Monday, 27 October 2008

သီချင်း တစ်ပုဒ်ကို ခံစားခြင်း

ကျုပ်ရှေ့မှာ မြစ်တစ်စင်း ဖြတ်စီးဆင်း နေတယ်။ ကမ်းပါးပေါ်မှာ ရပ်ရင်းနဲ့ ကျုပ်ငေးကြည့်နေမိတယ်။ မြစ်ဟာ ငြိမ်ငြိမ်လေး ငြိမ့်ငြိမ့်လေး စီးနေလေရဲ့။ မြစ်ရေပြင်ပေါ်မှာ စိမ်းစိုနေတဲ့ သစ်ပင်တစ်ချို့ အရိပ်တွေ၊ အရိပ်တွေ….။ အို…. ငြိမ်းချမ်းလိုက်တာ….။ ဒီအချိန်မှာ ကျုပ်စိတ်ထဲ စိတ်ရိုင်းတွေ ၀င်လာတယ်။ မြစ်ကို လှိုင်းတံပိုးတွေ ထန်လာအောင် အမိန့်ပေးချင်လာတယ်။ ကျုပ်စိတ်တွေ ဆူဝေလာတယ်။ ကျုပ်ရဲ့ ဆန္ဒအတိုင်း ဘာမဆို ဖြစ်ရမယ်။ ဖြစ်ကို ဖြစ်ရမယ်။ ကျုပ် အမိန့်တွေ ပေးလိုက်တယ်။ မြစ်ရေပြင်မှာ လှိုင်းတွေ ထန်စေ…………။ လှိုင်းတွေ ထန်စေ…..။ လှိုင်းတွေ ထန်စေ……..။ အမိန့်ပေးရင်းနဲ့ ကျုပ်မောဟိုက် လာတယ်။ အို…..မြစ်ကတော့ ငြိမ်နေဆဲ ပါလား။ သစ်ရွက်တွေကတော့ သာသာလေးပဲ လှုပ်ခတ်နေလေရဲ့။ ငြိမ်းချမ်းနေတဲ့ ပတ်ဝန်းကျင်ကို မြင်လေ၊ ကျုပ် ဒေါသထွက်လေပဲ။ နောက်ထပ် တစ်ခါ၊ နှစ်ခါ၊ သုံးခါ….. ကြိုးစား ကြည့်တယ်။ နောက်ဆုံး ကျုပ်မြစ်ကမ်းဘေးမှာ ထိုင်ချလိုက်တယ်။ ကျုပ် ငိုမိတယ် ထင်တယ်။ ရှိုက်ရှိုက်ပြီး ငိုမိတယ် ထင်တယ်။

အင်း…. ကျုပ်ဟာ တစ်ချိန်က ပင်လယ်တွေကိုတောင် အမိန့်ပေးခဲ့တဲ့ တန်ခိုးရှင်ပဲ။ ကျုပ်ရဲ့ ခြေဖ၀ါးအောက်မှာ လိမ့်လိမ့်ပြီး တက်လာတဲ့ လှိုင်းလုံးတွေကို ကြည့်ပြီး ကျေနပ်ခဲ့ဖူးတယ်။ လှိုင်းလုံးတွေဟာ အိမ်တွေကို၊ သစ်ပင်တွေကို၊ လှေတွေကို ၀ါးမျိုသွားခဲ့တယ်။ ဒါတွေကို ကြည့်ပြီး ကျုပ်အမိန့်ရဲ့ စွမ်းအားကို ကျုပ်ကျေနပ် ခဲ့ဖူးတယ်။ ကျုပ်ရယ်သံတွေ လွှမ်းခဲ့ဖူးတယ်။ လောကကြီးမှာ ကျုပ်ရဲ့ အမိန့်တည်စေရမယ်….။ အဲသလို ကြွေးကြော်ဖူးခဲ့တယ်။

ခုတော့… ကျုပ်ကို လူတွေက အရူးတဲ့။ ကျုပ်အကြောင်းကို ပြန်ပြောပြရင် တချို့ကလည်း ရယ်ပြီး ထွက်သွားကြတယ်။ တချို့ကလည်း ကျုပ်ကို ပြန်ပြောသွားကြတယ်။ တံမြက်စည်းလှည်း မှာသာ လှည်းစမ်း ပါဗျာ တဲ့။ ကျုပ်ဟာ ခုတော့လည်း လမ်းတွေပေါ်မှာ တံမြက်စည်းလှည်းတဲ့ လူကြီးပေါ့။ ဒီလမ်းတွေကို တချိန်က ကျုပ်ပိုင်ဖူးခဲ့တယ် ဆိုတာကို ကျုပ်ကျိန်တွယ် ပြောလည်း မယုံဘူး။

ဒီလမ်းတွေပေါ်မှာ ကျုပ်က မှောင်စေချင်တယ်ဆို မှောင်ရတယ်။ လင်းစေချင်တယ်ဆို လင်းရတယ်။ နေ့တွေ ညတွေကို ကျုပ်ဖန်တီးတယ်။ ဒီလမ်းတွေပေါ်မှာ လျှောက်စေချင်တဲ့ လူတွေသာ လျှောက်ရမယ်။ မလျှောက်စေချင်တဲ့ သူများဟာ အရိပ်တောင် သီခွင့်မရှိဘူး။ ကျုပ်သေဆိုသေ ရှင်ဆိုရှင်ပဲ။

လူတွေက ပြောကြတယ်….။ ကျုပ်ဒီအာဏာတွေကို ရဖို့အတွက် အတားအဆီးတွေ အားလုံးကို ဖျက်ဆီးခဲ့တယ်။ တံခါးတွေကို ရိုက်ချိုးခဲ့ရတယ်။ အဲ…စည်းတွေ အားလုံးကိုလည်း ချိုးဖောက်ခဲ့ရတယ်။ မျက်ရည်တွေ၊ ငိုသံတွေကို နင်းခြေပြီး ကျုပ်တက်ခဲ့တယ်။ လှေကားတွေကို တစ်လှမ်းချင်း တက်ခဲ့တယ်။ အမြင့်ကို ကျုပ်မက်မော လာတယ်။ မြင့်လေ မက်မောလေပဲ။ မြင့်လေ… ငိုသံတွေကို မကြားရတော့လေပဲ။ မကြားချင်ဘူး။ အဲဒီအကြောင်းတွေ မကြားချင်ဘူး။ ကျုပ်အတွက် ကျုပ်ဖန်တီးခဲ့တဲ့ တန်ခိုး အာဏာတွေကို ဘာနဲ့ပဲ လဲရလဲရ။

ပိုးဖဲ ကတ္တီပါတွေ ရှိတယ်။ ကျောက်သံ ပတ္တမြားတွေ ရှိတယ်။ ၀တ်ကောင်းစားလှတွေ ရှိတယ်။ အစားအသောက်ကောင်းတွေ ရှိတယ်။ ကျုပ်မျက်နှာကို အားလုံးဟာ မော်မကြည့်ရဲဘူး။ ဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ ဆိုတဲ့ စကားဟာ ကျုပ်နားမှာ ချိုမြလို့။ ကျုပ်ရဲ့ ရန်သူမှန်သမျှ ရှင်းလင်းခဲ့တယ်။ ကျုပ်စကားတစ်လုံးနဲ့ သူတို့ဟာ ကွယ်ပျောက် ကုန်ကြတယ်။ လူတွေဟာ ကျုပ်ကို ပိုပြီး ရွံ့လာကြတယ်။

ဘာသာရေးကို နာမည်တပ်လို့ ကျုပ်အာဏာကို ဖြန့်ကျက်ခဲ့တယ်။ ငရဲရောက်မယ့် လူတွေကို ကယ်တင်ဖို့ အတွက် လူ့အသက်အချို့ ကျုပ်အမိန့်နဲ့ သတ်ခဲ့တယ်။ ကျုပ်စကား တစ်ခွန်းအောက်မှာ စစ်မီးတွေ လောင်ခဲ့တယ်။ မဆုံးနိုင်အောင် လောင်မြိုက်ခဲ့တယ်။ ငရဲကျမယ့် လူတွေရဲ့ ကယ်တင်ရှင်ကြီး ကျုပ်ဟာ နတ်ပြည်တော့ ရောက်လိမ့်မယ် မထင်ဘူးတဲ့ အချို့ လူတွေက ဝေဖန်ကြတယ်။

ကျုပ်မေ့ထား ခဲ့တယ်။ မတည်မြဲခြင်းတွေကို မေ့ထားခဲ့တယ်။ အလှည့် အပြောင်းတွေကို မေ့ထားခဲ့တယ်။

ခုတော့လည်း….

မဆုံးနိုင်တဲ့ နေ့တွေထဲ တစ်ယောက်တည်း နှိုးထလာရင်း…..

တချိန်က ပိုင်ခဲ့ဖူးတဲ့ လမ်းများကို လှည်းကျင်း သုတ်သင်ရင်း…

သဲပေါ်ဆောက်ထားတဲ့ ကျုပ်ရဲ့ ရဲတိုက်ကြီးကို ငေးရင်း….

နတ်ပြည်က တံခါးမှူးရဲ့ ခေါ်သံကို (မမျှော်လင့်ရဲ သော်လည်း) တောင့်တရင်း…..

သစ္စာတရား၊ အမှန်တရား မရှိခဲ့တဲ့ ကျုပ်ရဲ့ခေတ်…..ခေတ်ကို လွမ်းမောနေမိနေလေရဲ့။ ကျုပ်ကို မေ့သွားကြ ပြီလား။ ကျုပ်ရဲ့ အရေးပါမှုကို မေ့သွားကြပြီလား။ သက်တော်ရာကျော်ရှည် ပါစေတဲ့လား…..။ ခုတော့ အဆုံးမရှိခြင်းဟာ ဆုတောင်းပြည့်မှု တစ်ခုလား၊ ဒုက္ခတစ်ခုလား။

မြစ်ကတော့ ငြိမ်နေဆဲ။ စီးဆင်းနေဆဲ။ အားလုံးကို မသိကျိုးကျွန် ပြုလျက် စီးဆင်းနေဆဲ…..။

(Cold Play ရဲ့ Viva la Vida ဆိုတဲ့သီချင်းကို ခံစားပြီး စိတ်ကူးနဲ့ ရေးပါသည်။)

4 comments:

pandora said...

အမှန်တရားတခုပေါ့ ပုံရိပ်ရေ
မြစ်ရေစီးထဲ မျောပါခံစားသွားတယ်

thorn musem said...

ပုံရိပ်ရေ....
မတည်မြဲသောအရာတွေကို လူတွေက အတ္တစိတ်နဲ့ 
အမြဲရှိနေမယ်လို့ ထင်နေကြတာလေ...
ဒီစာလေးက သတိသံဝေဂရဘို့ ကောင်းပါတယ်...။
ဖြစ်ပျက်တရားသဘောတွေနဲ့ လောကလှည့်ကွက်တွေကိုပါဖတ်နေရင်းခံစားရပါတယ်...။

တန်ခူး said...

သီချင်းတပုဒ်ထက် ပိုခံစားသွားမိတယ်
သီချင်းတပုဒ်ထက် ပိုတွေးသွားမိတယ်
သီချင်းတပုဒ်ထက် ပိုနားလည်သွားမိတယ်
ပုံရိပ်ရေ… ဒီပို့ စ်လေးအတွက် ကျေးဇူးပါ…

ပုံရိပ် / Pon Yate said...

မပန် ကိုဆူးနဲ့ မတန်ခူးရေ မှတ်ချက်တွေကို အကြောင်းမပြန် ဖြစ်တာ ခွင့်လွှတ်ပါ။
ပုံရိပ်နဲ့ အတူ လာရောက်ခံစားသွားတာ ကျေးဇူးပါ။ အကြောင်း မပြန်ဖြစ်ပေမယ့် မှတ်ချက်တွေ တွေ့ရင် အမြဲ ၀မ်းသာပါတယ်။