Monday, 11 May 2009

အပြောင်းအလဲ

“ဟေ့လူ… ကျုပ်ကားက ခင်ဗျားကားလို နှစ်ပဲခြောက်ပြားတန် မဟုတ်ဘူးဗျ။ သိန်းရာချီတန်တဲ့ မာစီးဒီးစ်။ အခု ခင်ဗျားကားခြစ်သွားတာ ဒီမှာ အစင်းရာကြီး ကျန်ခဲ့ပြီ။ ဘယ်လိုလုပ်မလဲ။ ခင်ဗျား လျော်ကော လျော်နိုင်လို့လား.. ဟင်။”

“ဒီမှာ ခင်ဗျားကားက လမ်းလယ်ခေါင်မှာ ပိတ်ရပ်ထားတာကိုး။ ခင်ဗျားဟာ ခင်ဗျား မာစီးဒီးစ် မကလို့ ဘာဒီးပဲ ဖြစ်ဖြစ်။ ဒါခင်ဗျားပိုင်တဲ့ လမ်းမ မဟုတ်ဘူး။ ဒီလောက် ကားတွေ ရှုပ်နေတဲ့ လမ်းမပေါ် ဒီလို ပိတ်ရက်ထားရင် ဒီလိုပဲ ဖြစ်မှာပဲ။ စည်းကမ်းမရှိရင် မရှိတဲ့ အကြောင်းပြော။ နှစ်ပဲ ခြောက်ပြားပဲတန်တန် ဘယ်လောက်ပဲ တန်တန် ကျုပ်က စည်းကမ်း အတိုင်းမောင်းတာ။”

လမ်းလယ်မှာ ကားနှစ်စီးနှင့် လူနှစ်ယောက်။ စကားများနေကြသည်။ အငြင်းပွားနေကြသည်။

“ကဲ ခင်ဗျား ပြန်လျော်ပေးပေတော့။ ကျုပ်ဝယ်ထားတာ လပိုင်းပဲ ရှိသေးတယ်။ ကျုပ်ကား အခုတော့ ခင်ဗျားကြောင့် အစင်းရာ ထင်သွားပြီ။”

“ဒါပေမယ့် ခင်ဗျား စည်းကမ်းမဲ့လို့ ကျုပ်က ပွတ်မိသွားတာပဲ။ ကျုပ် အပြစ်ချည်းပဲ မဟုတ်ဘူး။”

ဒီလိုနှင့် သူတို့ နှစ်ယောက် ဆက်ငြင်းကြသည်။ အတော်ကြာမှ မကျေမနပ်နှင့်ပင် ကျေနပ်လောက်သော သဘောတူညီမှု တခုရသွားကြသည်။ မာစီးဒီးစ်ကားပေါ်မှ လူလည်း ကားပေါ် တက်ကာ ၀ူးကနဲမောင်းထွက်သွားတော့ လေးဘီးကားလေးပေါ်မှ လူလည်း ဆောင့်ကြီးအောင့်ကြီး မောင်းထွက်သွားခဲ့သည်။

xxx

“ဟေ့…ဟေ့…ကလေးတွေ သရက်ပင်ပေါ်ကို တက်နေကြပြန်ပြီ။ ဆင်းစမ်း ဆင်းစမ်း။ မင်းတို့ သရက်သီး လာခိုးတာ မဟုတ်လား။”

“နှစ်လုံးတည်းပါ ဦးလေးရယ်။ ကျွန်တော်တို့ ကစားရင်း ဆာလို့ တက်ခူးမိတာပါ။”

သစ်ပင်ပေါ်မှ ကလေးနှစ်ယောက်ထဲက ပြန်ပြောရဲ ဆိုရဲ ရှိသော တစ်ယောက်က ပြောသည်။

“ဦးလေး မကြိုက်ရင် ပြန်ယူနိုင်ပါတယ်။ အများကြီးပဲ မို့လို့ တက်ခူး မိပါတယ်။ ကျွန်တော်တို့ အိမ်တွေကိုတော့ မတိုင်ပါနဲ့။”

“နှစ်လုံးလဲ နှစ်လုံးပေါ့။ ဈေးထဲမှာ သွားဝယ်ရင် ဘယ်လောက်ပေးရမယ် မှတ်သလဲ။”

ပြောပြောဆိုဆိုနှင့် ဦးလေးကြီးက ကလေးလက်ထဲမှ သရက်သီး နှစ်လုံးကို လှမ်းယူသည်။ ကလေးတို့ အုပ်စုလည်း ကုပ်ကုပ်ချောင်းချောင်းနှင့် ထွက်လာခဲ့သည်။ ထိုအချိန်မှာ မကျေနပ်သော ကလေးတစ်ယောက်က တိုးတိုးလေး ရေရွတ်သည်ကို ဦးလေးကြီးက ကြားဖြစ်အောင် ကြားလိုက်သေးသည်။

“ကပ်စေးနဲကြီး” တဲ့။

“ဟေ့… ငါ့ဟာငါ ကပ်စေးနည်းတာ ဘာဖြစ်သလဲ။ ဒါငါ့အပင်ကွ။ ဒီလိုပဲ ဟိုဖက်အိမ်က မိန်းမကလဲ ငါ့အပင်က သရက်သီးကို အချောင်လိုချင်သေး။ ငါကတော့ စိုက်ရပျိုးရပြီး သူတို့က အသီးခူးစားချင်ကြတာကိုး။”

ထိုအချိန်မှာ ဟိုဖက်အိမ်က ခြံထဲရောက်နေသော အပျိုကြီးက ကြားဖြစ်အောင် ကြားလိုက်သေးသည်။

“ဒီမှာ ဒီမှာ။ ရှင့်သရက်သီးက ကျွန်မခြံထဲကို ကျလာလို့ ကျွန်မကောက်ထားမိတယ်။ အဲဒါကိုပဲ ပြောလို့ မပြီးနိုင်ဘူးလား။ ကျွန်မ မကောက်စေချင်ရင် ရှင့် သရက်ကိုင်းကို ကျွန်မခြံထဲ မကျူးကျော်စေနဲ့။”

လူကြီးနှစ်ယောက်ရဲ့ ရန်ပွဲစပြီမို့ ကလေးတို့လည်း ထွက်ပြေးလာကြသည်။ မနီးမဝေးသစ်ပင် တစ်ပင်အောက်ရောက်မှသာ ပြန်လှည့်ကာ ကြည့်ကြသည်။ ဦးလေးကြီးနှင့် အဒေါ်ကြီးတို့ တခွန်းချီ တခွန်းချဖြင့် ငြင်းခုံနေကြသည်။ သရက်ပင်လေး အောက်၌ပင် ငြင်းခုံနေကြသည်။ ကလေးတို့လည်း လွတ်ပြီဟူသော အသိဖြင့် ဆက်ပြေးထွက်လာကြတော့သည်။

xxx

ထိုညက မိုးတွေရွာသည်။ သည်းသည်းမည်းမည်းကို ရွာသည်။ လေပါပါလာတော့ မိုးစက်တို့ အပြေးအလွှားခုန်ဆင်းရာမှ လေနှင့် လွင့်ပါကြရသည်။ တဟီးဟီး တိုက်နေသော လေပြင်းအောက်မှာ သက်ကယ်မိုး တဲအိမ်လေးတို့ ယိမ်းခါလာသည်။ လေပြင်းကို မမှုသော တိုက်အိမ်ပေါ်မှ လူအချို့လည်း တုန်လှုပ်စ ပြုလာပြီ။ ရှိသမျှ တံခါးတွေကို ဆွဲပိတ်ကြသည်။ ပိတ်စရာ တံခါးမရှိသူများ အဖို့တော့ ထိုင်ကြည့်ကာ ဘုရားစာ ရွတ်နေရုံမှ တပါး ဘာမျှ မတတ်နိုင်ကြ။

လေသည် ကြမ်းရာမှ ထန်လာသည်။ ထန်ရာမှ အညှာအတာ ကင်းမဲ့လာသည်။ မကောင်းဆိုးဝါးတို့ အော်သံလို တိုက်ခတ်နေသော လေပြင်းကို ဘယ်သူမှ အံမတုနိုင်။ လမ်းသွားလမ်းလာ အားလုံး နီးစပ်ရာ အကာအကွယ်အောက် ၀င်ခိုကြရသည်။ ဆောင်းထားသော ထီးတို့လည်း လှန်ထွက်ကာ ခမောက်၊မိုးကာတို့ လွင့်စင် မတတ်ဖြစ်ကုန်ကြသည်။ ခွေးတို့ ကြောင်တို့မကျန် အားလုံး လုံခြုံရာကို ပြေးခို ပုန်းဝင်နေကြသည်။ ခွေးရှင် ကြောင်ရှင်တို့လည်း အောင်နက်၊ ရွှေဝါဟုပင် မရှာနိုင်ဘဲ အိမ်ထဲကို ပြေးဝင်ကုန်ကြသည်။

လေပြင်းကျသံ၏ နောက်ကွယ်တွင်ဝုန်းကနဲ ပြိုလဲသံများ။ ထိတ်လန့်တကြား အော်ဟစ်သံများ၊ ဘုရားတသံများ၊ ကလေးတို့ လန့်၍ ငိုသော အသံများ၊ သားရေ သမီးရေ အော်ခေါ်သံများ။ အသံများအားလုံး လေနှင့် မိုးအောက်မှာသာ ပျောက်သွားရသည်။ အားလုံး၏ ဆုတောင်းမှာ ဒီညကို လွန်ပါစေတော့ဟုသာ…။

xxx

မနက်မိုးလင်းတော့ ကောင်းကင်ကြီးသည် ကြည်လင်လျက်။ မိုးရိပ်တို့ ကင်းစင်လျက်။ မုန်တိုင်းသည် မျက်နှာတမျိုးဖြင့် ဖယ်ခွာခဲ့ပြီ။

လမ်းပေါ်မှာတော့ သစ်ပင်တို့ ဖရိုဖရဲ။ မားမားမတ်မတ် ရပ်ခဲ့သော သစ်ပင်တို့သည် မြေပေါ်မှာ လဲလျောင်းလျက်။ သစ်ကိုင်းတို့ကို မြေကြီးပေါ်မှာ ဆန့်တန်းကာ ငိုကြွေးနေကြသယောင်။ သစ်ပင်အောက်မှာတော့ မာစီးဒီးစ်ကား တစ်စင်း ပိပြားလျက်။ ခေါင်မိုးသည် ချိုင့်ဝင်ကာ မှန်တို့ ကွဲကြေလျက်။ ဒီလိုဆိုတော့လည်း သူ့တွင်ရှိသော ခြစ်ရာသည် မပြောပလောက် သလိုပင်။

မြေကြီးပေါ်မှာ သရက်သီးတို့ လွင့်စင်ကာ ပြန့်ကျဲနေကြသည်။ ဟိုတစ်လုံး ဒီတစ်လုံးနှင့် သရက်သီးတို့ ကောက်မည့်သူ မရှိ။ နေနည်းနည်း ထွက်လာတော့ ခြံထဲမှ လူတချို့ ထွက်လာကြသည်။ အံ့သြသော မျက်နှာ၊ ၀မ်းနည်းသော မျက်နှာ၊ ထိတ်လန့်သော မျက်နှာ စသည်ဖြင့် မျက်နှာအမျိုးစုံလင်လှသည်။

ခြံထဲမှ ဦးလေးကြီးသည် သူ့သရက်ပင်ကို ကြည့်လျက် တိုးတိုးလေး ရေရွတ်သည်။

“တော်သေးတာပေါ့။ ငါ့အိမ်ပေါ် မကျတာ။”

ထို့နောက်တော့ သူလည်း သရက်သီးတို့ကို လှည့်ပင် မကြည့်အားဘဲ အိမ်ထဲ ၀င်သွားလေသည်။

တဖက်ခြံမှာတော့ လူတစ်ဦးရပ်လျက် ထိုနည်းတူ ရေရွတ်လိုက်သည်။

“တော်သေးတာပေါ့။ ငါ ကားထဲမှာ မဟုတ်တာ။”

ထို့နောက်တော့ ပိပြားနေသော ကားကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ခြစ်ရာကို သူ လုံးလုံး သတိမရတော့ပါ။

12 comments:

P.Ti said...

ဖတ်လို့ကောင်းတယ်။ အတွေးလည်းကောင်းတယ်။ အဲဒါတွေကြောင့် ပုံရိပ်ရေးတာလေးတွေ ကြိုက်နေတာ။

ဘ၀မှာလည်း တခဏတာအဖြစ်ကလေးတွေက တဘ၀လုံးနဲ့စာရင် ဘာမှ မဟုတ်တော့ပါလားနော်...

ဇနိ said...

ဖြစ်တတ်တဲ့ လူ့သဘာဝကို ပေါ်လွင်အောင် ရေးတတ်ပါတယ် ဒေါ်ပုံရိပ်ရေ..
း)

သက်ဝေ said...

အဲဒါပေါ့... လူ ဆိုတာ...
လူတွေရဲ့ အတွင်းစိတ်တွေကို ပေါ်လွင်အောင် ပုံဖေါ်နိုင်တဲ့ စာစုလေးမို့ နှစ်သက်မိပါတယ်...

Moe Cho Thinn said...

ဟုတ်တယ်။ မကောင်းတာဆိုရင် ကြီးကြီးမားမား မဖြစ်တာဘဲ တော်သေးတယ်လို့ သဘောထားရင် အသေးအမွှားတွေ ခွင့်လွှတ်နိုင်ပါတယ်။ လူလဲ စိတ်သက်သာတယ်။
ညီမ စာရေးသိပ်ကောင်းတယ်။

ပုံရိပ် / Pon Yate said...

အားလုံးပဲ စာပြန်တာ နောက်ကျသွားတာ ခွင့်လွှတ်ပါ။ ခုတလော အလုပ်တွေများ၊ စိတ်တွေများနေလို့။

ကိုပီတိ ခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်တချို့ဟာ နောင်ကျရင် ရယ်ပြီး ပြောနိုင်မှာပါ။ အဲလိုတွေးကြည့်လိုက်ရင် ဘာမှ အရေးမကြီးတော့ပါဘူး။

ကိုနိမနိ ဟုတ်ကဲ့ ကြိုးစားပြီး ပုံဖော်ကြည့်ပါတယ်။ :D

မသက်ဝေ လူတွေ အကြောင်းက ရေးဖို့ မကုန်နိုင်တဲ့ စာအုပ်ကြီးလိုပါပဲ။

မချိုသင်း စိတ်ထားတတ်ဖို့ ပါပဲနော်။ စာရေးကောင်းတယ်လို့ ဆိုတော့ ၀မ်းသာ ပါတယ်။ ပိုပြီး များများရေးနိုင်ဖို့ ကြိုးစားရဦးမယ် အစ်မရေ။

တန်ခူး said...

ထို့ ကြောင့် စိတ်ကူးပုံရိပ်ဟုခေါ်ပါသည်။… ကောင်းလိုက်တာ ပုံရိပ်ရယ်… အစိုးမရခြင်းသဘော… ပြီးတော့ ငါ့ ငါ့ဟာ ဆိုတဲ့ အတ္တ… လှလှလေး ယှဉ်ပြသွားတာကို လေးစားအားကျမိပါတယ်…

အောင်သာငယ် said...

သရုပ်မှန် ၀တ္ထုတိုလေးပါ...
ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ...

nu-san said...

ပုံရိပ်ရဲ့ စာကို အခုမှ လာဖတ်ရတယ်.. စာရေးကောင်းလိုက်တာ.. ဟုတ်တယ်နော်.. တခါတလေ ကိုယ်ဖြစ်တာ သေးသေးလေး တစ်ခုလောက်ကိုပဲ ပုံကြီးချဲ့နေတတ်ကြတာ.. ဒီထက်ကြီးမားတဲ့ ပြသနာတွေ ရင်ဆိုင်ရတော့မှ ကိုယ်ဖြစ်နေတာတွေက ဘာမှ မဟုတ်ပါလားဆိုပြီး ပြန်တွေးမိတယ်.. ပုံရိပ်ပြောတဲ့ အပြောင်းအလဲတွေပေါ့.. :)

ပုံရိပ် / Pon Yate said...

မတန်ခူး ကိုအောင်သာငယ် မနုစံ စာမပြန်ဖြစ်တာ တောင်းပန်ပါတယ်။ အမြဲပဲ လာအားပေးကြတာ ကျေးဇူး။ အသစ်ရေးဖို့လည်း စဉ်းစားနေပါတယ်။

နွေးနေခြည် said...

စာရေးကောင်လိုက်တာ မှတ်သားစရာတွေလည်း ရသွားတယ်

ပုံရိပ် / Pon Yate said...

မနေခြည်ရေ စာတော်တော်နဲ့ မပြန်ဖြစ်တာ တောင်းပန်ပါတယ်။ ခုလိုလာဖတ်တာ ကျေးဇူးပါ။ ခုမှပဲ အသစ်နောက်တစ်ပုဒ် တင်လိုက်တော့တယ်။

tg.nwai said...

အတွေးကောင်း အရေးကောင်းပါပဲ ပုံရိပ်ရယ်.. ဒီအိမ်တော့ အချိန်ယူပြီး မွှေရတော့မယ်..။ အခုတလော အဲလိုတွေ တွေးနေမိတယ်..ကားတစီးလုံး ပိပြားသွားတော့လည်း ခြစ်ရာလေးက ဘာမှ အကြောင်းမဟုတ်တော့ဘူးပဲနော်..ရွေးချယ်ခွင့်ဆိုတာ ရှိရင် အကောင်းဆုံးကို ရွေးယူချင်ပြီး ရွေးစရာမရှိတော့ ရှိတာပဲ ယူရတော့တဲ့ လူ့သဘာဝကို...။