Wednesday, 3 December 2008

ချွေတာရေး

အား… အခုမှပဲ နွေးသွားတော့သည်။ ဖျော်ထားသော လက်ဖက်ရည် တစ်ငုံပါးစပ်ထဲ ရောက်မှပဲ ချမ်းနေတာ ပြေသွားတော့သည်။ ခုတလော ရာသီဥတုက အေးလာပြီ။ အနွေးစက်ကို ဖွင့်သော်လည်း အမြဲတမ်းသာ ဖွင့်နေရလျှင် မလွယ်ပါ။ လကုန်တွင် လာမည့် အနွေးပေးခကို သူကြောက်မိ၏။ အင်း ချွေတာမှ။

ရေခဲသေတ္တာ ဖွင့်ကြည့်တော့ စားစရာတွေကတော့ အများကြီးပင်။ ဒါပေမယ့် တခုမှ မစားချင်တာ ခက်သား။ ခုအချိန်တွင် စားချင်သည့် အစာက အိမ်မှာ မရှိ။ ဒီလိုနဲ့ ၀ယ်ပြီး မစားဖြစ်သော အစာအချို့ အမှိုက်ပုံးထဲသို့ရောက် ကုန်သည်။ ပြီးခဲ့တဲ့ အပတ်ကလည်း သုံးသည့် ဈေးဖိုးမှာ လိုတာထက် ပိုများသွားခဲ့သည်။ ပြီးတော့လည်း စားစရာ မရှိဟု သူပဲ ငြီးငြူ တတ်ပြန်ပါသည်။ သူများတွေတော့ စားစရာ တကယ် မရှိလို့ ဒုက္ခရောက်နေ ရတဲ့ အချိန်မှာ ငါက ဖြစ်တာနဲ့ စားတတ်ရမှာပေါ့ဟု ကိုယ့်ကိုယ်ကို ဆုံးမသည်။ အသင့်စား ခေါက်ဆွဲ တစ်ထုပ်ကို ဖောက်ကာ အရွက်များများနှင့် စားပစ်လိုက်တော့လည်း ညနေစာ တစ်နပ် ပြီးသွားသည်ပဲ။

ရေမိုးချိုး အင်္ကျီလဲပြီးတော့ လျှော်ပြီးစ ဆံပင်ကို ဘီးနှင့်ဖြီးသည်။ ဘီးက ကျိုးလုကျိုးခင်မို့ ဘီးအသစ်တစ်ချောင်း ၀ယ်ရန် စဉ်းစားမိသည်။ ဒါပေမယ့်လည်း ဖြီးလို့ ရနေတာပဲလေ။ ဘာလို့များ အသစ် လိုချင်နေရသေးတာလဲဟု ကိုယ့်ကိုယ်ကို ဆန်းစစ်တော့ အသစ်လိုချင် နေသောစိတ် လျော့ကျသွားသည်။

အေးအေးရှိသည်မို့ အနွေးထည် ထူထူတစ်ထည် လိုက်ရှာမိသည်။ စုတ်သော်လည်း ထူသော အနွေးထည် တစ်ထည် ဗီရိုအောက်ဆုံးထပ်မှ ထွက်လာသည်။ အထက်တန်းလောက် ကတည်းက ၀တ်ခဲ့သော ကိုယ့်အကြိုက်ဆုံး အနွေးထည် တစ်ထည် ဆိုတာ သတိရသွားပြန်သည်။ ချွေတာရေး လုပ်ပြီး အ၀တ်အစား မ၀ယ်ဘဲ နေဖို့ ကြိုးစားခဲ့သည်မှာ ကြာပြီ။ အောင်မြင်သင့် သလောက် အောင်မြင်သော်လည်း စိတ်လွတ်သွားသည့် အခါမှာတော့ တစ်ထည်လောက် ၀ယ်ဖြစ်တတ်သည်။ လျော့ဈေးချတိုင်း မ၀ယ်နှင့်၊ တန်တယ် ထင်တိုင်း မ၀ယ်နှင့်။ မလိုဘဲနှင့် မ၀ယ်နှင့်။ ဒီလို သတိထားမိလျှင် ကိုင်ပြီးသော အကျီင်္ ပြန်ချဖြစ်သွားသည်။ အင်း ဒီလိုတော့လည်း ဟုတ်နေသား။

ထိုင်ခုံပေါ်ထိုင်ရင်း စောင်မထူမပါး တစ်ထည်ကိုလည်း ဆွဲခြုံမိသည်။ နိုဗယ်ဆု ရသွားသော သမ္မတဟောင်း ဂျင်မီကာတာတောင် အိမ်ထဲမှာ နေလျှင် အနွေးထည် တစ်ထည် အမြဲ ၀တ်ထားသည်ဆိုပဲ။ အနွေးပေးရ သက်သာအောင်၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု သက်သာအောင်၊ စသည်ဖြင့် ကြားဖူးတာပဲ။ သမ္မတတောင် အနွေးထည် ၀တ်နေတယ် ဆိုတော့ ကိုယ်ကလည်း အားကျမခံ အနွေးထည်ရော၊ စောင်ပါ ခြုံနေလိုက်မည်။ ဒီလိုဆို ချွေတာရေးလည်း ဖြစ်ရာကျ၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ညှာတာရာ ကျပေမပေါ့။

ရှေ့မှာ မြင်နေရသော ကွန်ပျူတာကို ဖွင့်မည်လုပ်သည်။ အလုပ်မှ ပြန်လာကတည်းက အိပ်ချိန်အထိ ကွန်ပျူတာရှေ့ ထိုင်တတ်သည်မှာ ကိုယ့်အကျင့်လို ဖြစ်နေပြီ။ ဘလောက်တွေ လိုက်ဖတ်သည်။ ပို့စ်အသစ် ရေးဖို့ ကြိုးစားသည်။ ကွန်ပျူတာသုံးချိန် နည်းနည်းလျော့လျှင် ကိုယ့်ချွေတာရေး အစီအစဉ်လေးကို အထောက်အကူ ဖြစ်နိုင်သည်။ ဒါပေမယ့်….အင်း…. အင်း…. ဘယ်လောက်များ စုမိသွားမှာ မို့လို့လဲ။ ဒါတော့ လာမပြောနဲ့။ ချွေတာနိုင်ဘူး။

7 comments:

ရွှေဂျမ်း said...

တူတူပဲ ပုံရိပ်ရေ။ ကျန်တာတွေတော့ ကြိုးစားချွေတာနိုင်ပါတယ်။ နောက်ဆုံးက ချွေတာရေးအစီအစဉ်လေးတော့ ခွင့်လွှတ်ပါ။ :)

P.Ti said...

ဟားဟား လာမပြောနဲ့ ဒါတော့ မလျှော့နိုင်ဘူး...

အရေးအသားလေးက ညက်တော့ ဖတ်လို့ကောင်းတဲ့ စာတစ်ပုဒ်ပါ...

ချွေတာမနေနဲ့ များများသာရေး ပုံရိပ် :P

nu-san said...

ပုံရိပ်က စာရေးကောင်းလို့ အမြဲစောင့်ဖတ်ဖြစ်တယ်.. comment တော့ မရေးဖြစ်ခဲ့ဘူး.. တခြားဟာ ချွေတာနော်.. computer သုံးတာတော့ မချွေတာနဲ့.. အဲဒါမှ ပို့စ်အသစ်တွေ မကြာခဏဖတ်ရမှာ.. :)

Moe Cho Thinn said...

ဒါမျိုးတော့ မချွေတာပါနဲ့ ညီမလေးရေ..
များများသာရေးပါ။ စာရေးကောင်းပြီး အရေးကြဲလွန်းလို့။ တနေ့တပုဒ်ရေးလဲ စိတ်မဆိုးဘူး သိလား။

့ပုံရိပ် said...

မဂျမ်းနဲ့ တူတူပဲပေါ့။ :) ပုံရိပ်လဲ ဘလောက်စွဲ ပါတယ်။
ကိုပီတိလဲ မချွေတာနဲ့နော် များများရေး (ဟဲဟဲ ပြန်ရစ်လိုက်ပြီ။)
မနုစံဆီလဲ ခဏခဏ ရောက်ဖြစ်ပါတယ်။ အတွေ့အကြုံလေးတွေ ဖတ်လို့ ကောင်းတယ်။
မချိုသင်း တနေ့ တပုဒ်တော့ မလုပ်ပါနဲ့။ ဟီး အဲဒီလောက်တော့ မသွက်ဘူး။ အစ်မ လာအားပေးတာ ကျေးဇူး။

Layma said...

ပုံရိပ် စာဖတ်ပြီး လေးမ အိုင်ဒီယာရပြီ..။ ချွေတာမလို့  .. လေးအေးစက်ဖိုးနဲ့  ပိတ်စဖိုးလေးချွေတာရာရောက်ပြီး သဘာဝ ပတ်ဝန်းကျင်လေးလဲ မထိခိုက်အောင်... ကြိုးတစ်ချောင်းအကျီင်္လေးနဲ့ ရှော့ပန်တိုလေး ၀တ်ရင်ကောင်းမလားလို့ .. အဟိ..။ ကောင်းကင်က ရိုက်ရင် ပုံရိပ်ဆီ ပြေးလာမယ်နော်..။

ပုံရိပ် said...

မလေးမ အဆင်သင့်ပဲ အချိန်မရွေး လာခဲ့။ ရိုက်မယ် မထင်ပါဘူး အဟိ...။