Wednesday, 22 July 2009

ငှက်တစ်ကောင်၊ ကြောင်နှစ်ကောင်နှင့် လူတစ်ယောက်

ဇာတ်လမ်းကတော့ ငှက်ကလေး တစ်ကောင်နဲ့ စတာပါပဲ။

မနက်စောစော သူအိမ်က ထွက်ခဲ့တော့ ခြောက်နာရီခွဲလောက်ပဲ ရှိဦးမယ် ထင်ရဲ့။ နေတော့ထွက်နေပြီပေါ့။ အိမ်ကနေ ဖြည်းဖြည်း လမ်းလျှောက်လာခဲ့တယ်။ နွေဆိုပေမယ့် မနက်စောစော နေမပြင်းလှသေးတာမို့ ရာသီဥတုကလည်း အေးအေးချမ်းချမ်းပဲ။ လမ်းသွားလမ်းလာတွေလည်း သိပ်မရှိသေးဘူး။ ကျန်းမာရေး အတွက် လမ်းလျှောက်ထွက်တဲ့သူ တစ်ယောက်စ၊ နှစ်ယောက်စလောက်က လွဲလို့ပေါ့။ မနက်ခင်းက တိတ်ဆိတ်အေးချမ်းလို့၊ ငှက်ကလေးတွေ စိုးစိုးစီစီ မြည်လို့နဲ့လေ

ငှက်ဆိုမှ သူငုံ့ကြည့်လိုက်တော့ သူ့ခြေထောက်နားမှာ ငှက်သေးသေးလေး တစ်ကောင်ကို မြင်လိုက်ရတယ်။ ငှက်ကလေးက ဒဏ်ရာ ရထားပုံရတယ်။ အသက်တော့ ရှိနေသေးတယ်။ သစ်ပင်ပေါ်ကများ ပြုတ်ကျသလားလို့ ဆိုပြီး ငှက်ကလေး ကျနေတဲ့ တ၀ိုက်က သစ်ပင်တွေကို လိုက်ပြီး မော့ကြည့်ဖြစ်တယ်။ အနီးအနားက ရှိတဲ့ သစ်ပင်တွေက ခပ်နိမ့်နိမ့်၊ ခပ်သေးသေးမို့ ငှက်သိုက်တော့ မရှိလောက်ဘူးလို့ တွေးမိတယ်။ တကယ်လည်း သူလိုက်ကြည့်တော့ ယိုင်နဲ့နဲ့ သစ်ပင်ပေါ်မှာ ငှက်သိုက်ရယ်လို့ မတွေ့ရပါဘူး။

ငှက်ကလေးက အသိုက်ပေါ်က ပြုတ်ကျတာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒဏ်ရာရပြီး မပျံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ခြေထောက်တွေ လှုပ်ပြီး ရွေ့နေနိုင်သေးတယ်။ ဒါပေမယ့် ဘေးတိုက်ကလေး လဲနေရှာတယ်။ သေးတာမှ လက်သီးဆုပ်တစ်ဝက်စာတောင် ရှိမယ် မထင်လှဘူး။

သူ ငှက်ကလေးကို သေချာကြည့်နေလိုက်တာ ဘယ်အချိန်ကမှန်း မသိဘူး၊ သူ့ခြေထောက်နားကို ကြောင်ဖြူကြီး တစ်ကောင် ရောက်လာတယ်။ အမွေးဖွားဖွားနဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ ကြောင်ကြီး တစ်ကောင်ပေါ့။ ကြောင်ကြီးက သူ့ခြေထောက်ကို ပွတ်ကာသီကာနဲ့ လှည့်ပတ်နေသေးတယ်။ အမှန်ကတော့ သူ့ရှေ့မှာ ရှိနေတဲ့ ငှက်သေးသေးလေးကို စိတ်ဝင်စားတာ နေမှာ။ အဲဒီအချိန်မှာ ဘယ်ကမှန်း မသိ နောက်ကြောင်တစ်ကောင် ရောက်လာပြန်တယ်။ သူကလည်း အဖြူပဲ။ ဒါပေမယ့် လည်ပင်းမှာ အညိုရစ် ကလေး ပါတယ်။ ကြောင်လည်ရစ်က မိန့်မိန့်ကြီးထိုင်လို့ ကြောင်ဖြူ၊ ငှက်သေးလေးနဲ့ သူ့ကို လေ့လာနေတဲ့ ပုံပဲ။

သူလည်း နည်းနည်း ပြာသွားတယ်။ ဒီငှက်ကလေးတော့ ကြောင်ပါးစပ်ထဲ ရောက်တော့မှာပဲပေါ့။ ကြောင်ဖြူ သို့မဟုတ် ကြောင်လည်ရစ်။ သူတို့က ကြောင်ယဉ်ကျေးတွေ ဖြစ်ပုံရတယ်။ လူကို အကဲခတ်နေပြီး ငှက်ကလေးကို အတင်းကာရော ၀င်ဆွဲတာမျိုးတော့ မလုပ်ဘူး။

ကဲ သူ့ထိုက်နဲ့ သူ့ကံပဲပေါ့လို့ စိတ်လျှော့ပြီး ထွက်လာတော့မယ် လုပ်ပြီးမှ ခြေလှမ်း သုံးလေးလှမ်းလောက် လှမ်းပြီးနောက်တော့ သူပြန်လှည့် လာဖြစ်တယ်။ စိတ်ထဲမှာ ရှင်းမှာ မဟုတ်ဘူးလေ။ တနေ့လုံး ဒီအဖြစ်အပျက်ကို သတိရနေရော့မယ်။ အခုမှတော့ မမြင်ချင်ယောင်ဆောင်ပြီး လှည့်ထွက်လို့ မရတော့ဘူးလေ။ အဓိက ကတော့ ကိုယ့်စိတ်ကိုယ် ရှင်းချင်တာဖြစ်ပေမယ့် ငှက်ကလေးကို သနားတာလည်း ပါတာပေါ့ လို့ကိုယ့်ကိုယ်ကို ညှာတွေးလိုက်တယ်။

ပထမ ငှက်ကလေးကို လက်ခုပ်ထဲ ထည့်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ငှက်ကလေးက ကြောက်ပြီး အတင်းရုန်းတော့ ပြန်ပြန်ပြီး ပြုတ်ကျတယ်။ ဒီလိုနဲ့ လက်နဲ့ အသာမယူလိုက် ပြန်ကျလိုက်နဲ့ သုံးလေးခါ ဖြစ်ပြီးတဲ့နောက် သူလက်လျော့လိုက်တယ်။ ဒီနည်းနဲ့ မဟန်သေးဘူးပေါ့။

ဟိုကြည့်ဒီကြည့် လိုက်ရှာကြည့်တော့ သစ်ရွက်ခြောက် ခပ်ရွယ်ရွယ်လေး နှစ်ရွက်တွေ့တယ်။ ဒါနဲ့ သစ်ရွက်ခြောက်လေး နှစ်ရွက်နဲ့ ညှပ်ပြီး ငှက်ကလေးကို မြေကြီးပေါ်ကနေ မယူလိုက်တယ်။

ပြီးတော့ ဘယ်နားမှာ ထားရမလဲလို့ စဉ်းစားရင်း လက်ထဲမှာ ကိုင်ထားရင်း ဘေးဘီ ပတ်ဝန်းကျင်မှာ လမ်းနည်းနည်း လျှောက်ကြည့်တယ်။ အဲ ကြောင်ဖြူက သိတဲ့ ပုံစံနဲ့ သူ့နောက်က ဆက်လိုက်လာတယ်။

အဲဒီ အချိန်မှာပဲ လျောကနဲဆို ငှက်ကလေးက သစ်ရွက်ပေါ်ကနေ သူရပ်နေတဲ့နားက ပန်းရုံထဲကို ပြုတ်ကျသွားပါတော့တယ်။ မြေကြီးပေါ်ရောက်တယ် ဆိုတာနဲ့ ပန်းတွေကြားထဲ အတင်း ပြေးဝင်သွားတာပါပဲ။ ကြောင်ဖြူကလည်း သိလိုက်တယ်။ ပန်းရုံထဲကို လှမ်းကြည့်လို့။ သူက အတင်းမောင်းထုတ်ပေမယ့် မသွားဘဲ ပေကပ်ပြီး ယောင်လည်လည် လုပ်နေပြန်တယ်။

ပန်းရုံထဲ ရောက်သွားတဲ့ ငှက်ကို ရှာလို့ မတွေ့မယ့် အတူတူ သူပန်းရုံနားက ခွာခဲ့တယ်။ ကိုယ်ဆက်စရာ ရှိတဲ့ ခရီးကို ဆက်လျှောက်လာရင်း နောက်ပြန် လှည့်ကြည့်ဖြစ်သေးတယ်။ ကြောင်ဖြူက ပန်းရုံကို မွှေနေလေရဲ့။ ကြောင်လည်ရစ်ကတော့ မိန့်မိန့်ကြီး ထိုင်ပြီး ကြည့်နေဆဲ။

စိတ်ထဲမှာတော့ ငှက်ကလေးကို ကြောင်ဖြူ ရှာတွေ့မှာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို ပြောလိုက်တယ်။ ပြီးတော့ နေ့တစ်နေ့ရဲ့ အရှုပ်အထွေး တွေကြားထဲမှာ လည်ပတ်ရင်း သူ ငှက်ကလေး အကြောင်းကို မေ့သွားခဲ့တယ်။ ပြန်သတိရတဲ့ အချိန်ကျတော့ ညနေစောင်းရောပေါ့။ ပန်းရုံလေးနားကိုတော့ သူသွားမကြည့်ဖြစ်တော့ဘူး။ နောက်တစ်နေ့ မနက်မှာ သူ့ အိပ်ခန်းပြတင်းပေါက်နား လာနားမယ့် ငှက်ကလေးဟာ အဲဒီ ကြောင်ပါးစပ်က လွတ်သွားတဲ့ ငှက်သေးသေးလေးလို့ ဇွတ်မှိတ် ယုံပစ်လိုက်တော့မယ်။

8 comments:

Moe Cho Thinn said...

ပန်းရုံကြားထဲ ငှက်ကလေး ၀င်သွားတာဆိုတော့ ကြောင်ဖြူ ၀င်နိုင်မှာ မဟုတ်ဘူး။ သူ့ကိုယ်ကြီးနဲ့ အကိုင်းတွေကြား မဆန့်ဘူး။
သေချာတယ်၊ ငှက်လေး နေကောင်းပြီး သီချင်းဆိုနေလောက်ပြီ။

သက်ဝေ said...

ပုံရိပ်ရေ..
မတွေ့တာကြာလို့ လွမ်းနေတာ...
မနက်ဖြန်မနက်ကျရင် ပုံရိပ်ရဲ့ အိပ်ခန်း ပြူတင်းတံခါးဝမှာ ငှက်ပိစိလေး တကောင် လာနားတာတွေ့ရပါစေလို့ ဆုတောင်းနေမယ်နော်...

ကိုယ့်ကိုယ်ကိုယ်လဲ တွေးသင့်သလောက်တွေး ပူပန်သင့်သလောက် ပူပန်၊
ကိုယ်မတတ်နိုင်တဲ့ အကြောင်းအရာတခုအတွက် တတ်နိုင်သလောက်ကြိုးစားပြီးရင် ကျန်တဲ့ ကိုယ်မတတ်နိုင်တဲ့ အစိတ်အပိုင်းတွေအတွက် စိတ်ထားတတ်ဖို့ ကြိုးစားနေတယ်...။
ချမ်းမြေ့ပါစေ...

JuneOne said...

ငှက်ကလေး ဘေးရန်ကင်းပါစေ။

ပန်းခရမ်းပြာ said...

ကိစ္စတိုင်းကို တွေးပူတတ်တဲ့ ကိုယ့်လို လူမျိုးထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ် ငှက်ကလေး ဘေးကင်းပါစေ။

ကြောင်ယဉ်ကျေး ဆိုလို့ ပြုံးမိသေးတယ်။

pandora said...

တွေ့မြင်ရတော့လည်း မနေနိုင် ကူညီချင်တတ်တာ လူတွေရဲ့ ကောင်းတဲ့ စိတ်သဘာဝလေးတွေပေါ့။ ဒါပေမယ့်လည်း ကိုယ့် ကိုယ်ရေးကိုယ်တာတွေကိုပဲ ဦးစားပေးမိတဲ့အခါ မတတ်နိုင်တာတွေ ရှိလာတယ်။ ထပ်ပြီး အားစိုက်ခွန်လိုက် လုပ်ပေးရင် ပိုထိရောက်သွားနိုင်မယ့် ကိစ္စလေးတွေမှာ ဒီလိုပဲ မလုပ်ဖြစ်တော့ပဲ ထားပစ်ခဲ့ရတဲ့အခါ ကောင်းသွားမှာပါ လို့ ဇွတ်မှိတ်ယုံကြည်လိုက်ရတာပဲ။
လုပ်နိုင်သလောက် လုပ်ခဲ့တာကိုပဲ ကျေနပ်ရတော့မှာပဲ။

တန်ခူး said...

ပလူလေးတကောင်ကို အိမ်မြှောင်မစားနိုင်အောင် ခြောက်ရင်းလှန့် ရင်း အိမ်မြှောင့်ပါးစပ်ထဲပါသွားတဲ့အခါ ခံစားရတဲ့ မချင့်မရဲ ခံစားမှုမျိုး... ပြီးတော့ သြော်... ငါတားတဲ့ကြားထဲက ဖြစ်သွားရတာပါလေဆို ဖြေတွေးတွေးသလိုမျိုး... လူတယောက်ရဲ့ မေတ္တာတရား၊ တာဝန်သိတတ်မှုနဲ့ ပေးဆပ်နိုင်မှုအတိုင်းအတာ... ဒီပို့ စ်လေးထဲမှာ အကုန်ပါသွားအောင် ရေးတတ်လိုက်တာ ပုံရိပ်ရယ်... တချို့ အဖြစ်တွေမှာ မတတ်သာလို့  ဒီတိုင်းထိုင်ကြည့်နေရတဲ့အခါ ကိုယ့်ရဲ့ပေးဆပ်နိုင်မှုအတိုင်းအတာကို မချင့်မရဲနဲ့  အားမလိုအားမရဖြစ်ရင်း... တတ်သာအောင် အင်အားတွေမွေးရင်းပေါ့...

အိမ်ချမ်း said...

မလေး ဒီပိုစ်ဖတ်ပြီး ရင်တွေတောင် တုန်တယ်။ ကြောင်ယဉ်ကျေးတွေက အိမ်မှာ ကောင်းကောင်းစားနေရပြီးသား ငှက်ကလေးကို ဘေးမဲ့ပေးပါစေ..... လို့

tg.nwai said...

ငယ်ငယ်ကဆိုရင်တော့ ဒီငှက်ကလေးကို ကယ်.. မွေးထားပြီး အစားအစာ ကျွေးမွေးနေမိမှာပဲ..ကြီးလာတော့ ကိုယ်လုပ်ပေးနိုင်သလောက်ပဲ လုပ်ပေးပြီး မတတ်နိုင်တာတွေကို ကောင်းသွားမှာပါလို့ ကြိတ်မှိတ်ယုံကြည်နေရတဲ့ အဖြစ်မျိုးကို.. ရေးတတ်လိုက်တာ ပုံရိပ်ရယ်.. ငှက်ကလေး အနာပျောက်ပြီး ပျံသန်းသွားနိုင်မှာပါ..။