Sunday, 8 February 2009

လွယ်လွယ် (ပထမပိုင်း)

မနက်ဖြန်မှာ သူရှိမနေလည်း ဘာမှ ထူးခြားမည် မဟုတ်ဟူသော အတွေးသည် တော်တော့်ကို ၀မ်းနည်းစဖွယ် ကောင်းသော်လည်း မှန်ကန်ကြောင်းတော့ သူဝန်ခံရပေမည်။

သူ၏ အိမ်ဂေဟာမှာ ကျဉ်းမြောင်းပြီး ဈေးသက်သာသော အခန်းကျဉ်းလေး တစ်ခု ဖြစ်သည်။ ထိုအိမ်၏ အောက်ထပ်ကို ငုံ့ကြည့်လိုက်လျှင်တော့ ဥဒဟို သွားလာနေသော လူအများကို တွေ့ရမည်။ ထိုအခန်းကျဉ်းလေး ထဲမှ သူသည် ရုံးတစ်ရုံး၌ မထင်မရှား အလုပ်ကို လုပ်သော မထင်မရှား စာရေးလေး တစ်ယောက် ဖြစ်သည်။ ယခုနေသာ တကယ်လို့ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည် ခဲ့လျှင်တောင် မနက်ဖြန်မှာ သူ့နေရာကို အစားထိုးဖို့ တန်းစီနေသော သူများထဲမှ တစ်ယောက်ကို ဆွဲခန့် လိုက်မည် ဖြစ်သည်။ သူသေသွားလျှင် မည်သူမျှ လွမ်းမည့်သူ မရှိ။ မိသားစု မရှိ၊ ဆွေမျိုး မရှိ။ သူငယ်ချင်း အပေါင်းအဖော်လည်း မရှိ။ လမ်းထိပ်တွင် ညနေစာ ၀င်ဝယ်နေကျ တရုတ်ဆိုင်မှ အဒေါ်ကြီးကတော့ သူဘယ်ပျောက် နေပါလိမ့်ဟု စဉ်းစားကောင်း စဉ်းစား လိမ့်မည်။ တော်တော်တော့ ၀မ်းနည်းစရာ ကောင်းတာပဲဟု တွေးတော့ သေကြောင်းကြံမည် ဟူသော ခပ်ကြောင်ကြောင် အတွေးလည်း ခေါင်းထဲမှ ပျောက်ရ၏။

မနက်မိုးလင်းလျှင် လွယ်အိတ်အနွမ်းကို လွယ်ကာ သူရုံးသို့ ထွက်ခဲ့မည်။ ရုံးတွင် ရုံးအုပ်ကြီး၏ ဟေ့ကောင် အိပ်မငိုက်နဲ့နော် ဟူသော ဆူသံပူသံကို ကြားရမည်။ သံပတ်ပေးသော စက်ရုပ်တစ်ရုပ်ကဲ့သို့ စာရင်းဇယားများကို လုပ်မည်။ ဆယ့်နှစ်နာရီ ထိုးလျှင် ပျင်းခြောက်ခြောက် နေ့လည်စာ တစ်ခွက်ကို ရုံးသက်သာဆိုင်မှ ၀ယ်စားနိုင်သည်။ စိတ်ပါသည့် နေ့ဆိုလျှင်တော့ ခုံချင်းကပ်လျက် ထိုင်သော လုပ်ဖော်ကိုင်ဖက် လေးဆယ်ကျော် လူပျိုကြီး၏ မိန်းမကျမ်းကို နားထောင် လိုက်မည်။ မဟုတ်လျှင်တော့ နေ့လည်စာကို ခပ်မြန်မြန် အဆုံးသတ်ကာ အလုပ်ဆက်လုပ်မည်။

ငါးနာရီ ဒေါင်ကနဲ ထိုးလျှင်တော့ စောင့်ကြိုမည့်သူ မရှိသော အိမ်သို့ လေးတွဲ့စွာ ပြန်လာခဲ့မည်။ ရုံးတက်ချိန်နှင့် အိမ်ပြန်ချိန်သည် သူ့အတွက် ဘာမှ မထူးခြားပါတကား။ လမ်းထိပ်က တရုတ်ဆိုင်မှာ အချိုမှုန့်များများနှင့် ဈေးပေါသော ဟင်းတစ်ခွက်ကို ၀င်ဆွဲ ခဲ့မည်။ တခါတလေတော့လည်း ကြက်ဥကြော်နှင့် ပေါင်မုန့်နှင့် ညစာ တစ်ခွက်ကို ဖြစ်သလို ဖြေရှင်း လိုက်စမြဲ။ ဒါက သူ၏ နိစ္စဓူဝ လုပ်ရိုးလုပ်စဉ်များသာ ဖြစ်သည်။ ဘ၀ဆိုတာ တခါတလေတော့လည်း အနေခက် အသေခက်လှသည်ဟု သူစဉ်းစား နေမိသည်။

xxx

ထိုနေ့သည် ရိုးအီနေသော နေ့တနေ့ ပြီသစွာ အလွန်နှေးကွေး နေကြောင်း သူကောင်းကောင်းမှတ်မိ နေ၏။ ငါးနာရီကျော် ညနေခင်း တစ်ခုမှာ သူ့ရဲ့အိမ်ခန်း ပြတင်းပေါက်နား၌ ထိုင်နေမိသည်။ လမ်းပေါ်မှ လူအများ သွားလာနေကြသည်ကို ပျင်းရိဖွယ် ငေးကြည့်ရင်း သူဘာတွေးမိမှန်းပင် သတိမရတော့။ အိမ်ရှေ့က တိုက်ခန်းတွေမှာ မိသားစု ပေါင်းစုံနေသည်။ သူ့အခန်းက ခြောက်လွှာ မှာမို့ အခန်းတော်တော်များများကို မြင်နေရသည်။

တိုက်အောက်မှာ ကလေးတွေ ဘောလုံးကန်နေကြသည်။ မျက်စောင်းထိုး အခန်းမှ လက်သမား ဖြစ်ဟန်တူသော လူသည်လည်း ၀ရန်တာသို့ ထွက်ကာ လေညှင်းခံလျက် ရှိ၏။ ထိုအခန်းနှင့် ကပ်လျက်မှ ဆရာမ အပျိုကြီး ဖြစ်ဟန်တူသော အမျိုးသမီးသည်လည်း အိမ်ရှေ့ခန်းတွင် ထိုင်လျက်က သူ့အမေနှင့် စကား လက်ဆုံကျလျက်ရှိသည်။ သူတို့၏ အောက်ထပ် အခန်းတွင်တော့ ကလေးများသော အိမ်ရှိသည်။ ထိုအိမ်၌ ကလေး လေးယောက်ငါးယောက်မျှကို သူအမြဲ တွေ့နေရတတ်သည်။ ဘယ်နှစ်ယောက် ရှိသည်ကိုတော့ သူအတိအကျ မသိ။ ကလေးများသော အိမ်ဟုသာ မှတ်ထားလိုက်သည်။

ထိုလူအားလုံးသည် သူ့ဘ၀များတွင် သူစိတ်ပါဝင်စားစွာ နေထိုင်လျက် ရှိကြသည်ဟု သူထင်သည်။ သူ့ကျတော့ စိတ်ညစ်သည်လည်း မဟုတ်ဘဲ ကိုယ့်ဘ၀ကိုယ် စိတ်ဝင်စားစရာ ရှာမရအောင်သာ ဖြစ်နေတော့သည်။

ထိုခဏ၌ မျက်နှာချင်းဆိုင် တိုက်အောက်တွင် ကားတစ်စင်းဆိုက် လာသည်။ ရိုးရိုးကားသေး မဟုတ်ဘဲ ပစ္စည်းများ၊ ပရိဘောဂများ တင်ထားသော ကားပေါ်မှ အလုပ်သမားတို့သည် ပစ္စည်းများကို အသယ်အချ ပြုကြလေ၏။ စူးစမ်းကြည့်တော့ သူတို့ ပစ္စည်းချနေသော အခန်းသည် သူနှင့် မျက်နှာချင်းဆိုင် အခန်း ဖြစ်နေသည်။ ထိုအခန်း၌ လူမရှိသည်မှာ တစ်လလောက်တော့ ရှိပြီလား မသိ။

ထို့နောက်တော့ သူလည်း အမှတ်တမဲ့ပင် ပြတင်းပေါက်မှ ခွာခဲ့သည်။ ပတ်ဝန်းကျင် တစ်ခုကို သူကြာရှည် စိတ်မ၀င်စား နိုင်ခဲ့သည်မှာ ကြာလေပြီပဲ။

(ဆက်ရန်)

9 comments:

pandora said...

အင်းးးးးးး
ဆက်ဖတ်ရမှာပေါ.
မြန်မြန်ရေး

မဇနိ said...

မြန်မြန်ဆက်ပါ ဒေါ်ပုံရိပ်

သက်ဝေ said...

စိတ်ဝင်စားစွာဖြင့် စောင့်မျှော်နေပါကြောင်း...

ပုံရိပ် / Pon Yate said...

မပန် ဆက်ရေး ရမှာပေါ့လေ...။
ဟုတ်ကဲ့ မမနိ :D
မသက်ဝေ ရေးနေပါတယ်။ ခဏတော့ စောင့်ဦးနော်။

မီယာ said...

ဒုတိယပိုင်း မျှော်...

တန်ခူး said...

အဲဒီအခန်းလေးမှာ သူ့ အတွက် စိတ်ဝင်စားစရာ တစုံတရာပါလာတော့မလား… အသဲတယားယားနဲ့ .. ကိုရီးယားကားလိုတော့ အပိုင်းတွေ အများကြီးမခွဲနဲ့ နော်…
နာမည်လေးက လွယ်လွယ်ဆိုတော့ လူနာမည်လေးလား… ဒါမှမဟုတ်…
ဒုတိယပိုင်းမြန်မြန်လုပ်တော့ ပုံရိပ်ရေ…

Anonymous said...

ဆက်ရေးမယ်ဆိုတော့လည်း

ဆက်စောင့်ရမှာပေါ့

နတ်ဆိုး

ပုံရိပ် / Pon Yate said...

မတန်ခူး မှန်းတာ မှန်ပါတယ်ကွယ်။ အစ်မရေ အခန်းလေးထဲက သူ့အတွက် စိတ်ဝင်စားစရာတွေကို ဒုတိယပိုင်းမှာ ဖတ်ပါနော်။
ကိုနတ်ဆိုး စောင့်နေတုန်း ဒုတိယပိုင်းတော့ တင်လိုက်ပြီ။

ပုံရိပ် / Pon Yate said...

မမီယာ ဒုတိယပိုင်း တင်လိုက်ပါပြီ။ လာအားပေးတာ ကျေးဇူးပါ။