Friday, 26 June 2009

အပေါင်း/အနှုတ် နှစ်ဆယ်

ပန်းကလေးတွေကို စိမ်း ချစ်သည်။ ခြံထဲကိုဆင်းရတာကိုပဲ ပျော်နေမိသည်။ ကျောင်းတက်ရတာ ပျင်းလှပြီ။ ဒီနေ့လို နွေကျောင်းပိတ်ရက်တွေကို မျှော်မိတာ မဆန်းပါ။ ဒီနေ့တော့ ခြံထဲကို ဆင်းလိုက်ဦးမည်။ စာကျက်ဖို့ သတိပေးသော မေမေ့အော်သံကိုလည်း ကြားရမည် မဟုတ်။ မနေ့ကစလို့ ကျောင်းတွေ ပိတ်ပြီမို့ မေမေက လွတ်လပ်ရေး ပေးထားလိုက်သည်။ ထွက်ကာစ နေရောင်က မပြင်းလှသေး။ ခပ်ဖျော့ဖျော့သာ သစ်ပင်တို့ကြားမှာ ဝေ့၀ဲနေသည်။

ဂါဝန်အနားလေးတွေ ဝေ့နေအောင် ပြေးလျက် စိမ်းခြံထဲကို ပြေးလာခဲ့သည်။ ခြံထဲရောက်တော့ ဟိုဖက်အိမ်မှ အန်တီလေးကို လှမ်းပြုံးပြလိုက်သေးသည်။ အန်တီလေးက စိမ်းရေ သနပ်ခါးပန်းလေးတွေ ယူမလားရော့ ဟုဆိုကာ ပန်းလေးတွေ ပေးနေသေးသည်။ ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးနေသော အန်တီလေးကို စိမ်းကကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသေးသည်။ ပြီးတော့ ပန်းတွေကို လက်လှမ်းယူပြီး သရက်ပင်ကြီးအောက်ကို ထွက်လာခဲ့သည်။ သစ်ပင်အောက်မှာ ထိုင်ကာ ငေးချင်သေးသည်။

စိမ်းက အိမ်မှာ တစ်ဦးတည်းသော သမီးမို့ တစ်ယောက်တည်း ပျင်းလှသည်။ မေမေနှင့် ဖေဖေကလည်း သူ့အလုပ်နှင့် သူရှုပ်နေကြသည်။ မေမေက တခါတရံ စိမ်းနှင့် အဖေါ်လုပ်သော်လည်း၊ ပုံပြင်တွေ ပြောပြတတ်သော်လည်း သူ့ခမျာလည်း မအားသည်က များသည်။ ဖေဖေကိုတော့ ညနေကျမှသာ တွေ့ရတတ်သည်။ ဖေဖေ့ခမျာလည်း စိမ်းလို ကျောင်းပိတ်ရက် မရရှာ။

သည်လိုနှင့် စိမ်းမှာ တစ်ယောက်တည်းသာ ဖြစ်ရသည်။ ခုလိုနွေကျောင်းပိတ်ရက်မှာ အပြင်ထွက်ပြီး လျှောက်လည်ပစ်လိုက် ချင်သည်။ မုန့်လည်း လျှောက်စားချင်သေးသည်။ မေမေကတော့ စိမ်း သိပ်ငယ်သေးသည် တဲ့။ မေမေတို့ လိုက်ပို့မှ သွားနိုင်မည်တဲ့။ အားတဲ့ အခါလိုက်ပို့ မှာပေါ့ ဆိုသော စကားကိုလည်း မေ့နေကြသည် ထင်၏။

ဟိုဖက်အိမ်က အန်တီလေးလို အသက်ကြီးချင်လှပြီ။ အန်တီလေးက အသက်သုံးဆယ်လောက် ရှိပြီဟု ဆိုသည်။ ပန်းတွေစိုက်တတ်သည်။ နှင်းဆီပင်တွေ အရောင်စုံလို့ နေသည်။ သနပ်ခါးပန်းတွေလည်း ဝေနေတတ်သည်။ ပြီးတော့ အန်တီလေးက ဆရာဝန်လည်းလုပ် သည်ဟု ဆိုပါသည်။

စိမ်းလည်း အသက်ကြီးလာလျှင် ဆရာဝန်လုပ်မည်၊ ပန်းတွေ စိုက်မည်ဟု တေးထားလိုက်သည်။ ပြီးတော့ တစ်ယောက်တည်း လျှောက်သွားလိုက်မည်။ တီဗွီထဲမှာ ကြည့်ရသော ဧရာဝတီမြစ်ကြီးကိုလည်း ကြည့်ချင်သည်။ ဘုရားတွေ အများကြီး ရှိသော ပုဂံဆိုတဲ့ မြို့ကိုလည်း သွားချင်သည်။ သဲတွေ အများကြီးနဲ့ ပင်လယ်ကြီးကို မြင်ရသော ချောင်းသာ ဆိုသည့် ရုပ်ရှင်တွေထဲ တွေ့ဖူးသည့် နေရာကိုလည်း သွားကြည့်ချင်သည်။ လေတွေတော်တော် တိုက်ကာ အေးနေမှာပဲဟု အတွေးထဲပေါ်လာရင်း ပခုံးတွန့်မိသည်။

နောက်ပြီးတော့ နိုင်ငံခြားဆိုသည့် နေရာကိုလည်း ရောက်ဖူးချင်သည်။ နှင်းတွေဖွေးကာ ၀က်ဝံဖြူဖြူကြီးတွေ ရှိသောနေရာကို သွားမည်။ စိမ်းရဲ့ အရုပ်ကြီးနဲ့ တူသောကြောင့် သိပ်ချစ်စရာကောင်းမည်ဟုသာ ထင်သည်။ ညဖက်မှာ မီးရောင်စုံလင်းနေသော မြို့ကြီးတွေဆီလည်း သွားမည်။ တခါမှ မစီးဖူးသော လေယာဉ်ပျံကြီး စီးကာ လျှောက်သွားချင်သည်။ စိမ်း အသက်နှစ်ဆယ်လောက် ကြီးလိုက်ချင်သည်။

အဲဒီတုန်းက ပန်းကလေးတွေ လိပ်ပြာလေးတွေ ကြားထဲမှ ဆယ်နှစ်အရွယ် ကလေးမလေးရဲ့ စိတ်ကူး အတွေးလေးတွေမျှ သာဖြစ်ပါသည်။

xxx

ဒီနေ့ စိမ်း အသက်ငါးဆယ်ပြည့် မွေးနေ့လုပ်သည်။ ဘယ်သူမှ မပါဘဲ မောင်နှင့် သမီးသာ ပါသော စိမ်းရဲ့ မွေးနေ့ပွဲက ကြည်နူးစရာ ကောင်းလှပါသည်။ သမီးလေး အသက်တောင် ဆယ့်ရှစ်နှစ်ပြည့်ခဲ့ပြီ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် နီးပါးက မွေးခဲ့သော သမီးတောင် ဒီအရွယ်ရောက်ခဲ့ပြီမှာ ပြန်စဉ်းစားကြည့်တော့ အံ့သြရသည်။

ဘ၀ အခြေတကျ ဖြစ်မှဟူသော အတွေးနှင့် ချီတုံချတုံ စဉ်းစားရင်း မောင်နှင့် စိမ်းတို့ သုံးဆယ့်နှစ်နှစ်မှ သမီးလေးကို ယူဖြစ်ခဲ့ကြသည်။ တကယ်တမ်းတော့ အဲဒီအချိန်မှာ စိမ်းတို့ ဘ၀က မရေမရာရှိ နေဆဲ။ အစနောက်ကျ ခဲ့သည်မို့ အဲဒီအချိန်ကျမှ စမ်းတ၀ါးဝါး သွားနေဆဲ။ မောင်ရော စိမ်းရော နှစ်ဖက်မိသားစုကို ပြန်ကြည့်နိုင်ရန် ကြိုးစားရင်း ကိုယ့်ဘ၀ကိုယ်လည်း အခြေခိုင်အောင် ကြိုးစားနေဆဲ။

အိမ်ခန်းကျဉ်းကျဉ်းထဲမှာ ငှားနေရသည်မို့ စိမ်းစိုက်ချင်သော ပန်းတွေလည်း မစိုက်နိုင်ခဲ့ပါ။ ပန်းအိုးလေးထဲမှာတော့ အပင်လေး လေးငါးပင် စိုက်ခဲ့သေးသည်။ ပန်းပွင့်တဲ့ အပင်ပွင့်ကာ၊ နေမရ ရေမရနှင့် သေသည့် အပင်များလည်း သေကုန်ရှာသည်။

ခရီးစရိတ် အကုန်မခံနိုင်၍လည်း ဘယ်ကိုမှ ခရီးမထွက်နိုင်ခဲ့။ ကျောင်းတက်နေတုန်းကသာ ပုဂံနှင့် ချောင်းသာကို ရောက်ဖြစ်အောင် သွားလိုက်သေးသည်။ အသက်သုံးဆယ် အရွယ်မှာ ခရီးထွက်ချင်စိတ်ကို ချိုးနှိမ်ကာ ရောက်ခဲ့ဖူးသော နေရာမှ ဓာတ်ပုံလေးတွေ ကြည့်၍ အလွမ်းဖြေနေလိုက်သည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ် ကလေးဘ၀က စိတ်ကူးတွေနှင့်တော့ လက်တွေ့ဘ၀က ကွာခြားနေခဲ့သည်။

အသက်သုံးဆယ်အရွယ်မှာ မောင်က အလုပ်အသစ်မှာ နေသားကျဖို့ ကြိုးစားနေရပြီး စိမ်းကတော့ မောင့်လုပ်စာထိုင်စားရင်း၊ အလုပ်အသစ်ရှာရင်း ရသမျှ ပိုက်ဆံလေးကို စုရင်း ရှိနေခဲ့သည်။ စိမ်းလုပ်ချင်သည် ဆိုသော ဆရာဝန်ဘ၀လည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့။ အသက်သုံးဆယ်မှာ စိမ်းဟာ အလုပ်လက်မဲ့ တစ်ယောက်သာ ဖြစ်နေခဲ့သည်။ သင်ခဲ့ဖူးသော ပညာတွေကို သံသယ ၀င်ရင်း၊ ကိုယ့်ကိုယ်ကို အားမရ ဖြစ်ရင်း စိတ်တွေ ရှုပ်ထွေး နေခဲ့သည်။ လောကကြီးမှာ ဒုက္ခတွေ များလှချည်ရဲ့လို့ ညည်းချင်နေသည်။

တကယ်တော့ သမီးကို မွေးလာခြင်းဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် အတွင်း မောင်နဲ့ စိမ်းတို့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။ အစကတော့ ဘ၀ရဲ့ ဒုက္ခတွေကို မခံစားစေချင်တဲ့ စေတနာနှင့် နောက်ဘ၀တစ်ခုကို လောကထဲ ခေါ်သွင်း မလာချင်ခဲ့။ ဒါပေမယ့်လည်း ဘ၀ရဲ့ အနှစ်သာရကို ခံစားစေချင်သော စိတ်ကလည်း တဖက်မှ ပြန်ပြီး လွန်ဆွဲ နေပြန်လေသည်။ ဒီလိုနှင့် သမီးကို စိမ်း သုံးဆယ့်နှစ်နှစ် အရွယ်မှာ မွေးခဲ့သည်။

သမီးက ငယ်ငယ်ထဲက အမေးအမြန်းထူသည်။ စူးစမ်းကာ အရာရာကို သိချင်နေတော့သည်။ သူ့မေးခွန်းတခုရဲ့ အဖြေကို ရလျှင် ၀ိုင်းသွားတတ်သော သမီး၏ မျက်လုံးလေးများကို မြင်တိုင်း၊ နားလည်သွားလျှင် ပြုံးကာ ခေါင်းလေးစောင်းပြီး စဉ်းစားနေတတ်သော မျက်နှာလေးကို မြင်တိုင်း၊ စိတ်ရော ကိုယ်ပါ သီချင်းလေး တအေးအေးငြီးနေတတ်သော အသံလေးကို ကြားရတိုင်း သမီး စိမ်းတို့ ဘ၀ထဲမှာ ရှိနေခြင်းကို ကျေးဇူး တင်နေမိသည်။

တိုက်ဆိုင်မှု တစ်ခုကတော့ သမီးက ဆရာဝန်လုပ်မည်ဟု စိမ်းရဲ့ တိုက်တွန်းမှု မပါဘဲ သူ့ဟာသူ ပြောလာခဲ့သည်။ ဒီလိုဆိုတော့လည်း စိမ်းမရခဲ့သော ဘ၀ကို သမီးဆီမှ တဆင့် ပြန်မြင်ခွင့်၊ ကြားခွင့် ရဦးမည်ပေါ့။

ဒီလိုနှင့် ရှုပ်ထွေးသော လောကထဲမှာ သမီးကို အောင်မြင်စွာ ကြီးပြင်းစေခဲ့သည်မှာ အနှစ်နှစ်ဆယ် နီးပါးရှိတော့မည်။

စိမ်း ပြတင်းပေါက်နံဘေးမှ ထလာခဲ့တော့ ညသန်းခေါင်တိုင်ရော့မည်။ လကို ငေးရင်း စဉ်းစားနေခဲ့သော အသက်ငါးဆယ် အရွယ် အမျိုးသမီးတစ်ယောက်၏ အတွေးများသာ…။ အနှစ်နှစ်ဆယ်ကို မျှော်မှန်းကာ ကြည့်ခဲ့ဖူးသလို သမင်လည်ပြန်လည်း ကြည့်ခဲ့ဖူးပြီ။ ဘာလိုသေးလို့လဲ။ ပြည့်စုံပြီပေါ့…။

(အစ်မတန်ခူးရေ ကြာသွားတာ ခွင့်လွှတ်ပါ။)

12 comments:

ThuHninSee said...

သဘောကျတယ် ညီမ။

ပန်းခရမ်းပြာ said...

ပုံရိပ်ရဲ့ အနှစ်နှစ်ဆယ် တဂ်က ထူးခြားမယ်လို့ ထင်ထားတဲ့ အတိုင်းပဲ။ စောင့်ဖတ်ရကျိုး နပ်ပါတယ် ပုံရိပ်ရေ။ အမြဲ အားပေးနေတယ်။

မီယာ said...

စိတ်ကူးကောင်းလေး ဖတ်သွားပါတယ်

Anonymous said...

very very nice post.


myatnoe

sonata-cantata said...

ရေးတဲ့ ပုံရိပ်ကိုရော၊ တဂ်တဲ့ တန်ခူးကိုရော ကျေးဇူးတင်လိုက်တာ...

ခိုင်ခင်အင်ကြင်း said...

စိတ်ကူးလေးကောင်း၏...ဖတ်လို့ကောင်း၏...

သက်ဝေ said...

အဲဒါ ပုံရိပ်ပဲ...
အတွေးစိတ်ကူးတွေက သူများနဲ့ တူကို မတူဘူး..
အတွေးကောင်း..
အရေးကောင်း...

ပိုစ့် အသစ်တွေ မတွေ့လို့ လွမ်းနေတာ ပုံရိပ်ရဲ့...
အလုပ်တွေများနေတာလား...
နေတော့ ကောင်းတယ်ဟုတ်...

MrDBA said...

လာရောက်ဖတ်ရှုသွားတယ်ခင်ဗျ။ အရင်ကထည်းက Reader ကနေဖတ်ပါတယ်။ အခုမှဘဲ နှုတ်ဆက်ဖြစ်ပါတယ်။ စာတွေဖတ်ကောင်းတာတော့ အထူးပြောမနေတော့ပါဘူး။

tg.nwai said...

စိမ်းရေ..အဲ..ပုံရိပ်ရေ..ဖတ်လို့ကောင်းလိုက်တာ..အပေါင်း၊ အနူတ် နှစ်ဆယ်တဲ့လား။ နောက်ပြန်လှည့်ကြည့်လိုက်တဲ့အဖြစ်နဲ့ မျှော်မှန်းကြည့်မိတဲ့ အဖြစ်..ကောင်းလိုက်တာ..။ နောက်လည်း လာခဲ့မယ်နော်..

ပုံရိပ် / Pon Yate said...

မမွန်၊ မချို၊ မမီယာ၊ မမြတ်နိုး လာမယ်ကြာမယ် ပို့စ်များကို စောင့်ဖတ်တာ ကျေးဇူးပါ။
မသီတာလည်း လာဖတ်တဲ့ အတွက် ကျေးဇူးတင်လိုက်တာ...။
မအင်ကြင်း ပထမဆုံး အကြိမ် မန့်တာ ထင်တယ်။ အိုးဝေမှာလည်း လာဖတ်ဖြစ်တယ်။
မသက်ဝေ... နေကောင်းပါတယ်။ :) စိတ်တွေ ရှုပ်နေတာနဲ့ မအားတာနဲ့ စာရေးဖို့ အာရုံမရ ဖြစ်နေတာပါ။ ထုံးစံ အတိုင်း ကျဲကျဲနဲ့ မှန်မှန်ပေါ့ ဟဲ။
ကိုဒီဘီ... reader ကနေ ဖတ်နေတယ်လား။ ကိုဒီဘီ ဘလောက်ကိုလည်း ဖတ်ဖြစ်ပါတယ်။
မသိဂီ င်္ရေ နောက်လည်း အားပေးပါဦး။

တန်ခူး said...

ချစ်တဲ့ပုံရိပ်ရေ… တက်ဂ်တုန်းက တက်ဂ်၊ မရေးရသေးတော့ ပူဆာ၊ ရေးလဲပြီးရော မတန်ခူးတယောက် ဘယ်ပျောက်မှန်းမသိဘူးလို့ တော့ မထင်လိုက်ပါနဲ့ ညီမရေ… ရုံးက ပရောဂျက်ခေါ်ရာနောက် ကိုယ်ပါနေရလို့ ပါ… စိတ်တွေကတော့ ဘလော့တွေဆီပဲ သွားနေတာပေါ့နော်… ဒီကြားထဲ stress နဲ့ စုံတွဲ အစာအိမ်လေး အဆစ်ပါလို့  နေမကောင်းက ဖြစ်သေးလို့ ပါ…

ကဲ… မပြောဘူးလား… ဘယ်လိုလေးများ ထူးထူးခြားခြားရေးဦးမလဲလို့  ရင်ခုန်ရကျိုးနပ်အောင်ကို ရေးတတ်လွန်းသူလေး… ဘ၀ဆိုတာ တခါတခါ ဖြစ်ချင်တာနဲ့ ဖြစ်လာတာ တထပ်ထဲမကျပေမယ့်လဲ နေတတ်ရင် စိတ်ချမ်းသာစရာပါဆိုတဲ့ messageလေးကို ပါးပါးလေး ပေးသွားပုံလေးကလဲ လှပါ့… စိမ်းကြိုက်တဲ့ သနပ်ခါးပန်းတွေကို အမတန်ခူးက ၀ရန်တာကျဉ်းကျဉ်းလေးပေါ် ဖြစ်အောင် စိုက်ထားတယ်ညီမရေ… ခြံနဲ့ မနေနိုင်တဲ့ဘ၀ဆိုတော့ ရတဲ့ဘ၀မှာ စိတ်ချမ်းသာအောင် နေရတော့တာပေါ့နော်…. ကျေးဇူးပါပုံရိပ်ရေ…

ပုံရိပ် / Pon Yate said...

မတန်ခူး... မထင်ပါဘူး အစ်မရေ။ အစ်မ အသံတိတ်နေကတည်းက အလုပ်များနေလို့လား၊ နေမကောင်းလို့လား ထင်နေသေးတယ်။ ကျန်းမာရေး ဂရုစိုက်ပေါ့ အစ်မရေ။ အနှစ်နှစ်ဆယ်ကို အမြင်နှစ်မျိုးနဲ့ ကြည့်ကြည့် တာပါ။ ထူးခြားတယ် ဆိုလို့ ရေးရကျိုးနပ် ပါတယ်။ :)