက်ဖက်သော သီချင်းသည် တာရှည် မခံ။ ဆွေးမြေ့သော တယောသံကို သူပြန်ကြားချင်ပြန်၏။ လူဆိုတာ ခက်သားလား။ လွမ်းနေရတာကိုပဲ အရသာခံ၍ ကြိုက်တတ်လေ သလား။ ထိုသို့ ဆိုလျှင်လည်း ထိုအလွမ်းကို တစိမ့်စိမ့် ခံစားဖို့ အတွက် သူမအိပ်ချင်သေးပါ။

တိုးသွားလိုက် ကျယ်လာလိုက်နှင့် တယောသံကို သူကြားနေရဆဲ။ သူ့မျက်ခွံများ လေးလံလာသည် ကို ငြင်းပယ်နေမိ၏။ မရပ်ပစ်လိုက်ပါနဲ့။ ခံစားနှစ်သက်ဆဲ အချိန်လေး တစ်ခုကို မဆုံးရှုံး ချင်သေးပါ။ လုပ်သင့်တာနှင့် စိတ်၏စေရာ တို့ကြား သူလွန်ဆွဲနေဆဲ။ သူတယောကို မြင်နေရသည်။ အို…. သူ့လက်ထဲကို တယောတစ်လက် ရောက်နေပါရောလား။ အံ့သြဖွယ်ရာပဲ။ သူ့လက်များက တေးသွားကို တီးခတ်နေကြသည်။ သူ….မအိပ်ချင်သေးပါ။

အိပ်စက်ခြင်း၏ နောက်တဖက်မှာ လင်းလက်သော နေရောင် တစ်ခု။ သူတာဝန်ယူ ထားသော ဘ၀တစ်ခု။

သူ တကယ် မအိပ်ချင်သေးပါ။

6 comments:

pandora said...

လှပတဲ့စာလေးတစ်ပုဒ် ရေးလိုက်ပြန်ပြီပေါ့..။

ကိုယ်ကတော့ ခုတလော အိပ်ချင်နေတယ် ပုံရိပ်ရယ်.. မနိုးချင်တာ။

တေးမွန် (ah nai) said...

နောက်နေ့ တွေလည်း အိပ်မရပါစေနဲ့ ။ (ဒါမှ ထပ်ရေးဖြစ်မှာ :P)

layma said...

ဘာလို့  အိပ်မပျော်လဲဆိုတော့ တယောက လက်ထဲ ရောက်နေလို့  ပေါ့နော်...။

ပုံရိပ် / Pon Yate said...

မပန်ရေ မနိုးချင်ဘူးလို့တော့ ပြောပါနဲ့ ဟီးးး။
ကိုနတ်ဆိုး မေတ္တာထားပုံ ကလဲနော်...။ ခုတလော အိပ်ပျော်ပျော်နေလို့ အသစ် မရေးဖြစ်။
မလေးမ... သီချင်းနားထောင်ရင်းနဲ့ အိပ်ချင်မူးတူး ဖြစ်လာလို့ တယော လက်ထဲ ရောက်လာတာ။

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

သိပ်လှတာပဲ...
ဒါမျိုး များများရေးပေးပါ..

ponyate said...

မလေး... ကျေးဇူးပါ။ :) ရေးဖို့ ကြိုးစား ပါ့မယ်။