Sunday, 18 January 2009

နံရံတို့ အကြောင်း (ပထမပိုင်း)

ရထားတစ်စင်းပေါ်မှာ သူဒီအကြောင်းကို ဆွေးနွေးရလိမ့်မယ်ရယ်လို့ မတွေးခဲ့ဖူးပါ။ ခုတော့ သူခုမှ တွေ့ဖူးသော သူစိမ်းတစ်ယောက်နှင့် သူ့စိတ်ထဲမှာ အရေးတကြီး တွေးမိသော ကိစ္စကို ပြောမိလျက်သား ဖြစ်လို့နေသည်။ ရထားက တညလုံး ဆက်၍ သွားဦးမည်။ လိုဏ်ခေါင်းတွေကို ဖြတ်နေသော်လည်း သူတို့အတွက်တော့ အားလုံးဟာ အမြဲ မှောင်မိုက်နေတာပါပဲလေ။

“ကဲ ဆက်ပါဦးလေ။ မင်းက ဘယ်လို ထင်တာတုန်း။”

အမှောင်ထဲမှပင် ထွက်ပေါ်လာနေသော မျက်နှာချင်းဆိုင် ခုံမှ အဘ၏ အသံသည် အဝေးကြီးမှ လာနေသလို သူထင်နေမိသည်။

“ကျွန်မကတော့ ဘ၀မှာ ပျော်တာလုပ်၊ ကိုယ့်ဘ၀ ကိုယ်ကျေနပ်နေရင် ပြီးတာပဲလို့ ထင်တာပဲ။ လူဆိုတာ ကိုယ်ရှာတာ ကိုယ်ရတဲ့ အမျိုးပဲ အဘရယ်။ ကိုယ်ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် ရှိတယ် ထင်တာပဲ။ အဲ… ရွေးပြီးရင်တော့ နောင်တ မရကြေးပေါ့။”

“အင်း… မင်းပြောတာကို အဘ သဘောကျပါတယ်။ ဒါပေမယ့် ကိုယ့်ရွေးချယ်မှုကို နောင်တရတဲ့ တစ်နေ့မှာရော…၊ ဘာလုပ်မယ် ထင်သလဲ။”

အဘရဲ့ မေးခွန်းကို သူချက်ချင်း ပြန်မဖြေနိုင်ပါ။ စဉ်းစားနေသောသူ့ကို အဘက အလိုက်တသိ တိတ်ဆိတ်စွာပဲ စောင့်နေသည်။ ရထားဖြတ်သွားတိုင်း လမ်းမီးတိုင်၏ အရိပ်တို့က နောက်မှာ ကျန်ခဲ့သည်။ အဘကို လှမ်းကြည့်တော့ အမှောင်ထုထဲကို ငေးရင်း တစုံတခုကို တွေးနေပုံရသည်။ သူမေးခဲ့သော မေးခွန်းကိုတောင် သတိရသေးရဲ့လား။

“ကျွန်မတော့ သတ္တိမွေးပြီး ကိုယ့်ရွေးချယ်မှုကို ကိုယ်ပြင်ဖို့ ကြိုးစား ဖြစ်မယ် ထင်တာပဲ။ နေသားတကျ ဖြစ်နေပြီးသားတွေကို စွန့်လွှတ်ဖို့တော့ သတ္တိတော်တော် ကောင်းရမှာပါလေ။ လက်ရှိဘ၀ကို မစွန့်နိုင်တော့လဲ ဖြစ်နေတဲ့ အနေအထားကို ရောင့်ရဲနိုင်တဲ့ စိတ်မွေးရမှာပေါ့။ ဟုတ်တယ် မဟုတ်လား အဘ။”

အဘဆီမှ ဘာအဖြေမှ ထွက်မလာပါ။ ဒါပေမယ့် အမှောင်ထဲမှာ ခေါင်းငြိမ့်နေသော အဘကို လရောင်ရိပ်ရိပ်မှာ မြင်နေရသည်။ သူ့မျက်နှာ ပြုံးနေသလား ဆိုတာတော့ အသေအချာ မမြင်ရ။ အတန်ကြာ သူတို့ နှစ်ယောက်လုံး ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်သက်နေကြသည်။ စကားပွဲက ပြီးဆုံးသွားခဲ့ပြီဟု သူနှမြောတသ တွေးမိချိန်မှာတော့ အဘထံမှ တိုးတိတ်စွာ စကားစလာသည်။

“ငါ့တူမ နားထောင်နိုင်သေးတယ် ဆိုရင် အဘ ပုံပြင်တစ်ပုဒ် ပြောပြချင်တယ်။”

“ကျွန်မ နားထောင်နေပါတယ် အဘ။ ပြောပါ။”

ထိုညမှ လကသာနေသည်။

(ဆက်ရန်)

9 comments:

Moe Cho Thinn said...

ကောင်းခန်းရောက်မှ ဆက်ရန် လုပ်တော့တာကိုး ပုံရိပ်ရဲ့။ ပုံပြင်နားထောင်ချင်ပါတယ် ဆိုမှနော်။ မြန်မြန်ဆက်ရေးနော်..

သတ္တိမွေးပြီး ကိုယ့်ရွေးချယ်မှုကို ကိုယ်ပြင်ဖို့ ကြိုးစား ဖို့တော့ သတ္တိတော်တော် ကောင်းရမှာပါလေ။ ရွေးချယ်ပြီးမှတော့ ရှိပါစေတော့..

သက်ဝေ said...

ပုံပြင်က အခုမှစမှာကိုး...
မျှော်နေပါ့မယ်... ပုံရိပ်ရေ...

nu-san said...

ပုံရိပ်ရေ.. အမကတော့ အားလုံးပြီးအောင် ရေးပြီးမှ ဖတ်မယ်.. ဆက်ရန်ဆို ဖတ်ရတာ အားမရဘူး.. :)

ဇနိ said...

အင်း ဆက်ပါဦး... တိုတိလေးနဲ့ ရပ်ထားတယ်..

တန်ခူး said...

နံရံတို့ အကြောင်း တဲ့လား ပုံရိပ်ရယ်…
နာမည်လေးက ဆွဲခေါ်သွားပြီး ပထမပိုင်းက နိမိတ်ပြပုံလေးတွေကပဲ ခုလောလောဆယ် ကိုယ့်ခံစားချက်နဲ့ ကိုက်နေတာမို့  မျောပါသွားတုန်း… ဆက်ရန်တဲ့လား….
သတ္တိတွေ မွေးနေတယ်… ကိုယ့်ရွေးချယ်မှုကို ပြန်ပြင်ဖို့ လေ… တခါတခါကျပြန်တော့ ကိုယ့်ရွေးချယ်မှုဟာ သူများတွေ အတွက် စဉ်းစားပြီးမှ ဖြစ်လာရပြန်ရော… ပုံပြင်လေးက တို့ စိတ်အနာကို ပြေစေမလား… မျှော်လင့်နေတယ် ညီမရယ်…

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

တို့လိုတန်းလန်းကြီး ခံစားနေရတယ်ပုံရိပ်ရယ်..

ပုံရိပ် / Pon Yate said...

အားလုံးပဲ လာဖတ်သွားတာ ကျေးဇူးနော်။ ခုတလော အလုပ်တွေ ရှုပ်နေလို့ မတင်ဖြစ်သေးတာပါ။ ပိတ်ရက်ရောက်ရင်တော့ တင်ဖြစ်အောင် တင်ပါ့မယ်။ တို့လို့တန်းလန်း ကြီးထားတယ်လို့ မထင်ပါနဲ့နော်။ မတန်ခူးရေ အစ်မ စိတ်အနာကို သက်သာစေတယ် ဆိုရင် ပုံရိပ် ၀မ်းသာ မှာပါ။

P.Ti said...

တို့လို့တန်းလန်း ကြီးထားတယ်လို့မထင်ရရင် ဘယ်လိုထင်ရမှာလဲ ဟင်...
မြန်မြန်... :P

ပုံရိပ် / Pon Yate said...

မပြီးတပြီးကြီး ထားတယ်လို့ ထင်လိုက်ပေါ့ :p