Sunday, 28 December 2008

လေယာဉ်ကွင်းမှာ

လေယာဉ်ကွင်း…။ လူတွေ ပျားပန်းခတ်မျှ များပြားနေသည်။ ပိတ်ရက်မို့ မိသားစုဆီ ပြန်လာကြသူများ၊ မိသားစုဆီ ပြန်သွားမည့်သူများ။ အိတ်ကြီးအိတ်ငယ်နှင့် ခပ်သုတ်သုတ် လျှောက်သွားကြသူများ။ ကလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နှင့်၊ အိတ်တွေ မနိုင်မနင်းနှင့် စုံတွဲတွေ။ ထိုင်နေရာမှ သူ လူတွေကို လိုက်ကြည့်နေဖြစ်သည်။ ချစ်သောသူ၏ လေယာဉ်က ဆိုက်မလာသေး။ လေယာဉ်ဆိုက်ရာ လိုဏ်ခေါင်းများမှ လူအတော်များများ လျှောက်လာနေကြသည်။ အေးသော ဒေသမှ လာခဲ့ဟန်တူသည်။ အားလုံး အနွေးထည်ထူထူ၊ ကုတ်အင်္ကျီလက်ကချိတ်လျက်…။

သူ့နံဘေးမှာ ထိုင်နေသော အဒေါ်ကြီး တစ်ယောက်ကတော့ သူ့သမီးကို လာကြိုသည်ဟု ပြော၏။ လေယာဉ်ကလည်း ကြာလိုက်တာနော်။ ဆိုက်သင့်နေပြီဟု စိတ်မရှည် လှစွာ ရေရွတ်နေသည်။ လေယာဉ်အခြေအနေကို ဖန်သားပြင်ပေါ်မှာ စစ်ကြည့်တော့ လေယာဉ်က စ၍ ဆင်းနေပြီတဲ့။ သူပျော်သွားသည်။ မကြာခင် လေယာဉ်ဆိုက်တော့မည်။

သူ့ရှေ့မှာ မိသားစုတစ်စု ဖြစ်ဟန်တူသော လူတစ်စု ရပ်နေကြသည်။ အမျိုးသမီးက လူလတ်ပိုင်း အရွယ်။ ၁၃နှစ် ၁၄နှစ် အရွယ် ကောင်လေး တစ်ယောက်လည်း ပါသည်။ အသက်နှစ်ဆယ် အရွယ်ခန့် အမျိုးသား တစ်ယောက်လဲ ပါသည်။ သူတို့လက်ထဲတွင် “အိမ်အပြန်ကို ကြိုဆို ပါတယ် အစ်ကိုရွိုင်ယင်” ဟု ရေးထားသော ကဒ်ထူပြားတစ်ပြား ကိုင်ထားသည်။ သူတို့အားလုံး ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေကြသည်။ ကောင်လေးက အပေါက်ဝဘက်ကို မျှော်ကြည့်လိုက်၊ ကဒ်ပြားကို ထောင်လိုက်နှင့်။ ထိုအချိန်မှာ ပြောက်ကျား ၀တ်စုံနှင့် စစ်သားတစ်ယောက် ထွက်လာသည်။ အမျိုးသမီးက ထိုစစ်သားကို လှမ်း၍ မေးသည်။ ရှင်တို့ ဘယ်လေယာဉ်နဲ့ လာကြတာလဲတဲ့။ စစ်သားက ပြန်ဖြေသည်။ အမျိုးသမီးက သူ့ အစ်ကို (သို့မဟုတ် မောင်) ကိုလာကြိုသည်တဲ့။ ကျွန်မ အစ်ကို (မောင်)လဲ အဲဒီလို စစ်ဝတ်စုံမျိုး ၀တ်ထားတာ ဟုပြောနေသော သူ့အသံမှာ တက်ကြွနေသည်။ သူတို့ ပြောတာကို နားထောင်ရင်း ကိုယ်ပါ လိုက်ပျော်နေမိသည်။

အနီးအနားမှာ ထိုင်နေသော အမျိုးသမီး တစ်ယောက်က သူ့ညီမကို လာကြိုသည်တဲ့။ လေယာဉ်ကွင်းနှင့် သူ့အိမ်က တစ်နာရီလောက် ကားမောင်းရတာမို့ လေယာဉ်ဆိုက်ဖို့ကို စိတ်စော၍ နေ၏။ ရာသီဥတုက ဒီနေ့ သိပ်မဆိုး၍ တော်သေးသည်ဟု ပြောနေသေးသည်။ သူတို့အိမ်က ရေကန်လေးတစ်ကန် နံဘေးမှာ ရှိသည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် နေလို့ ကောင်းသော်လည်း အရာရာနှင့် ဝေးသည်မို့ မြို့ထဲ တခါထွက်ဖို့ အရေး ကားအကြာကြီး မောင်းရသည်ဟု ညည်းနေသေးသည်။

ချစ်သောသူကို လာကြိုသော သူကရော….။ သူကတော့ ချစ်သောသူကို တွေ့ရမည့် အတွက် ရင်ခုန်၏။ မျှော်ရတာကို ပျော်ပါသည်။ ဟုတ်တယ်လေ။ နှုတ်ဆက်ရတာထက် စာလျှင် မတွေ့ခင် မျှော်လင့်ရတာကို သူကြိုက်ပါသည်။

ခရီးသည် နောက်တသုတ် ခပ်သွက်သွက် လမ်းလျှောက်လာနေသည်။ အားလုံးက လိုရာခရီးကို ရောက်စေချင် နေကြသည့် အသွင်။ ဟော.. တွေ့ပါပြီ။ လူအများကြားထဲမှ သူမျှော်နေသော သူ။ ထိုင်ရာမှ ထလိုက်သည်။ ရပ်နေရာမှ မရွှေ့မိဘဲ ပြုံးပြနေမိသည်။ အနီးကပ်လာတော့ သူ့ကို လှမ်းဖက်၍ နှုတ်ဆက်သည်။ သူတို့ နံဘေးမှ စစ်သားလူငယ်ကို ကြိုနေသော လူစုမှာ ကြွက်စီ ကြွက်စီ ညံ၍ နေသည်။ သူတို့နှစ်ဦး စကားတပြောပြောနှင့် ကားဆီကို လျှောက်လာကြသည်။

ကြိုဆိုပြီးလျှင်တော့ ခွဲခွာရဦးမည်။ လေယာဉ်ကွင်း၌ ကြိုကြသည်။ လေယာဉ်ကွင်း၌ ငိုကြသည်။ လေယာဉ်ကွင်း၌ မျှော်ကြသည်။ လေယာဉ်ကွင်း၌ ပျော်ကြသည်။ နှစ်တစ်နှစ်လိုပါပဲ။ ကြိုပြီးလျှင် နှုတ်ဆက်ရမည်။ လေယာဉ်ကွင်းကတော့ သူ့တာဝန်သူ ထမ်းဆောင် နေပေလိမ့်မည်။ နှုတ်ဆက်ခြင်း အကြောင်းကို မသိကျိုးကျွံ ပြု၍ ဒီညတော့ သူပျော်လိုက်ဦးမည်။

7 comments:

ရွှေဂျမ်း said...

ဟုတ်တယ်။ လေယာဉ်ကွင်းမှာ ဆုံလိုက်ကြ ကွဲလိုက်ကြ။ ကိုယ့်အတွေ့အကြုံနဲ့ကိုယ်တော့ လွမ်းတတ်တဲ့လူမို့လား မသိ လွမ်းကျန်ခဲ့ရ ၀မ်းနည်းထွက်သွားခဲ့ရတဲ့ အမှတ်တရတွေများတယ်။

သက်ဝေ said...

ပုံရိပ်ရေ...
ချစ်သောသူနဲ့ ပျော်ရွှင်ရချိန်တွေ
တစ်ညမက ရှည်ကြာပါစေ...

nu-san said...

ပုံရိပ်ရဲ့ ပို့စ်ဖတ်ပြီးတော့ အိမ်ပိုပြန်ချင်လာတယ်... အင်း.. အခုချိန်ဆိုရင်တော့ ပုံရိပ်တစ်ယောက် ပျော်နေမယ်ထင်ပါရဲ့.. အားကျတယ်ကွယ်.. :)

pandora said...

လေယာဉ်ကွင်းလည်း လိုက်မပို့ချင်ဘူး...

လာတော့ ကြိုချင်တယ် :D

ပုံရိပ် / Pon Yate said...

မဂျမ်း လေယာဉ်ကွင်းမှာ အမှတ်တရတွေကတော့ အများကြီးပဲ။
မသက်ဝေ ပေးတဲ့ ဆုနဲ့ ပြည့်ပါစေနော်။
မနုစံ ပျော်နေပါတယ် :)။
မပန်ရေ လိုက်မပို့ဘဲ ထားလိုက်မယ်။ မကောင်းဘူးလား။

P.Ti said...

ဟုတ်တယ် လေယာဉ်ကွင်းမှာသွားကြိုချင်တယ်... လိုက်မလို့ချင်ဘူး...

ပြီးတော့ လေယာဉ်နဲ့လာတဲ့လူလည်းဖြစ်ချင်ပါတယ်...

ပုံရိပ် / Pon Yate said...

လာတဲ့လူဖြစ်ရတာ ပင်ပန်းတယ် ကိုပီတိရဲ့။