Thursday, 5 February 2009

လောကကြီးနှင့် ပြန်လည် သင့်မြတ်ခြင်း

(အသစ်ရေးနေတဲ့ ၀တ္ထုကို စိတ်တိုင်းကျ မဆက်နိုင်သေးတော့ စာတိုလေးနဲ့ ဆားချက်ပါတယ်။)

ဒီနေ့တော့ နှိုးစက် မမြည်ခင် စောစီးစွာနိုးနေသည်။ နှိုးစက်ကို ပိတ်ပြီး ပြန်လှဲ နေလိုက်သော်လည်း အိပ်မပျော်တော့။ စောင်ခြုံထဲက ထွက်ရမှာလည်း သိပ်ဝင်မလေးမိ။ ထုံးစံ အတိုင်း ရာသီဥတုကတော့ အေးသည်။ ကိုယ့်ကိုယ်ကို ဒရွတ်တိုက် မဆွဲရသော ရှားပါးသည့် မနက်ခင်းတစ်ခု။

အလုပ်ရောက်တော့ စောနေသေးသည်။ ရာသီဥတုက အေးလှသည်မို့ ကော်ဖီပူပူလေး တစ်ခွက် သောက်ရလျှင် ကောင်းမည်ဟု တောင့်တမိ၏။ ကော်ဖီ မသောက်တာလည်း ကြာလေပြီ။ ခုတလော ချွေတာသည့် အနေဖြင့် ကော်ဖီမှုန့် ကုန်နေတာ မ၀ယ်ဖြစ်။ (မသောက်ဖြစ်ခဲ့သော ကော်ဖီခွက်လေးများ အကြောင်း ထဲမှလိုတော့ တစ်စုံတစ်ရာကို ရည်စူး၍ ပိုက်ဆံ စုနေခြင်း မဟုတ်ပါ။) ဒီလိုနှင့် ကော်ဖီဆိုင်လေးကို ရောက်သည်။ မနက်စောသေးသည်မို့ လူရှင်းမည် ထင်ခဲ့သော်လည်း လူတန်းက ရှည်လှသည်။ သူသူငါငါ ကိုယ့်လိုပဲ မနက်စောစောမှာ ကော်ဖီနှင့် အားဖြည့် ကြသည် ထင်သည်။

လူတန်းရှည်ထဲမှာ ကိုယ်လည်း ၀င်ရပ်ဖြစ်သည်။ ကိုယ့်နောက်မှ အမျိုးသမီးတစ်ယောက်ကို ဖြတ်သွားသော အမျိုးသား တစ်ယောက်က လှမ်း၍ နှုတ်ဆက် နေသည်။ ဘာရယ်မဟုတ်ဘဲ သူတို့ပြောနေသည်ကို ကြားနေရပြန်၏။ သူတို့အလုပ်တူ ကြပုံရသည်။ နေ့မအား ညမအား လုပ်ကြသည့် လူများ ဖြစ်ပုံရသည်။ ကော်ဖီဆိုင်မှ ကော်ဖီရောင်းသော မိန်းကလေးသည်လည်း ပြင်ပြင်ဆင်ဆင်နှင့် ၀ယ်သူတို့ကို ပြုံးရွှင် ချိုသာစွာ ဆက်ဆံလျက်။ ပိုက်ဆံ ပြန်အမ်းသော အခါ နှုတ်ဆက် သွက်လက်လျက်။

ဒီလိုပါပဲ သူတို့လည်း သူတို့ အလုပ်ကို လုပ်ကြသည်။ ကိုယ်လည်း ကိုယ့်အလုပ်ကလေးကို ပီပြင်အောင် လုပ်ရမည်။ ကိုယ့်ရည်ရွယ်ရာလေးကို ပြန်မြင်လာသလို။ ဒီနေ့အဖို့တော့ ဒါတွေ ပြီးအောင် လုပ်ရမည်ဟု စိတ်ထဲမှာ ဇယားဆွဲသည်။

ဒီလိုနဲ့ ကိုယ့်အလှည့်ရောက်တော့ ကော်ဖီတစ်ခွက် မှာသည်။ သိပ်မကြာလိုက်ပါ။ ကိုယ့်လက်ထဲမှာ ခပ်နွေးနွေး ကော်ဖီတစ်ခွက် ရောက်လို့လာသည်။ ကော်ဖီဆိုင်မှ ကောင်မလေး အတွက်လည်း အပိုကြေး အနည်းငယ် ပေးခဲ့မိသည်။ သူတို့လည်း လုပ်အားခ ပိုရကြပါစေ။

အပြင်ကို ခြေလှမ်းတော့ ရာသီဥတုသည် အေးခဲလျက်။ ကိုယ့်လက်ထဲမှာတော့ ကော်ဖီတစ်ခွက် ပူနွေးမွှေးမြလျက်။ တိုးတက်ခြင်းဆိုတာ ပဋိပက္ခမှ လာသည်တဲ့။

8 comments:

မဇနိ said...

ကော်ဖီပူပူလေး သောက်ချင်သွားတယ်။

သက်ဝေ said...

ပုံရိပ်ရေ...
တူတူပါပဲ...
အလုပ်သွားရမယ့် မနက်တွေတိုင်းမှာ အေးခဲနေတဲ့သွေးတွေကို ကော်ဖီပူပူတစ်ခွက်နဲ့
အနွေးဓါတ်ပေးနေကျ...။ မနက် အလုပ်စားပွဲမှာ ထိုင်လိုက်တိုင်းလဲ ပုံရိပ် တွေးပြသလို ကိုယ်လုပ်ရမယ့် အလုပ်တွေကို ပီပြင်အောင် လုပ်ဖို့ စဉ်းစားနေကျ...
အင်း.. လက်တွေ့မှာတော့... စိတ်တွေက ကစင့်ကလျား ဖြစ်နေကြပြန်တယ်...။
ကြိုးစားကြည့်ပါအုံးမည်လေ...

nu-san said...

ပုံရိပ်ကတော့ မနက်စောစော ကော်ဖီသောက်တယ်.. အမကတော့ နေ့လည် ထမင်းစားပြီးရင် ကော်ဖီသောက်ကို သောက်ရတယ်.. နို့မို့ဆို အရမ်း အိပ်ငိုက်နေရော.. :)

ပုံရိပ် / Pon Yate said...

မနိရေ ကော်ဖီပူပူလေး တိုက်ချင်ပါတယ်။
မသက်ဝေ ပုံရိပ်လည်း ဒီလိုပါပဲ။ တွေးတာနဲ့ လုပ်တာ ထပ်တူ အမြဲ မကျပါဘူး။
မနုစံ ပုံရိပ်က မနက်လည်း သောက်။ နေ့လည်လည်းသောက်...။
ပုံရိပ်တို့ အားလုံး ကော်ဖီကြိုက်ကြတယ် ထင်တယ်။

pandora said...

ကော်ဖီကျန်သေးလား.. ဟေ့။။
ကော်ဖီအေးလည်းကြိုက်ပါတယ်။ လာသောက်သွားတယ်။

ပုံရိပ် / Pon Yate said...

ကျန်တော့ဘူး ဟေ့ မပန်ရေ...။ ပုံရိပ် ကော်ဖီ အကြောင်းရေးမိတာ များပြီ ထင်တယ် ဟီး။

P.Ti said...

မနက် ရုံးရောက်ရင် ချက်ချင်းလုပ်တာကတော့ ကော်ဖီသောက်တာပဲ... ပြီးတော့ နေ့လည်း အိပ်ငိုက်ချိန်မှာလည်း ကော်ဖီပဲသောက်ဖြစ်ပြန်တယ်...

အိပ်ပြန်ရောက်လို့ ရေချိုးပြီးရင်... တခါတလေ သောက်ဖြစ်ပြန်တယ်...

အားလုံးနဲ့သင့်မြတ်အောင်လေ... :P

ပုံရိပ် / Pon Yate said...

မနက်ကော်ဖီ ညကော်ဖီ အားလုံးနဲ့ သင့်မြတ်အောင် နေမည်။ :D