Thursday, 19 February 2009

လွယ်လွယ် (ဇာတ်သိမ်း)

(ဒီဝတ္ထုဇာတ်သိမ်းပိုင်းကို မရေးဖြစ်ဘဲ ဆွဲထားသလို ဖြစ်မိတာ တောင်းပန်ပါတယ်။ စောင့်ဖတ်သူတွေ အားလုံး ကျေးဇူး။ အနောက်တိုင်း ၀တ္ထုတစ်ပုဒ်ပုဒ်ရဲ့ လွှမ်းမိုးမှု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။)

ထိုနေ့က အရာရာသည် အခါတိုင်းလိုပဲ နေသားတကျ ရှိလျက်။ ပိတ်နေကျ မဟုတ်သော ရုံးပိတ်ရက် တစ်ရက်မို့ သူသမားရိုးကျ မဟုတ်ဘဲ အိမ်မှ ထွက်ခဲ့သည်။ ဘယ်သို့ ဦးတည်ရမည် မသိဘဲ ရောက်တတ်ရာရာဟုသာ သဘောထားကာ တိုက်အောက်သို့ ရောက်လာခဲ့သည်။ ကျောင်းလည်း ပိတ်သည်မို့ ကလေးတွေကို အိမ်ရှေ့ကစားကွင်းတွင် တွေ့ရသည်။ မျက်မှန်းတန်းမိနေသော အိမ်နီးချင်းတစ်ယောက်က နှုတ်ဆက်သည်ကို မပြုံးချင် ပြုံးချင် ပြုံးပြခဲ့သည်။ ထိုနေ့က နေသာနေပါသည်။

လမ်းထိပ်နား ရောက်တော့ ခပ်လှမ်းလှမ်းတွင် သူမြင်ဖူးနေသော မိန်းကလေးတစ်ယောက်။ လွယ်လွယ်….။ သူတိုးတိုးလေး ရေရွတ်မိရင်း ရင်တွေခုန်လာသည်။ လွယ်လွယ့်မျက်နှာကို မမြင်ဖူး သော်လည်း ကိုယ်နေဟန်ထားကို မှတ်မိနေသည်။ လွယ်လွယ်မှ လွယ်လွယ် အစစ်ပါပဲ။ စားစရာလေး၊ တိုလီမုတ်စလေး အနည်းငယ် ရောင်းသော ဆိုင်မှာ လွယ်လွယ် ဟိုကြည့်ဒီကြည့် ကြည့်လျက်။ သူ့နံဘေးမှာ အမေအရွယ် အဒေါ်အရွယ် အမျိုးသမီး တစ်ဦးပါလာသည်။ လွယ်လွယ်က ရောင်စုံပစ္စည်းလေးအချို့ကို ကိုင်လျက် ရယ်မောကာ အမျိုးသမီးကြီးအား ပြနေ၏။

သူခြေလှမ်းတွေကို နှေးပစ်လိုက်သည်။ ဆိုင်နားကို တော်တော်လေး ကပ်လာတော့ လွယ်လွယ့်ကို အနီးကပ်မြင်ရသည်။ ရွက်ကြမ်းရေကျို ကြည့်ပျော်ရှုပျော် မျက်နှာပေါက်နှင့် ကောင်မလေးသည် အသက်ဆယ့်ရှစ်နှစ်ထက် ပိုမည် မထင်။ အရုပ်လေးများ ပါသော အဖြူရောင် တီရှပ်ကို ပန်းရောင်စကပ်ဖျော့ဖျော့နှင့် တွဲဝတ်ထားသည်။ ပြီးတော့…ပြီးတော့…အို……။ သူခြေလှမ်းတွေ မှားကုန်ပြီ။ ပန်းရောင်စကပ် အောက်ခြေအနားတို့ အောက်မှ ခြေထောက်များ။ မာကျော၍ အရောင်မတူသော ခြေထောက်တစ်ဖက်…။ လွယ်လွယ့်မှာ ခြေထောက်တစ်ဖက် မရှိပါလား……..။ ခြေထောက်အတု တစ်ဖက်နှင့် အပြုံးအစစ် တစ်ခုကို ၀တ်ဆင်ထားသော လွယ်လွယ်။ ခြေထောက်အတုကို မမှုဘဲ ခြေသလုံးပေါ်စကပ်ကို ၀တ်ဆင်ထားသော လွယ်လွယ်။ ရောင်စုံဘောပင်လေး အချို့ကို ကိုင်လျက် ရယ်လို့မောလို့ ဆိုင်ထဲမှ ထွက်လာသော လွယ်လွယ်။ တတ်လည်း တတ်နိုင်ပါဘိ။

သူထိုနေ့က လမ်းဆက်မလျှောက်ဖြစ်ပါ။ လမ်းတ၀က်မှာ အိမ်သို့ ပြန်လှည့်ဖြစ်ခဲ့သည်။ တိုက်ခန်းကျဉ်းထဲကို ရောက်တော့ သူရဲ့ တစ်ခုသော ပြတင်းပေါက်ကို ဖြတ်ကနဲ လှမ်းကြည့်ဖြစ်သည်။ မနာလိုခဲ့ရသော လွယ်လွယ်။ ခုတော့ သူ့ကိုသူ ဝေခွဲမရပါ။ သနားစရာကောင်းသည်က လွယ်လွယ်လား ဒါမှမဟုတ်….။ သူ့ကိုသူ ဝေခွဲမရပါ။ သူပြတင်းပေါက်ကို ဆွဲပိတ်လိုက်သည်။ သနားစဖွယ်၊ ငြီးငွေ့စဖွယ် မနက်ဖြန်တစ်ခုကို သူမမြင်ချင်တော့ပါ။

9 comments:

တန်ခူး said...

မသိမသာ ပါးပါးလေး နှိုင်းပြသွားတာ လှလိုက်တာ ပုံရိပ်ရေ… သိသိသာသာရေးရဖို့ လွယ်သလောက် မသိမသာလေး ရေးဖို့ အတော်ခက်ပါတယ်… ဖြစ်နေတဲ့ဘ၀မှာ ရောင့်ရဲပျော်ရွှင်နေတတ်တဲ့ လွယ်လွယ့်လို စိတ်ကလေး လိုချင်လိုက်တာ…ဖြစ်နေတဲ့ဘ၀ကို စိတ်ပျက်ငြီးငွေ့ နေတဲ့ သူ့ လို စိတ်မျိုးက တခါတခါ ရောက်လာတတ်တယ်… ကျေးဇူးပါပုံရိပ်ရေ…

JuneOne said...

လာဖတ်သွားပါတယ်။

ဒီဝတ္ထုလေးအတွက် ကျေးဇူးပါ။

မီယာ said...

ဘယ်လိုပြောရမလဲ မသိဘူး.. ခံစားမိတာ တွေးမိတာတော့ အစုံပဲ.. အပြီးအထိ ရေးပေးလို့ ကျေးဇူးပါ။ စောင့်ဖတ်နေရတာလေ။

nu-san said...

ဒုတိယပိုင်းဖတ်ပြီးသွားတော့ လွယ်လွယ်ဟာ ခြေထောက်တစ်ခုခု ချွတ်ယွင်းနေလိမ့်မယ်လို့ တော့ မှန်းမိတယ်.. ပုံရိပ်ရေ။ ကိုယ့်ကိုကိုယ်စိတ်ပျက်အားငယ် မနေပဲ လက်ရှိအခြေအနေကို လက်ခံနိုင်တဲ့ လွယ်လွယ့် လို မိန်းကလေးမျိုး အပြင်မှာလည်း အမ တွေ့ဖူးတယ်.. ငယ်ငယ်က ဆေးထိုးမှားပြီး ခြေထောက်က မသန်တော့တာ.. သူ က စာသိပ်တော်တယ်.. နောက်တော့ ဆရာဝန်ဖြစ်သွားတယ်.. အခုနောက်ပိုင်းမတွေ့ဖြစ်တာ တောင် ကြာပြီ။ အခု လွယ်လွယ် ဇာတ်သိမ်းကို ဖတ်ပြီးတော့ သူ့ကို သတိရမိတယ်.. ကျေးဇူးပါ ပုံရိပ်ရေ.. မအားတဲ့ကြားက အချိန်ယူပြီး ပြီးအောင် ရေးပေးလို့.. :)

P.Ti said...

လူတစ်ယောက်ရဲ့ စိတ်ကူး အမြင် အဖြစ်အပျက်တွေကို အသေးစိတ်ရေးသွားတာ စိတ်ဝင်စားစရာလေး ဖြစ်သွားတယ်။

အတွေးတွေတော့ပေးသွားတာပဲ။ ဘာအတွေးတွေလဲဆိုတော့...

သက်ဝေ said...

မအားတဲ့ကြားက ပြီးအောင်ဆက်ရေးပေးတာ ကျေးဇူးပါ ပုံရိပ်ရေ...
ဒုတိယပိုင်းကိုဖတ်ပြီးထဲက လွယ်လွယ်ဟာ တစ်ခုခုတော့ မှားနေနိုင်တယ်လို့ တွေးမိတယ်...
ဒါပေမယ့် ဘ၀ကို အပြုံးမပျက် ရင်ဆိုင်နေနိုင်တဲ့ သတ္တိလေးကိုတော့ အရမ်းသဘောကျ နှစ်သက်မိပါတယ်...
လွယ်လွယ်ဟာ သနားစရာကောင်းတဲ့ မိန်းကလေးတစ်ယောက် မဟုတ်တာ သေချာပါတယ်လေ...

ပုံရိပ် said...

စောင့်ဖတ်သော သူငယ်ချင်းများ အားလုံး ကျေးဇူး။
မတန်ခူး ပုံရိပ်လည်း တခါတလေ ငြီးငွေ့တဲ့ စိတ်ဝင်တတ်တာကြောင့် စဉ်းစား မိရင်း ရေးဖြစ်ပါတယ်။
juneone လာဖတ်တာ ၀မ်းသာတယ်။
မမီယာ နောက်ဆို ခံစားမိတာလေးတွေ မျှဝေလို့ ရရင် မျှဝေ ခဲ့ပါဦး။ :)
မနုစံနဲ့ မသက်ဝေ အမှန်းတော်ပါတယ်။ ပုံရိပ် လျှို့ဝှက်ဖို့ ကြိုးစားလဲ မအောင်မြင်။ :D
မနုစံ အပြင်မှာ တွေ့ဖူးတယ် ဆိုတဲ့ မိန်းကလေးက သိပ်ကို ချီုးကျူးစရာ ကောင်းမှာပဲ။
ကိုပီတိ ဘာအတွေးတွေလဲ....အင်း လျှို့ဝှက်သည်းဖို လုပ်နေပြန်ပြီ။
မသက်ဝေရေ ဟုတ်ပါတယ်၊ လွယ်လွယ်ဟာ အသနားခံ လူတစ်ယောက် မဟုတ်ဘူးလို့ ဆိုလိုချင်တာပါ။

အိမ့်ချမ်းမြေ့ said...

အဲဒီ ၀တ္ထုကို ပီဒီအက်ဖ်နဲ့ အကုန် တစုတစည်းထဲ လုပ်ပေးပါလားဟင်.. မလေးကြိုက်လို့ပါ

ပုံရိပ် / Pon Yate said...

မလေးရေ ခုလို သိမ်းထားမယ် ဆိုတာ သိရလို့ ၀မ်းသာ ပါတယ်။ အီးမေးလ်ကို ပို့လိုက်တယ်နော်။