Monday, 29 December 2008

ကျွန်ုပ်နှင့် ဘလောက်

တနေ့သ၌ အကျွန်ုပ် ပုံရိပ်သည် ကွန်ပျူတာရှေ့၌ တကုပ်ကုပ် လုပ်နေလေ၏။ ထိုနေ့က နေသာ၍ ရာသီဥတုကလည်း ကြည်လင် နေသောကြောင့် ပုံရိပ်သည်လည်း စိတ်လက် ကြည်သာလျက် ရှိ၏။ ထို့ကြောင့်ပင် မုန့်တီ လုပ်စား လတ္တံ့ဟူသော အကြံဉာဏ် ဖြစ်ပြီး သကာလ ရေနွေးအိုးတစ်အိုး မီးဖိုပေါ် ကောက်တည်လျက် မုန့်ဖတ်ခြောက်များကို ထည့်ထား လိုက်လေသည်။ ထို့နောက် ဗိုက်မဆာသေးပါဘူး ဟူသော အကြောင်းပြချက်ဖြင့် မုန့်ဖတ်များကို ပြုတ်ထားဆဲ ကာလ၀ယ် ကွန်ပျူတာ ရှေ့သို့ ပြန်လာပြီး ဘလောက်များကို အားကြိုးမာန်တက် ကြိုးစားပမ်းစား အားပါးတရ စိတ်ဝင်စားစွာဖြင့် ဖတ်ရှုလျက် ရှိသည်။

ဘလောက်ထဲတွင် စိတ်ပါဝင်စားသွားသည်မှာ မည်မျှကြာသည် မသိ၊ တရှဲရှဲ အသံတို့ မြည်လာသော သကာလ၌ပင် မီးဖိုပေါ်မှ ခေါက်ဆွဲအိုးကို ရုတ်ချည်း သတိရလေတော့သည်။ လှမ်းကြည့်လိုက်သော အချိန်တွင် ခေါက်ဆွဲအိုးသည် ခပ်ဖြူဖြူ အမြှုပ်တို့ တဝေေ၀နှင့် ရှိနေချေတော့၏။ ထိုအခါမှ ပုံရိပ်သည်လည်း အလျင်စလို ကမန်းကတန်း ပြေးကာ ပါးစပ်ကလည်း အမြှုပ်တို့ကို မှုတ်လျက်၊ လက်ကလည်း မီးဖိုကို ပိတ်ရလေတော့၏။ ထိုအချိန်မှာပင် နောက်ကျသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။ အကြောင်းမှာ… အင်မတန်ပင် အော်ချင်လှသော fire alarm သည်အလွန်တရာမှပင် ကျယ်လောင်လှစွာသော အသံဖြင့် အော်လျက် ရှိပြီး ဖြစ်နေသောကြောင့်တည်း။

ထိုအခါ မီးဖိုနား ရောက်နေသော ပုံရိပ်သည်လည်း အရပ်ကို ခုံနှင့် ဆက်လျက် fire alarm ကို ပြေးပိတ်ရပြန်လေသည်။ ထိုအခါမှ၊ မပိတ်ချင် ပိတ်ချင်နှင့် alarm သည် တချက်တချက် အော်ချင်လျက်နှင့်ပင် ပိတ်သွားရရှာလေတော့သည်။

ထို့နောက် မီးခိုးတို့ အလျင်အမြန်ထွက်စေရန် အတွက် ပြတင်းပေါက်များကိုလည်း ပြေးဖွင့် ရပြန်လေသည်။ ထိုခဏ၌ပင် အပြင်မှ အလစ်ချောင်းနေသော လေအေးတို့သည် အိမ်ထဲသို့ အလုံးလိုက် အရင်းလိုက် ၀င်ရောက်လာလေတော့သည်။ ချမ်းလာသော ပုံရိပ်သည်လည်း ကပ်စေးနည်းကာ လျှော့ထားသော အပူပေးစက်၏ အပူချိန်ကို ပြေးမြှင့်ရပြန်၏။ ထိုအတောအတွင်း၌ အအေး သက်သာစေရန် အနွေးထည် တစ်ထည်ကိုလည်း ပြေးယူဝတ်လျက်၊ စောင်အပါး တစ်ထည်ကိုလည်း ဆွဲလျက် ကွန်ပျူတာ ရှိရာသို့ ပြန်လာခဲ့လေသည်။ ကွန်ပျူတာရှေ့၌ ဖတ်လက်စ ဘလောက်သည် ပွင့်မြဲပွင့်လျက်။ တမုဟုတ်ချင်းပင် အကျွန်ုပ် ပုံရိပ်သည်လည်း ဘလောက်တွင် ဈာန်ပြန်ဝင်စားလျက် စိတ်ပါလက်ပါပင် ဖတ်ရှုလျက် ရှိနေလေတော့သည်။

ဖတ်ပြီး ခဏအကြာတွင် ခေါက်ဆွဲ ကျက်မကျက် စမ်းသပ်ဖို့ရန် သတိရသွားလေ၏။ အိုးထဲမှ ခေါက်ဆွဲတို့သည် အပြုတ်ဒဏ်ကို အံတုလျက် မာမြဲမာဆဲ ဖြစ်ကြောင်း သိရသောအခါ အကျွန်ုပ် ပုံရိပ်သည် အိုးထဲသို့ ရေထပ်ထည့်လျက် မီးအေးအေးဖြင့် ခေါက်ဆွဲဆက်လက် ပြုတ်လေ၏။ ဖွင့်ထားသော ပြတင်းပေါက်တို့ကိုလည်း လိုက်ပိတ်ရ၏။ အနွေးပေးစက်ကိုလည်း ကပ်စေး အပူချိန်သို့ ပြန်လျှော့ရ၏။ နေသည်လည်း အိမ်ပြင်၌ သာမြဲသာလျက် ပင်တည်း။ အားလုံး ပိုနေမြဲ ကျားနေမြဲ ဖြစ်သော အခါ အကျွန်ုပ်သည်လည်း ပုံရိပ်နေမြဲ အတိုင်း ဆာလောင်ခြင်းကို အံတုလျက်၊ ခေါက်ဆွဲအိုးကို မေ့လျော့လျက် ဘလောက်ကမ္ဘာတွင် ဆက်လက် မွေ့လျော် နေလေတော့ သတည်း။

12 comments:

သက်ဝေ said...

ဒီလောက်တောင် ကြာကြာပြုတ်ရတာ ဘာခေါက်ဆွဲများပါလိမ့်လို့  စဉ်းစားခန်း
ဝင်နေမိပါတယ်...။
ခေါက်ဆွဲလဲ ကျက်ရော...
ပုံရိပ်လဲ ပိုစ့်တစ်ခု ရရောပေါ့.. ဟုတ်လား...စာရေးကောင်းတဲ့ ပုံရိပ်ရဲ့  စာအသစ်တွေကို မျှော်နေပါတယ်...

ဇနိ said...

ဘလောက်စွဲနေတာပေါ့လေ...
း)

nu-san said...

ပုံရိပ်ရေ.. ဘလော့ခ်တာလည်း ဘလော့ခ်ပေါ့.. အစားတော့ ပုံမှန်စားနော်.. အမလည်း မနေ့က ၀က်အူချောင်းပြုတ်ထားပြီး ဘလော့ခ် အဖတ်ကောင်းလိုက်တာ.. တူးကပ်ကုန်လို့ လွှင့်ပစ်လိုက်ရပါလေရော... ၀က်အူချောင်းက လက်ဆောင်ရထားတာ.. ရှားပါးပစ္စည်းလေးမို့ နှမြောလို့ စားမယ်လို့ လုပ်လိုက်သေးတယ်.. တော်တော်ကို မဲတူးကုန်လို့ စားလို့မရတော့ဘူး..:P အဖြစ်ကတော့ အဲဒီလို.. :D

layma said...

နောက်ဆုံးမှာ ပုံရိပ် ခေါက်ဆွဲ စားဖြစ်လား.. မစားဖြစ်ဘူးလား သိချင်တယ်..။

pandora said...

ကိုရီးယားခေါက်ဆွဲဖြစ်မယ်။

thorn musem said...

အံမယ်...
ခေါက်ဆွဲပြုတ်တာက ဆရာကြီးရွှေဥဒေါင်းလိုလို
မင်းသိင်္ခလိုလိုနဲ့ လုပ်နေတော့...
တူးပြီပေါ့...။

ပုံရိပ် / Pon Yate said...

မသက်ဝေ မုန့်တီ လုပ်တဲ့ ခေါက်ဆွဲခြောက်ပါ။ နန်းလုံးကြီးတော့ ပြုတ်ရတာ နည်းနည်း ကြာပါတယ်။ လာဖတ်တာ ကျေးဇူး။
မ/ကိုဇနိ စွဲတာတော့ ကြာပြီ။
မနုစံ နှမြော စရာ။ ပုံရိပ်ဆိုလည်း မရရအောင် စားမှာပဲ။
မလေးမ စားဖြစ်တယ် သိလား။ မုန့်တီသုပ် ကောင်းမှကောင်း။
မပန်ရယ် အထင်မသေးပါနဲ့။ ကိုရီးယား ခေါက်ဆွဲ တင်မဟုတ်ပါဘူး။ ငှဲငှဲ။
ဟုတ်တယ် ကိုဆူး အတုခိုးပြီး ခပ်နောက်နောက်လေး ရေးကြည့်တာ၊ ခေါက်ဆွဲအိုး ဝေတာကို အကြောင်းပြုပြီးတော့..။

ရွှေဂျမ်း said...

ခေါက်ဆွဲကျက်တော့လည်း ဘလောက်ဖတ်ရင်း စားတာပဲလားး)

ပုံရိပ် said...

ဟိုက် တယ်သိပါလား ဘယ်လိုလုပ်သိလဲ မဂျမ်း ဟဲဟဲ။

P.Ti said...

အဆွေတော် ပုံရိပ်တို့က ခေါက်ဆွဲပြုတ်စား ဘလော့ဖတ်ပါအုံးမည်။ အကျွန်ုပ်သည်ကား ဗိုက်ဟောင်းလောင်း အဖြစ်နဲ့ ဘလော့ဖတ်ကာ၊ အင်မတိအင်မတန် ဆာလောင်လှလွန်းမှသာ ပေါင်မုန့်နှစ်ချပ် ကို စနိုးထောပတ်သုတ် ကာကာဆိုင်မှမဟုတ်တော့ ကာဖီနဲ့ လွေးပါတော့သည်။

:P

ပုံရိပ် said...

အဆွေတော် ပီတိ ကာဖီရည်နှင့် ပေါင်မုန့် မစားလိုပါက ချင်ကာပူတွင် ချားချရာများ ပေါကပေါပါဘိနှင့်။ အဘယ်အကြောင်းကြောင့် ညည်းညူ နေရပါသနည်း။ :p

တန်ခူး said...

မုန့် တီကမာ ဘလော့ရင်းကြာ
မုန့် တီလဲကုန် ဘလော့လဲစုံ
ပုံရိပ်ရဲ့ ဘလော့မုန့် တီက စားကောင်းမယ့်ပုံပဲ... ပုံလေးတော့မတင်ဘူး…
ပျော်ရွှင်ချမ်းမြေ့ဘွယ်နှစ်သစ်ဖြစ်ပါစေညီမရေ…