Sunday, 16 November 2008

ပုံရိပ်နှင့်ဘလောက် ငရဲ

“ဟေ့ ပုံရိပ် ဆိုတာ ရှိလား။”

ကြောက်ကြောက်နဲ့ အမှောင် ထဲက ထွက်လာခဲ့သည်။ ကိုယ်ဘယ်ရောက် နေလဲဆိုတာလဲ သေချာ မသိ။ သိသလိုလိုတော့ ရှိသည်။ ဒါပေမယ့် မသိချင်တော့ မသိချင်ယောင်သာ ဆောင်လို့ နေမိသည်။ အခန်း တစ်ခုလုံးက ခပ်မှောင်မှောင်။ စားပွဲမှာ ထိုင်နေသူ အကြီးအကဲနှင့် သူ့တပည့်များ တ၀ိုက်တွင်သာ မီးထွန်း၍ ထားသည်။

“ဟေ့ ရှိရင် ထွက်ခဲ့လေ။”

လူတွေ ကြားထဲမှာ ယောင်လည်လည် လုပ်နေသောပုံရိပ်ကို မြင်ဟန် မတူသေး။

“ဘလောက် ရေးတယ်ဆို။”

“ဟုတ်..ဟုတ်ကဲ့။”

“အခု ဘလောက်ကို ပစ်ထားတယ် မဟုတ်လား။”

“ဟုတ်..ဟုတ်ကဲ့။”

“အခု မင်းဘယ်ရောက် နေလဲ သိလား။”

“ဟုတ်..ဟုတ်ကဲ့။ အဲ… မဟုတ်။ မသိပါဘူး။”

“အခု ငရဲ ရောက်နေတာဟေ့။ ဘလောက် ငရဲ။”

“ရှင်…..။”

ရှင် တစ်လုံးသာ တမိသည်။ ကိုယ့်ကိုယ်ကို ငရဲ ရောက်တယ်ဆိုတာ မယုံချင်သေး။ ကိုယ်က လူကောင်းလေး ပဲဥစ္စာဟု ပွစိပွစိနဲ့ တွေးနေမိသေးသည်။ ကိုယ့်အတွေးကို ယမမင်း… အဲ ယမမင်းလို့ ခေါ်လေမည်လား။ ဘလောက်ငရဲက ယမမင်းဆိုတော့ အင်း… ယမမင်း (ခေတ္တ ဘလောက်ငရဲ) အဲဒီလိုလား မသိနိုင်။ အဲ ဘာတွေတွေး နေပါလိမ့်…။ ထားပါတော့ အဲဒီ ဘလောက် ငရဲမင်းက သိသွားပုံ ရသည်။

“ဟေ့ ဒီကို ရောက်လာတာ မင်းဟာမင်း ကောင်းကောင်း၊ ဆိုးဆိုး၊ တို့ဂရုမစိုက်ဘူး။ မင်းဘလောက်ဂါ လုပ်ချင်တယ် ဆိုပြီး တာဝန် မကျေဘူး။ ဘလောက်ကို ရက်ပေါင်း များစွာ ပစ်ထားတယ်။ ကော်မန့်တွေကို မပြန်ဘူး။ ဆီဗုံး အဲလေ…. ဆီဘောက်စ်မှာလဲ ဘလောက် ရောင်းရင်းတွေရဲ့ စကားကို မပြန်ဘူး။ ယုတ်စွဆုံး နှစ်ရက်တိတိ ဘလောက်တွေတောင် လိုက်မဖတ်ဘူး။ အဲဒါကြောင့် အသိတရားရအောင် ဒီကို ခေါ်လာတာပဲ။”

အင်း အမှန်တရားတွေတော့ ပြောနေပြီ။ ဘာမှ လုပ်လို့ မရတော့ဘူး ဆိုတာ ကိုယ့်ဟာကိုယ် သိလိုက်သည်။

“ကဲ ကြာတယ် ကြာတယ်…။ နောက်က လူတွေ စောင့်နေတာ ရှိသေးတယ်။ မင်းအပြစ်ဒဏ်ကို ပြောမယ်။”

“ဟုတ်။”

“ဟိုမှာတွေ့လား ကွန်ပျူတာတွေ။”

အင်း အပြစ်ပေးမယ် ဆိုပြီး ဘယ်နှယ့် ကွန်ပျူတာတွေ ပြနေရပါလိမ့်။

“အေး အဲဒီ ကွန်ပျူတာသုံးပြီး တစ်နေ့ကို ဘလောက်ပို့စ် တစ်ခု ရေးရမယ်။ ပြီးရင် ဘလောက်ပေါ်မှာ တင်ရမယ်။ အင်း…. တင်ရမှာက အနှေးဆုံး ကော်နက်ရှင်နဲ့။ ဒီကြားထဲမှာ အနှောက်အယှက်တွေ ၀င်မယ်။ မီးက ပျက်မယ်။ ကော်နက်ရှင် ပြတ်မယ်။ အဲဒီ အခက်အခဲတွေကို ကျော်ပြီး တစ်နေ့ကို ပို့စ်တစ်ခု တင်ရမယ်။ ပြီးတော့ ဘလောက်ဆယ်ခုက ပို့စ်ဆယ်ခုကို ဖတ်ပြီး ငါ့ဆီကို နှစ်ရက်တစ်ခါ အကျဉ်းချုပ်တင်ရမယ်။ သူတို့ ဘာအကြောင်း ရေးထားလဲ။ ဘာကို ဆိုလိုချင်တာလဲ စသည်ဖြင့်ပေါ့။ အင်း…. အဲဒီကိစ္စတွေကို တစ်နေ့တည်း ပြီးအောင် မလုပ်နိုင်ရင်တော့…. ဟိုမှာ တွေ့လား ဒယ်အိုး။ ကဲဒါပဲ သွားတော့။”

ပြီးတော့ သူ့ဟာသူ ရေရွတ်သလို ကိုယ့်ကိုပဲ ဆုံးမချင်သလိုနဲ့ ဆက်ပြီး ပြောနေလေရဲ့။

“ဘယ်နှယ့်ဗျာ ဘလောက်ရေးဖို့ အခွင့်အရေး ကောင်းကောင်း ရှိနေရဲ့နဲ့၊ ကောင်းကောင်းမရေးဘူး။ တန်ဖိုးကို မထားတတ်ဘူး။ တန်ဖိုးနည်းနည်း သိအောင် ရေးကြည့်။”

သူပြောတဲ့ စကားကြားရင်း ငိုချင်လာသည်။ တန်ဖိုးကိုသိပါတယ်။ အလုပ်မအားလို့ပါ။ နိစ္စဓူဝ ဟိုကိစ္စ၊ ဒီကိစ္စ … ကိစ္စပေါင်းများစွာကို အကြောင်းပြမိရင်း ဘလောက်နဲ့ ဝေးကွာ သွားတာပါ။ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း ချွေးပြန်လာသည်။ ကော်နက်ရှင် မပြောနဲ့။ စာရေးဖို့ ပြတင်းပေါက် (Window) ကို ဖွင့်တာ အခုထိ တက်မလာသေး။ ငါးမိနစ်လောက် ကြာသွားပြီ ထင်သည်။ ဘိုးတော် ဘုရားလက်ထက်က ကွန်ပျူတာတွေ ထင်တယ်။ ကျွန်မ မှားပါပြီဟု အော်ပြီး ငိုချင်လာသည်။ မှားပါပြီ… မှားပါပြီ….။ ပြတင်းပေါက်ရယ် ပွင့်ပါတော့….။ ပွင့်ပါတော့…။ ပွင့်ပါတော့…။

ပွင့်ပါတော့…။ ပွင့်ပါတော့….။ ဟင် ငါဘာတွေ အော်နေပါလိမ့်။ ကိုယ့်ရှေ့မှာ ကွန်ပျူတာလဲ မရှိ။ အိပ်မက်မက်နေတာဟု သိတော့မှပင် စိတ်အေးသွားသည်။ အင်း မနက်ကျရင်တော့ ပို့စ်တင် ဦးမှ။

16 comments:

pandora said...

ဘလောက်ငရဲလား ဘလောက်နတ်ပြည်အကြောင်းလည်း ရေးဦးနော်။ ;P

တေးမွန် (ah nai) said...

ဒီတခါ လူမိုက်တော့ ကြောက်သွားပီလို့  ထင်ချင်စရာပဲ...
(ထင်ချင်စရာပဲ)

ဂျစ်တူး - gyit_tu said...

ဟား၂ ... စိတ်ကူးလေးက ကောင်းပ ။

မပန်ပြောသလို ဘလောက်နတ်ပြည်အကြောင်း နောက်တခါရေးရန် ရာဇသံပေးလိုက်သည် ။

ပုံ/
ဘလောက်နတ်မင်းကြီး

sin dan lar said...

ဒီပို့စ်လင့် ကို ဘလော့မှန်မှန်မရေးသူတွေဆီ ပို့ဦးမှပဲ..

ဝေလေး said...

တွေးတတ်လိုက်တာ..
ဟီးးး ..... ဘလောက်ငရဲတဲ့...
ဝေလေးလဲ ဘလော့ကိုပစ်ထားတာကြာပြီ.... :P :P
ဖြစ်သေးပါဘူး... ပို့စ်တင်အုံးမှ.... ဟဲဟဲ

PAUK said...

ဆင်ဒန်လားကြောင့်..
ဒီကိုရောက်လာရပါတယ်..
ဖတ်ရင်း..ကြောက်ရင်းး..
ဟီးး

ရွှေဂျမ်း said...

ပုံရိပ်ရေ ... ဒါဖတ်ပြီးမှ လန့်တောင်သွားပြီ။ ဂျမ်းဆို ဒယ်အိုးထဲက တက်ရပါ့မလားနော်။ :)

P.Ti said...

အင်း အဲလိုလေးလည်း ကြောက်ဦးမှပဲနော်... အဟဲ...

မယမင်း... အဲ ယမမင်းကြီးက သဘောကောင်းလို့နော်... မဟုတ်ရင် ပုံရိပ်တို့ တစ်ရက် ပို့စ်အသစ်ဆယ်ခု ရေးနေရမယ်...

ရေးလည်းရေးတတ်ပါ့ ... :)

ပုံရိပ် / Pon Yate said...

မပန်နဲ့ မဂျစ်... ဘလောက် နတ်ပြည်အကြောင်း ရေးဖို့ စဉ်းစားလိုက်ဦးမယ် ဟဲ..။ ရာဇသံတော့ မပေးပါနဲ့။ ကြောက်လို့။
ကိုနတ်ဆိုး ဟဲဟဲ ထင်ချင်စရာပဲ နော်...။
sin dan lar ဖြန့်လိုက်တယ် ထင်တယ်။ လာဖတ်တဲ့ လူတွေများလာတယ်။ ကြော်ငြာပေးတာ ကျေးဇူး။
မဝေလေး အသိတရားတွေ ရနေပြီ :D။
pauk မကြောက်ပါနဲ့။
မဂျမ်းရယ် ပြောပုံကို သဘောကျပြီး ရယ်မိပါတယ်။ ကြံကြံဖန်ဖန်။
ကိုပီတိ ဆယ်ပုဒ်တော့ မလုပ်ပါနဲ့။ :)

thorn musem said...

ပုံရိပ်ရေ...
အတွေးကို အရေးက လိုက်နိုင်တော့
ဖတ်ပြီး သဘောကျလိုက်တာ...
တစ်ခုတော့ ပြောစရာရှိတယ်...
ဘလော့ဂ် ငရဲမှာ တွေ့ ခဲ့ တဲ့  သူလေ...
ယမမင်း မဟုတ်ဘူး...
သူက အရင်ဘ၀က မိန်းကလေး ဘလော့ဂါ...
ပို့ စ် အသစ်တွေ မတင်လို့  ဘလော့ဂ် ငရဲမှာ ခံနေရတာ..
ယမမင်း မဟုတ်ဘူး...
အရင်ဘ၀က သူ့ နာမည်က “ မ ယမင်း”..။

ဒူကဘာ said...

ဘလော့ခ်ငရဲမှာ ကိုးနတ်ရှင် ကောင်းဖို့ ဂါထာတွေ မတောင်းခဲ့ဖူးလားဗျာ....!

တန်ခူး said...

ပုံရိပ်ရေ… ဆန်းသစ်တဲ့အတွေးလေးနဲ့  ပိုင်နိုင်နဲ့ အရေးလေးနဲ့ ပေါင်းလိုက်တော့…
ကြောက်သွားတယ်… ကိုယ်လဲ ခုတလောတကယ် အဲလိုဖြစ်နေတာလေ… မဖြစ်ဖူး မှန်မှန်ရေးမှနော်….

layma said...

ခုတလော ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေမှန်းမသိတာ လက်စသတ်တော့ လေးမ ဒယ်အိုးထဲရောက်နေတာ ဖြစ်ရမယ်...။ ပူပါတယ်လို့  အောင့်မေ့တာ..။
မပုံရိပ်က ယမမင်းနဲ့  တွေ့ တဲ့အဆင့်ပဲရှိသေးတာ...။ လေးမတော့ ဒယ်အိုးထဲရောက်သွားပြီထင်တယ်...။

ပုံရိပ် / Pon Yate said...

ကိုဆူး.. မယမင်းက ဘယ်သူများ ဖြစ်မလဲ မသိ...။
ကိုဒူကဘာ ဂါထာက ဥုံ မြက်မြက်ဆန် မြက်မြက်ဆန်...။
်မတန်ခူးရေ ပုံရိပ်လဲ ရေးပြီးတော့ ကိုယ်ကိုတိုင် မတင်ဖြစ်ပြန်ဘူး ဟီး။
မလေးမရယ် ပေါက်ပေါက်ရှာရှာ.. ပုံရိပ်လဲ ဒယ်အိုးထဲ ရောက်ချင်ပြီ ထင်တယ်။

A Linn Nyi said...

ဘလော့ခ်ငရဲ assignment က မလွယ်ပါလား ပုံရိပ်ရေ။ connection မကောင်းပါဘူးဆိုမှ ခိုင်းလိုက်တာ..ရွှတ်..ရွှတ်။

ပုံရိပ် / Pon Yate said...

မအလင်းညီ ဟုတ်ပ။ အိပ်မက်မို့လို့ တော်တော့တယ်...။