Tuesday, 14 October 2008

အချစ်ဇာတ်လမ်း


သစ်ရွက်လေး တစ်ရွက်ကြွေတယ်…

ပန်းလေး တစ်ပွင့်ပွင့်တယ်…

လေညှင်းလေး တစ်ချက် သုတ်သွားတယ်…

ရင်အုပ် အနီလေးနဲ့ ငှက်ကလေးတစ်ကောင် ကိုတွေ့တယ်…

ဒါတွေအားလုံးဟာ ချစ်စရာချည်း ပါပဲ။ လူတစ်ယောက်ရဲ့ ပတ်ပတ်လည် သက်ရှိ သက်မဲ့ လောက အရာမှန်သမျှမှာ ချစ်တတ်ရင် ချစ်စရာတွေချည်း ပဲ။ ဒါပေမယ့် အဲဒီ အချစ်ရဲ့ ရှေ့မှာ နာမ၀ိသေသန မျိုးစုံ ပါလာတတ်တယ်။

ထူးအိမ်သင် ကတော့ အကြောင်းပြချက်များ မလိုဘူးတဲ့။ စိုင်းထီးဆိုင် ကတော့ ချစ်၍ စွန့်သွားတဲ့ မင်းကို စွန့်၍ ချစ်သွားမယ် တဲ့။ အဲဒီထဲမှာ (ဒေါ်)ကြည်အေး ပြောတဲ့ စာကြောင်းလေးကို အစွဲဆုံးပဲ။ အချစ်၌ အတ္တများစွာ ပါလေသည် တဲ့။ အတ္တကြီးတဲ့ အချစ်နဲ့ အတ္တသေးတဲ့ အချစ်ရယ်လို့ပဲ ကွဲမှာပေါ့။ အချစ်ဆိုရင် အတ္တပါလေတယ်လို့တော့ ပုံရိပ် အတွေ့အကြုံ အရ ဆိုရမှာပါ။ ပုံရိပ် မသိသေးတဲ့ အချစ်တွေလည်း ရှိဦးမှာ ပေါ့လေ။ အဲဒီတော့ ပုံရိပ်လည်း မပြောတတ်တော့ဘူး… မပြောအပ်တော့ဘူး…..။ မတန်ခူးက tag လာတယ် အချစ်အကြောင်း ဆိုလို့အရင်ကတည်း ရေးထားခဲ့ဖူးတဲ့ ၀တ္ထုလေးတစ်ပုဒ်ကို ကိုက်ညီမယ်ထင်ပြီး တင်လိုက်ပါတယ်။ ပြောတော့ဘူးနော်။ ကိုယ်တိုင် ခံစားကြည့်ကြပါကုန်….။ ရေးစရာမရှိတုန်း ရေးစရာ အကြောင်းအရာ ရှာပေးတဲ့ မတန်ခူးကို ကျေးဇူးပါ။

xxx

နှင်းတို့ ဝေနေသည်။ ၀ိုးတ၀ါးသာ မြင်နေရသော်လည်း ဆယ့်ရှစ်နှစ်ကြာ လျှောက်ခဲ့သောလမ်းကို မမှားချင်တော့ပါ။ တိတ်ဆိတ်လွန်းသည်မို့ ကိုယ့်ခြေသံကို ကိုယ်ပြန်ကြားနေရသည်။ သီ့နားထဲမှာ နောက်ခြေသံတစ်ခု လိုနေသေးသလို။ မီးခိုးနံ့သင်းလာပြီမို့ အကြော်ဆိုင်နှင့်နီးပြီဟု သီသိလိုက်သည်။ အကြော်ဖိုမှ မီးတောက်သံကိုလည်း ကြားနေရပြီ။

“အဒေါ် ဘူးသီးကြော် တစ်ပွဲပေးပါနော်။”

“အေး…အေး ရမယ်။”

အသင့်ချထသော ခုံပုလေးများမှာ နှင်းများစိုနေနှင့်ပြီ။ နှင်းစက်တွေကို သုတ်ရန် အ၀တ်တစ်ခု တောင်းရပေဦးမည်။ သီပြန်ရောက်တော့…

“ဟင်…..ဖိုးညီ”

သီထိုင်မည့်ခုံမှာ အရင်တုန်းကလို ခြောက်သွေ့သန့်ရှင်းလျက်။ ပြီးတော့ သီနှင့် မျက်နှာချင်းဆိုင်မှာ ရပ်လျက်။ ဖိုးညီ….။ နှင်းများ ပိတ်ဆိုင်းနေသော်လည်း သီမြင်နိုင်ပါသည်။ သူ့မျက်လုံးများကို သီမြင်ရသည်။ အံ့သြခြင်းလား၊ ၀မ်းသာခြင်းလား၊ ၀မ်းနည်းခြင်းလား။ ဒါမှမဟုတ် အားလုံးကိုလား။ သီမြင်နေရသည်။

“ထိုင်လေ… သီ။ ငါသုတ်ပေး ထားတယ်။”

သူ့လက်ထဲမှာ လက်ကိုင်ပ၀ါ အကွက်လေးတစ်ထည်။ ဟိုတုန်းကလိုပဲ။ ခုနစ်နှစ်။ ခုနစ်နှစ်ဆိုသည့် အချိန်က လူတစ်ယောက်ကို မေ့နိုင်လောက်အောင် ကြာခဲ့ပြီလာ့း…။ ဖိုးညီ…။ သီ အိပ်မက်မက်နေသူ တစ်ယောက်လို ထိုင်ချလိုက်သည်။

“နောက်တစ်ပွဲချ ပေးရဦး မလား တူမကြီး။”

အကြော်သည် အဒေါ်ကြီးက လာမေးသည်ကို လက်ကာပြလိုက် ရသည်။

“မတွေ့တာ ကြာပြီနော်၊ နေကောင်းလား သီ။”

သူ့ရဲ့ အူကြောင်ကြောင် စကားအဆုံးမှာ သီ ခေါင်းညိတ်လိုက်သည်။ မတွေ့တာ ကြာပြီတဲ့လား။ ငါ့ဘ၀ထဲမှာ နင်မရှိတော့အောင်ကို မတွေ့တာ ကြာပြီနော်။ မတွေ့အောင်ရှောင်ခဲ့တဲ့သူက မတွေ့တာ ကြာပြီနော်လို့ နှုတ်ဆက်တာ ငါဘာပြန်ပြောရမလဲ။

ဟိုးခုနစ်နှစ်ဆီတုန်းက နင်တိတ်တိတ်လေး ငါ့ဘ၀ထဲက ထွက်သွားတော့ ခုလို အချိန်ပဲ။ တိုက်ဆိုင်လိုက်တာ။ ရန်ကုန်ကို မနေ့ကပဲ ထွက်သွားတယ်လေ…. သမီးကို နှုတ်ဆက် မသွားဘူးလား….ဆိုတဲ့ နင့်အမေရဲ့ ပြောစကားကြောင့်ပဲ နင်ဘယ်မှာ ရှိနေတယ် ဆိုတာကို သိခဲ့တာပါ။ နှုတ်တောင်ဆက် မသွားတဲ့ လူတစ်ယောက်ရဲ့ လိပ်စာကို ငါလိုချင် ပေမယ့် မတောင်းခဲ့ဘူး သိလား။ တချိန်တုန်းက ဆယ့်ရှစ်နှစ် အရွယ် ကောင်မလေးတစ်ယောက်ရဲ့ ဒေါသတွေဟာ ခုတော့လည်း ရယ်စရာပါ။

“နင့်ကို ငါလာရှာတာ သီ။”

“ဘာရယ်… ဘာအတွက်လဲ။”

စကားပလ္လင် ခံခြင်းမရှိသော သူ့စကားကြောင့် သီ မျှော်လင့်ထားသလို ပျော်ရွှင်သွားခြင်း မရှိခဲ့ပါ။

“နင် ငါ့ကို မတွေ့ချင် တော့ဘူးလား သီ။”

“တွေ့ချင်ပါတယ်။ ငါ ဆယ့်ရှစ်နှစ်လုံး ပေါင်းလာ ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ကို ဘာကြောင့် မတွေ့ချင် ရမှာလဲ။ ငါ့ကို သက်သက်လာရှာတယ် ဆိုတာကိုသာ ထူးဆန်းနေတယ်။”

“ဟုတ်တယ် နင့်ကိုငါ သက်သက်လာရှာတာပဲ။”

သူ့မျက်လုံးများကို ကြည့်ရင်း သီတစ်ခုခုကို သိလိုက်သလို…။ ဟင့်အင်း…သူပြောမည့် စကားများကို သီမကြားရဲပါ။ သူလည်း မပြောသင့်တော့ပါ။ သီ့တစ်ကိုယ်လုံး ခွန်အားတွေ မရှိတော့ သလိုပဲ။ ရှိတဲ့ အင်အားအကုန်စု၍ သူ့ကိုမော့ကြည့်လိုက်သည်။

“ငါ လက်ထပ်တော့မယ် ဖိုးညီ။”

တိုးတိုးသာ ရေရွတ်မိသော်လည်း သီ့စကားက သူ့ကိုတုန်လှုပ်သွားစေသည်။ သူ့မျက်ဝန်းများ ချက်ချင်း အရောင်ပြောင်းသွားသည်ကို မြင်ဖြစ်အောင် မြင်လိုက်သေး၏။ ဟုတ်တယ် ဖိုးညီ။ ငါလက်ထပ်တော့မယ်။ အဲဒီစကားကို ကြားရင် နင့်မျက်နှာ ဘယ်လိုနေမလဲလို့ ငါခဏခဏ တွေးကြည့်ခဲ့ဖူးတယ်။ ခုတော့ ငါတွေ့နေရ ပြီလေ။ နင့်မျက်နှာ ဘယ်လိုနေလဲ။ ငါတွေ့နေ ရပြီ။ စိတ်ထဲကနေ သီဆက်ပြောနေမိသော်လည်း တကယ်တော့ ထင်သလောက် ပျော်ရွှင်ထိရှ သွားခြင်း မရှိခဲ့ပါ။ ကိုယ့်ကိုယ်ကို အံ့သြမိသည်။ မောင်…. မောင့်ကိုပဲ သီချစ်ခဲ့တာပါ။

သီ့ဆန္ဒကို အမြဲ ဦးစားပေးခဲ့တဲ့မောင်၊ နူးညံ့ပြီး လိုက်လျော အလျော့ ပေးခဲ့တဲ့ မောင်။ တခါတရံမာကြောတတ်တဲ့ သီ့ရဲ့ မာနတွေ အရည်ပျော်ကျ ရသည်အထိ မာနမရှိတဲ့ မောင်။ ငါဟာ မောင့်ကို သူများတွေနဲ့ ယှဉ်လို့ ရွေးချယ်ခဲ့တာလား ဆိုတာတော့ ငါမသိဘူး ဖိုးညီ။ ဒါပေမယ့် ငါ့ဘ၀မှာ မောင့်ရဲ့ အချစ်က ငြိမ်းချမ်းစေတယ်။ မောင့်လက်ကို ဆုပ်ကိုင်ရတဲ့ အခါ လုံခြုံမှုတစ်ခုကို ခံစားရတယ်။ အဲဒါကိုပဲ ငါမက်မော သလားတော့ မသိဘူး။ အချစ်ဆိုတာ ကိုယ်ရှာတာ ကိုယ်ရတတ်တဲ့ အမျိုးပဲလား ဖိုးညီ။

စက္ကန့်ပေါင်းများစွာ ကြာသွားခဲ့သည်။ ဖိုးညီ နှုတ်ဆိတ်နေတာကို သီမကြည့်ရက် သလိုဖြစ်လာသည်။ တကယ်တမ်း သီသူ့ကို နာကျင်စေလိုခြင်း မရှိပါလား။ သီတို့ နှစ်ဦးကြားမှာ ရှိနေသည့် ဘူးသီးကြော် ပန်းကန်ကိုသာ သီ အဓိပ္ပာယ်မဲ့ ထိတို့ကစားနေခဲ့သည်။

“နင် တကယ်သေချာ ရဲ့လား သီ။”

သီ့ ဒေါသတို့ ချက်ချင်း ဆူဝေလာပြန်သည်။ နင့်ကိုယ်နင် သိပ်အထင်မကြီး ပါနဲ့ ဖိုးညီ။ မာနတို့ ခေါင်းထောင်လာသည်။ သီ့ ဒေါသကို သူမသိစေရ။ တောင်းပန်သော မျက်လုံးများကို လွှဲဖယ်၍ ထားလိုက်ပြီ။

“နင် ငါ့ဆုံးဖြတ်ချက်ကို မယုံတာလား။ ဝေဖန်ချင်တာလား။”

“နင့်ကိုငါ မမှားစေချင်တာပါ။”

“မမှားစေချင်တာ….ဟုတ်လား။ နင် ငါ့အကြောင်းကို မသိဘဲနဲ့ မဝေဖန်ချင် စမ်းပါနဲ့။”

သီလှောင်ရယ် ရယ်လိုက်မိသည် ထင်၏။ ငါ့ကို မမေးတော့ဘူးလား ဖိုးညီ။ ငါလက်ထပ်မယ့်သူဟာ ဘယ်သူလဲဆိုတာ…။ နင်တကယ်ပဲ မသိချင်ဘူးလား။ ဒါမှမဟုတ် သိရမှာကို ကြောက်နေတာလား။ ငါဟာ အရင်တုန်းက သီ မဟုတ်တော့ဘူး။ စိတ်ကူးယဉ်တတ်တဲ့ ဆယ့်ရှစ်နှစ်အရွယ် ဆယ်ကျော်သက် ကောင်မလေး မဟုတ်တော့ဘူး။ ငယ်သူငယ်ချင်းက အကြောင်းမကြားဘဲ ခွဲသွားရင် ၀မ်းပန်းတနည်း ငိုကြွေးတော့မယ့် မိန်းကလေး မဟုတ်တော့ဘူး။ ခုနစ်ဆိုတဲ့ အချိန်ဟာ လူတစ်ယောက်ကို ကြီးပြင်းစေခဲ့ပြီ ဆိုတာ နင်သတိမထား မိတာလား၊ ဒါမှမဟုတ် မယုံချင် တာလား။

“အိမ်ထောင်ရေးမှာ အချစ်ဆိုတဲ့ အရာကို ယုံကြည်လား သီ။ နင်တခြား တစ်ယောက်ကို မချစ်ခဲ့ဖူးဘူး ဆိုတာ သေချာလား။”

“ငါ ဘယ်သူ့ကိုပဲ စိတ်ကူးယဉ်ခဲ့ဖူးဖူး၊ ငါ့အချစ်ဟာ ငါလက်ထပ်မဲ့ သူဆီမှာပဲ ရှိတယ်။”

“နှစ်ပေါင်းများစွာ ကြာရှည်ခဲ့တဲ့ သံယောဇဉ်ကို အချစ်လို့ မခေါ်နိုင် ဘူးလား သီ။”

သူ့အသံမှာ သူ့ကိုယ်သူပြန်မေးနေ သလိုပဲဟု သီထင်ချင်သည်။ သီ့စိတ်ထဲမှာ နှစ်ရှည်လများ သိမ်းဆည်းထားသော စကားတို့ တိုးထွက်လာကြသည်။

“အချစ်… ဟုတ်လား။ နင်က အချစ်အကြောင်းကို ဘယ်လောက်များ သိလို့လဲ။ အင်းလေ….လူတိုင်းမှာ သူတို့ နားလည်တဲ့ ပုံစံတိုင်းနဲ့ အချစ်ရှိနေမှာပါ။ ငါ့အတွက်လည်း ငါ့ဖွင့်ဆိုချက်နဲ့ ငါပေါ့။ ဒီမှာ ဖိုးညီ…။ အချစ်ဆိုတာ သစ်ပင်တစ်ပင်ကို နှုတ်သလို ဆွဲနှုတ်ပစ်လို့ ရတဲ့ အရာမဟုတ်ပေမယ့် သစ်ပင်တစ်ပင်လို မပျိုးဘဲ ထားရင်သေသွား တတ်တယ်။ အချစ်မှာ ပေးဆပ်လေးနက်ခြင်းတွေ ပါတယ်။ သည်းခံနားလည်မှုတွေ ပါတယ်။ ကိုယ့်မာနကို ထိန်းချုပ်ခြင်းတွေ ပါတယ်။ တစ်ဖက်လူရဲ့ မာနကို တန်ဖိုးထားခြင်း တွေလည်း ပါတယ်။ နောက်ဆုံးမှာ ချစ်သူနှစ်ဦးရဲ့ အတ္တနဲ့မာနနှစ်ခုလုံး ပေါင်းဆုံသွားတာပဲ။ တနေ့မှာ အိပ်ယာက နှိုးလာပြီး ချစ်ဖို့သတိရရုံနဲ့ အချစ်ဖြစ်မလာဘူး။”

ထူးဆန်းစွာပင် သီ့ အသံက ငြိမ်သက်လွန်းနေသည်။ သီ ထိုင်ရာမှ ဖြည်းညင်းစွာ ထသည်။

“နင့်ကိုငါ ဖိတ်စာ ပို့လိုက်မယ် ဖိုးညီ။”

အပြန်လမ်းမှာ နှင်းတို့ကွဲလုပြီ။ လင်းကျင်းသော လမ်းကို မြင်နေရသည်။ သီ့စိတ်ထဲမှာ ဘာမှ မရှိတော့။

11 comments:

PTi said...

ကောင်းလိုက်တာ ပုံရိပ်ရယ်...

အချစ်ဆိုတာ သစ်ပင်တစ်ပင်ကို နှုတ်သလို ဆွဲနှုတ်ပစ်လို့ ရတဲ့ အရာမဟုတ်ပေမယ့် သစ်ပင်တစ်ပင်လို မပျိုးဘဲ ထားရင်သေသွား တတ်တယ်။ ...........

နောက်ဆုံးမှာ ချစ်သူနှစ်ဦးရဲ့ အတ္တနဲ့မာနနှစ်ခုလုံး ပေါင်းဆုံသွားတာပဲ။ တနေ့မှာ အိပ်ယာက နှိုးလာပြီး ချစ်ဖို့သတိရရုံနဲ့ အချစ်ဖြစ်မလာဘူး....

အဲဒီအပိုဒ်ကလေးက အယူအဆ စာသားတွေ အကုန်လုံးကိုကြိုက်တယ်...

ပုံရိပ်အဲလောက် အရေးကောင်းတော့ ကျွန်တော်က နောက်ကနေ ဘယ်လိုရေးရတော့မလဲ... မရေးတတ်တော့ဘူး... :D

မတန်ခူးကို ပုံရိပ်ရေးထားတာ ပဲဖတ်လိုက်တော့ လို့ပြောလိုက်မယ်... ဟဲဟဲ...

Layma said...

ဖတ်ကောင်းတယ် ပုံရိပ်ရယ်...။
ယောက်ျားတချို့ ဟာ သိပ် အမြင်ကတ်စရာကောင်းတယ်...။ အဲလိုပဲ အပိုင်ကြီး တွက်တွက်ထားကြတာ... ။
အချစ်ဟာ မပျိုးဘဲ ထားရင် သေသွားတတ်တယ်... တဲ့လား... မှန်ပါ့... ပုံရိပ်ရယ်...။လေးမ ဆိုလည်း သီ့ လိုပဲ ဆုံးဖြတ်မှာ...။

thorn musem said...

ပုံရိပ်ရေ.....
တော်တော်ကောင်းပါတယ်....
ရေးတတ်တာလဲ ပါမှာပေါ့...။
ရေးတတ်တော့ ကောင်းသွားရော...။
အင်း....
အချစ်ဆိုတာ..
ခံစားပြီး
ရေးတတ်ရင် ၀တ္တုကောင်းစာကောင်း၊
မခံစားတတ်ရင်တော့...
အမြဲမူးနေတဲ့  စာရေးဆရာဖြစ်သွားရော။

ပုံရိပ် / Pon Yate said...

အားလုံးပဲ ကော်မန့်တွေ တွေ့တော့ ၀မ်းသာတယ်။
ကိုပီတိ ဟဲဟဲ...မရေးချင်တိုင်း ပုံရိပ်ကို တရားခံ မရှာပါနဲ့။
မလေးမ မိန်းကလေးချင်း ဆိုတော့ ရှုထောင့်တူတယ်လို့ ပြောရမှာပဲ။
ကိုသစ်နက်ဆူး ပုံရိပ်ကတော့ ရေသောက်ပြီး မူးတာပဲ :D

Moe Cho Thinn said...

အဲဒီလို လျှော့တွက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ လူတွေနဲ့ အချစ်က မထိုက်တန်ပါဘူး။
ဖိတ်စာပို့ရမှာ အရသာရှိလိုက်တာ..

တန်ခူး said...

ပုံရိပ်ရယ်… စာရေးကောင်းတဲ့ ပုံရိပ်ရဲ့ စာထဲမှာ နစ်မျောသွားတယ်… ပြီးတော့ သီဖိနပ်လေးစီးကြည့်ရင်း ဖိုးညီရဲ့ အပိုင်တွက်မှုကို ဖိတ်စာတစောင်နဲ့  ပစ်ပေါက်လိုက်တယ်… သီရဲ့ ရွေးချယ်မှုအတွက်လည်း ကျေနပ်အားရရင်းပေါ့… သာမာန်အချစ်ဝတ္ထုလေးမဟုတ်ပဲ မိန်းခလေးတွေ အိမ်ထောက်ဖက် ရွေးချယ်မှုအတွက် အတုယူသင့်တဲ့ ပညာပေးဝတ္ထုလေးပါ… ကျေးဇူးပါညီမရေ…

pandora said...

အတ္တတွေ မာနတွေ ခံနေရင်လည်း အချစ်ဆိုတဲ့ ပျိုးပင်လေးက ဆက်မရှင်နိုင်တော့ဘူး ဆိုတာကို လှလှပပလေး ရေးသွားတယ်

ဟိုတနေ့ကတည်းက လာဖတ်ဖြစ်တယ်။ အခုမှပဲ မှတ်ချက်ရေးဖြစ်ပါတယ်။

ပုံရိပ် / Pon Yate said...

မချိုသင်း မတန်ခူးနဲ့ မပန်....
အချစ်က အချို့လူတွေနဲ့ မထိုက်တန်ပါဘူး။ တကိုယ်ကောင်းဆန်တဲ့သူ အတ္တကြီးတဲ့ လူအချို့ဟာ ကိုယ့် အတ္တကို ကိုယ်မလွန်ဆန်နိုင်ကြဘူး။
လာဖတ်ကြ၊ မှတ်ချက်တွေ ပေးကြတော့ ပျော်တယ်။

ဂျစ်တူး - gyit_tu said...

ပုံရိပ်ရေ .. ကြိုက်လွန်းလို့ ။ အချစ်ကို ဖွဲ့ဆိုထားတဲ့ စာသားတွေကို သိပ်ကြိုက်တယ် ။ ပုံရိပ်ရဲ့ ၀တ္ထုတိုင်းက နူးညံ့ခြင်းတွေ အပြည့်ပဲ ။ သိပ် ကြိုက်တယ်း)

ပုံရိပ် / Pon Yate said...

မဂျစ်ရေ သိပ်ကြိုက်တယ်ဆိုလို့ ပျော်သွားပြီ။ :)

ah nel said...

မမူးတာကြာပြီ