Friday, 23 January 2009

နံရံတို့ အကြောင်း (ဒုတိယပိုင်း)

မြို့လေး တစ်မြို့မှာ ငြိမ်းအောင်နှင့် ထွန်းဦးဟူသော သူငယ်ချင်း နှစ်ယောက် ရှိကြသည်။ သူတို့နှစ်ဦးလုံးမှာ မြို့ကလေးက အထက်တန်းကျောင်းလေးတွင် ကျော်ကြားသူများ ဖြစ်ကြသည်။ ငြိမ်းအောင်ကို နံရံကပ် စာစောင်နှင့် စာစီစာကုံးပြိုင်ပွဲများနှင့် တွဲမြင်လေ့ ရှိကြပြီး ထွန်းဦးကတော့ အတန်းထဲမှာ အမြဲပင် ပထမစွဲသူ အဖြစ် ဆရာဆရာမများက ချီးကျူးကြသည်။ ဒီအထဲမှာ မြန်မာစာဆရာနှင့် သမိုင်းဆရာကြီးတို့ နှစ်ယောက်ကတော့ ငြိမ်းအောင်ကို ထူးခြားတဲ့ ကလေးဟု ဆိုကြသည်။ ဘယ်လိုထူးခြားသည် ကိုတော့ သူတို့က မပြော။ မနာလိုသူ အချို့ကတော့ အလကားပါကွာ ဟိုစပ်စပ် ဒီစပ်စပ်ပါတဲ့ ကောင်ဟု စကားတင်း ဆိုကြသည်။ နှစ်ယောက်လုံးကိုတော့ မွန်ရည်သော လူငယ်လေး နှစ်ယောက်အဖြစ် အားလုံးက သတ်မှတ်ထား ကြ၏။

မကြာခဏ ဆိုသလို ထွန်းဦးကို စာအုပ်နှင့် မျက်နှာမခွာဘဲ တွေ့ကြရပေမယ့် သူဟာ ငြိမ်းအောင်တို့ ကဗျာတွေ စာတွေရေးတဲ့ အခါမှာလည်း အားကျငေးကြည့် နေတတ်ပြန်၏။ ဒါပေမယ့် သူ့ကို ၀င်ပါပါလားဟု ဆိုကြတော့လည်း ငါစာကျက်ရဦးမယ်ကွာ ဆိုတဲ့ ဆင်ခြေကိုပဲ ပေးနေပြန်ပါသည်။ ငြိမ်းအောင်၏ မိဘများကတော့….ထွန်းဦးကို ကြည့်စမ်း ဘယ်လောက် တော်သလဲ၊ သူ့တ၀က်လောက် မင်းစာလုပ်ရင် ငါတို့ ကျေနပ်ပြီဟု အခွင့်အရေး ရတိုင်း ငြိမ်းအောင်ကို ဆုံးမတတ်ကြသည်။ အဖေနှင့်အမေတို့၏ ဆန္ဒကို လိုက်လျောချင်သော်လည်း လုပ်ချင်သော အရာမှ လွဲ၍ လုပ်သင့်သော အရာများကို ဖြည့်လုပ်နိုင်သော ခွန်အား ငြိမ်းအောင်တွင် မရှိ။

ဒီလိုနှင့် ထိုနှစ်က ငြိမ်းအောင် စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရသည်။ ထွန်းဦးက စာမေးပွဲကြီးတွင် ပထမဆု ရသည်။ ဆုပေးပွဲ စဉ်ပေါ်မှ ဆင်းလာတော့ သူတို့လိုချင်သော ဆုကို ရခဲ့ပြီဟူသော အတွေးဖြင့် နှစ်ဦးလုံး ပျော်နေကြသည်။ ဒါပေမယ့် ကိုယ်မပိုင်သော ဆုကိုမှ ပိုက်ပြီး ပြန်ခဲ့သည်ကိုတော့ အိမ်ရောက်မှပင် သိကြသည်။

စာအုပ်များ ကြားတွင်တင်ထားသော ဆုကို ထွန်းဦး ကြည့်မိတော့ မောင်ငြိမ်းအောင် စာစီစာကုံး ပထမဆု ဟုထွင်းထားသော စာသားလေးကို တွေ့ရသည်။ ထိုအချိန်တွင် ငြိမ်းအောင်သည်လည်း သူ့ခေါင်းရင်းမှ မောင်ထွန်းဦး ဒသမတန်း ပထမဆု ဟူသော စာလုံးများကို ကြည့်ကာ တွေးနေပြန်သည်။ မတော်တဆပင် ဆုပေးပွဲ၌ သူတို့နှစ်ဦးအား ဆုမှားပေးလိုက် ဟန်ရှိသည်။ မနက်ကျမှ ပြန်လဲမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် အိပ်ယာဝင်ခဲ့သော်လည်း သူတို့နှစ်ယောက်လုံး ထိုညက ကောင်းကောင်းအိပ်မပျော်ကြ။

မနက်နေရောင်ကို တွေ့တော့ ခေါင်းရင်းတွင် တင်ထားသော ဆုကိုပိုက်ကာ တစ်ယောက်အိမ်သို့ တစ်ယောက် လျှောက်လာကြသည်။ လမ်းတ၀က်မှာ သူတို့နှစ်ဦး ဆုံသည်။ တစ်ယောက်လက်ထဲမှ ဆုကို တစ်ယောက်တွေ့တော့ ဘာမျှ မပြောနိုင်ဘဲ ပြုံးမိကြသည်။ ထို့နောက် လက်ထဲက ဆုချင်း လဲလှယ်လိုက်ကြသည်။ လဲလိုက်ချိန်မှာ လမ်းတ၀က်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို တွေးနေကြပြန်သည်။

နောက်ဆုံးတော့လည်း လူဆိုသည်မှာ အကျင့်ဟောင်းရဲ့ သားကောင်တွေပဲ ဖြစ်ပါသည်။ ထွန်းဦးရော ငြိမ်းအောင်ပါ ၁၈၀ ဒီဂရီ လှည့်၍ လာလမ်းအတိုင်း ပြန်ခဲ့ကြသည်။

(ဆက်ရန်)

6 comments:

တေးမွန် (ah nai) said...

ပထမဆုလည်း မရ၊ စာစီစာကုံးဆုလည်း မရတဲ့၊ ဘာမှ မရတဲ့ ကျွန်တော်တိုလို သူတွေ အကြောင်းကော.. ပါဘူးလား.. ဟီး..

သက်ဝေ said...

လူတွေရဲ့ အကျင့်ဟောင်းတွေဆိုတာ ပြင်ဖို့  အတော်ခက်သားလား...
မြန်မြန် ဆက်ရေးပါအုံး.. မျှော်နေမယ်...

ဇနိ said...

ဆက်ရန်ဆိုတော့လည်း ထပ်စောင့်သေးတာပေါ့
း)

ပုံရိပ် / Pon Yate said...

ကိုနတ်ဆိုး...ပါဘူး။ ပါချင်ရင် ကိုယ့်အကြောင်းကိုယ်ရေး။ ဖတ်မယ်။ :p
မသက်ဝေနဲ့ ကို/မဇနိ...ဆက်ရန် လုပ်ရတာ အားနာပါတယ်။ ဒါပေမယ့် တခါတည်း ရေးလို့ မပြီးလို့ ဖြတ်ဖြတ် ပြီးတင်မိတာပါ။ :D

pandora said...

ဆက်ဖတ်မှပဲ ဆက်သိတော့မှာပဲ။
ဆက်စောင့်နေတယ်။

ပုံရိပ် / Pon Yate said...

မပန်ရေ ဆက်ဖတ်ကြည့်ပါနော်။