Sunday, 25 October 2009

ရုပ်တုရုပ်မှန် (၂)

“ခိုင်က သီချင်းတွေ သိသားပဲနော်။ တချိန်လုံးစာချည်းကျက်နေတယ်လို့ ထင်ရတာ။”

သီချင်းကို စိတ်ပါလက်ပါ ငြီးနေရာမှ နောက်က ရုတ်တရက်ရောက်လာသော ကိုအောင့် အသံကြောင့် ခိုင် လန့်သွားသည်။

“ခိုင်က သီချင်းလည်း ၀ါသနာပါပါတယ်။”

“မသိဘူးလေ။ ခိုင့်ကို တွေ့လိုက်ရင် စာအုပ်နဲ့ချည်း ဆိုတော့ သီချင်းနားထောင်တာတို့၊ ၀တ္ထု ဖတ်တာတို့၊ ရုပ်ရှင်ကြည့်တာတို့ မလုပ်ဘူး မှတ်လို့။”

ကိုအောင်ကလည်း ခိုင့်ကို စာဂျပိုး တစ်ယောက်ထက် ပိုမမြင်ဘူး ထင်ပါရဲ့။ ကိုအောင်က ခိုင်တို့ အိမ်နီးချင်း ဖြစ်သည်။ ကိုလတ်ရဲ့ သူငယ်ချင်းလည်း ဖြစ်ပြန်သည်။ အိမ်ကို လာပြီး ကိုကြီး၊ ကိုလတ်တို့နှင့် ဂစ်တာတီးကာ သီချင်းဆိုကြသည်။ စာအုပ်တွေ အကြောင်း၊ သဘောထား ရေးရာတွေ အကြောင်း ဆွေးနွေးကြသည်။ တခါတလေတော့လည်း ကောင်မလေးတွေ အကြောင်း ပြောနေကြပြန်သည်။ ခိုင်ကတော့ သူတို့ ပြောသမျှကို အားကျစွာနဲ့ စိတ်ဝင်စားစွာနဲ့ စာကျက်ချင်ယောင်ဆောင်ပြီး နားထောင် စမြဲပါပဲ။

တခါတလေတော့လည်း ကိုအောင် အပါအ၀င် လူတွေအားလုံးက ခိုင့်ကို မြင်ကြသည့် အမြင်မှာ ဘယ်လိုများ နေပါလိမ့်လို့ တွေးကြည့်မိသည်။ သူတို့ မြင်သည့် ခိုင်နှင့် တကယ့် ရှိရင်းစွဲခိုင်က ဘယ်လောက်ကွာပါသလဲဟု ခိုင်သိချင်သည်။ လူတွေ ဘယ်လိုမြင်တာကို ခိုင်က ဂရုစိုက်လွန်းတာလား။ အနည်းဆုံးတော့ ကိုအောင် ခိုင့်ကို ဘယ်လိုမြင်လဲ ဆိုတာကို ခိုင်ဂရုစိုက်ချင်သည်။

ခိုင့်ကို အပြင်စာ ဘာစာတွေဖတ်လဲလို့ ကိုအောင် တခါက မေးဖူးသည်။ အဲဒီတုန်းကလည်း ဘာဖြေလို့ ဖြေရမည်မသိ။ ခိုင်က အချစ်ဝတ္ထုတွေ ကြိုက်သည်။ ခံစားချင်သူ၊ ခံစားလွယ်သူလည်း ဖြစ်လိမ့်မည် ထင်သည်။ ဒါပေမယ့် ခိုင့်ကို စိတ်ကူးယဉ်တတ်သော ကောင်မလေး၊ ခံစားချက်ကို ဦးစားပေးလွန်းသော မိန်းကလေးဟု မထင်စေလိုပါ။ ကိုအောင်က လက်တွေ့ကျသူဟု ကိုလတ်က ဆိုဖူးသည်။ သူကိုယ်တိုင်လည်း အချစ်ဝတ္ထု မဖတ်ဟု ပြောဖူးသည်။ အဲဒီတော့ အယောင် အမှားမှားနှင့် မြသန်းတင့်၊ ရွှေဥဒေါင်း၊ မောင်ထင်ဟု ရေရွတ်မိသည်။ တကယ်တော့ အဲဒီ စာရေးဆရာတွေကို ခိုင် မဖတ်ဖူးပါ။ ဖေဖေ့ စာအုပ်စင်ပေါ်မှာ မြင်မိသော နာမည်တွေကို ရွတ်မိသည်ပဲ။ ကိုအောင်နှင့် ဆွေးနွေးနိုင်ရန် တနေ့နေ့တော့ ဖတ်မည်ဟု တေးထားလိုက်သည်။

ခိုင်သည် ခိုင်ပဲ ဖြစ်ပေမယ့်လည်း တခါတလေတော့လည်း ခိုင်သည် ဘယ်လို ခိုင်မျိုးဖြစ်သည် ဆိုတာကိုတော့ ပြင်ဆင်ကြည့်ချင်သေးသည်။

xxx
၁၉၉၄

“ခိုင်က တော်လိုက်တာ။ ဂုဏ်ထူး ငါးခုတောင် ဆိုတော့ ဆေးကျောင်းရ မှာပဲ။”

“ခိုင်က ဆရာဝန်မကြီး ဖြစ်တော့မှာပေါ့။ လိမ္မာလိုက်တာ၊ စာလည်း တော်လိုက်တာကွယ်။”

“ခိုင့်ကို အားကျစမ်းပါ သမီးရယ်။ သမီးမမခိုင်လို ဆရာဝန်မကြီး မဖြစ်ချင်ဘူးလား။ အနေအထိုင်လည်း ရိုးရိုးအေးအေးနဲ့ စာလည်း ကြိုးစားတယ်။”

အောင်စာရင်းတွေ ထွက်ပြီဆိုတာနှင့် ခိုင့်နံဘေးမှာ ချီးကျူးသံတွေ ဝေဆာလို့နေသည်။ ခိုင်တို့ မြို့လေးမှာ သေးငယ်ပြီး ရန်ကုန်မြို့ကြီးလို မဟုတ်၍ ဂုဏ်ထူး ငါးခုထွက်သည့် ကျောင်းသား ခိုင် တစ်ယောက်သာ ရှိပါသည်။ မေမေတို့ကတော့ ပြုံး၍ မဆုံးပြီ။ သူငယ်ချင်းတွေကို ဖိတ်၍ အိမ်မှာ မုန့်ကျွေးသည်။ ခိုင်လည်း ပျော်ပါသည်။ မပျော်ဘူးဟု ဆိုလျှင် ညာရာ ကျမည်ပေါ့။ ဒါပေမယ့် ပျော်တာလည်း ခဏတာပါပဲ။ ခိုင့်အတွက် အရမ်း အရေးမကြီးလှဘူးဟု သိလာရသည်။

ကျောင်းတွေ မဖွင့်ခင် ဘာလုပ်ရမည်လဲ ဟုသာ ခိုင် စဉ်းစားမိသည်။ ဂုဏ်ထူးတွေ အများကြီးပါတော့လည်း အများနည်းတူ ဆယ်တန်းနည်းပြ လုပ်ဖြစ်သည်။ ကိုယ်နှင့် အသက် သိပ်မကွာလှသော ကျောင်းသားတွေက ကိုယ့်ကို လေးစားအောင် ခိုင် ခပ်တည်တည် နေဖြစ်သည်။ စကားကို ပြတ်ပြတ်ပြောသည်။ အင်္ကျီ အရောင်တွေထဲကပင် ခပ်မှိုင်းမှိုင်းဝတ်ကာ လုံချည်ရှည်ရှည်နှင့် ဆံပင်ကို တင်းတင်းစည်းထားသော ခိုင့်ကို လူကြီးလေးဟု ဆိုကြပြန်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ခိုင့်ရဲ့ ဆယ်တန်းကျောင်းသားများကတော့ ခိုင့်ကို ရှိန်ကြသည်။ ကောင်းသည်လား၊ မကောင်းသည်လားတော့ ခိုင်ကိုယ်တိုင်လည်း သေချာ မစဉ်းစားမိပါ။ ဒါပေမယ့် သူငယ်ချင်းတွေနှင့် လျှောက်လည်ကြသည့် အခါ ခိုင်လည်း မိတ်ကပ်လိမ်းချင်သည်။ နှုတ်ခမ်းနီ ဆိုးကြည့်ချင်သည်။ ဆံပင်ချချင်သည်။ အတွန့်တွန့်နှင့် အထပ်ထပ်လေးများ ပါသော အင်္ကျီကို ၀တ်ချင်သည်။ ခိုင့်အသက်က ၁၇နှစ် သာသာ ရှိသေးသည်ပဲ။ လုပ်နေကျ မဟုတ်သော အလုပ်တခုကို လုပ်ရသည်မို့ ခိုင့်ကိုယ်ခိုင် မှန်ထဲမှာ ပြန်ကြည့်တော့ ရယ်ချင်သည်။ တခါက အရဲစွန့်ပြီး ၀တ်သွားတော့လည်း မိခိုင် ဘယ်လို ဖြစ်လာတာလဲဟု ၀ိုင်းမေးကြ၊ ပြောကြ ရယ်ကြတော့လည်း နဂိုကပင် ယုံကြည်ချက် မရှိသည်မို့ လွယ်လွယ်ပင် လက်လျော့ ဖြစ်လေသည်။

တခါတလေတော့လည်း အများသတ်မှတ်သော ခိုင်ကို ကိုယ်တိုင် မလွန်ဆန်နိုင်၍ ခိုင်လည်း အများဖြစ်စေချင်သည့် ခိုင်သာ ဖြစ်နေလေတော့သည်။

(ဆက်ရန်)

8 comments:

Moe Cho Thinn said...

ပုံရိပ် ဆက်ရေးပြီဟေ့.. ၀မ်းသာလိုက်တာ။

ဟုတ်တယ်နော်၊ တခါတလေကျတော့ စိတ်ထဲ အရှိကိုအရှိအတိုင်း လွတ်လွတ်လပ်လပ် နေလိုက်ရင် စိတ်ပေါ့သွားမှာ အမှန်ပဲ။ ခိုင်သာ တို့ညီမလေး ဆိုရင် သူ လုပ်ချင်တာတွေကို ရဲရဲ လုပ်ဖို့ အားပေးမယ်။ သူ့မှာ စဉ်းစားဥာဏ်ရှိတာပဲ၊ မမှားနိုင်ပါဘူး။ ဘာကိုမှ ထိန်းချုပ် မနေစေချင်ဘူး။ မှားသွားတောင် လူငယ်ပဲ၊ အတွေ့အကြုံက သင်သွားပါလိမ့်မယ်။

ပုံရိပ်ရေးတာ သိပ်ကောင်းတယ်။ ခံစားမှု တကယ် ပေါ်လွင်တယ်။

nu-san said...

ပုံရိပ်ရေ... ခိုင် က သူများအမြင်ကို သိပ်ဂရုစိုက်တတ်သူဆိုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်တယ်.. :)

အပိုင်း ၃ ကို မျှော်နေမည်... :D

sonata-cantata said...

ဇတ်လမ်းတွဲတွေ ကြည့်တော့ တရုတ်မလေးတွေ၊ ကိုးရီးယားမလေးတွေက သူတို့ကိုယ်သူတို့ အမှန်အတိုင်း ဖော်ထုတ်နိုင်ကြတယ်...တို့များနဲ့ ဒါတွေကွာတယ်...(ရည်းစားစကားစပြောတာကို မဆိုလိုပါ။)
တို့များမတော့ လွှမ်းမိုးမှု မျိုးစုံအောက် ပျောက် ပျောက်သွားတာ..တခါတလေ ကိုယ့်ကိုယ်ကို အစတောင် ရှာမရ

ပုံရိပ် / Pon Yate said...

အစ်မချိုသင်းရေ ကျေးဇူးပါ။ လူငယ်ဖြစ်ပေမယ့် ထိန်းချုပ်လွန်းတဲ့ ကလေးတွေကို တွေ့ဖူးတယ်။
မနုစံ ဟုတ် အပိုင်း၃ကို အမြန်ဆုံး တင်ဖို့ ကြိုးစားပါ့မယ်။
မသီတာရေ ဟုတ်ပ။ ကိုယ့်ဟာကိုယ် အစတောင် ရှာမရ။ အစ်မပြောတာ သဘောကျမိပါတယ်။

~ဏီလင်းညို~ said...

ဟိုတစ်ခါ လာခိုးဖတ်ပြီးကတည်းက အဆက်မျှော်နေမိခဲ့တာပါခင်ဗျာ...။
ဒီနေ့မှထပ်ရောက်လာမိလို့ ဖတ်ခွင့်ရတာပါ...။
ခိုင်တစ်ယောက် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာသိချင်လာမိတယ်ခင်ဗျ...။
စာရေးကောင်းတယ်ဗျ...။
အားပေးနေပါတယ်နော်ဗျ...။

အိမ့်ချမ်းမြေ့ said...

ကိုအောင်နှင့်ခိုင် ဘာဆက်ဖြစ်ကြမည် မသိနော်...
မျှော်နေမယ်..

ပုံရိပ်ရယ်.. ပျောက်ပျောက်နေလိုက်တာ။

တန်ခူး said...

ခိုင့်ဆီတောင် ပြေးသွားလိုက်ချင်တယ် ပုံရိပ်ရယ်… လူငယ်ဘ၀ရဲ့ လွတ်လပ်ခြင်းတွေ လက်ဆောင်ပေးချင်လို့ ပါ… ပုံရိပ်က ရေးတာတော်လွန်းတော့ ခိုင့်ပုံလေးကို မျက်စိထဲမြင်ပြီး အားမလိုအားမရဖြစ်မိတယ်… အချိန်အကြာကြီးဆွဲမထားနဲ့ နော်… နောက်တပိုင်းကို…

ပုံရိပ် / Pon Yate said...

ကိုဏီလင်းညို လာအားပေးတာ ကျေးဇူးပါ။
မလေး... ဟုတ်တယ်။ ပျောက်လိုက် ပေါ်လိုက် ဖြစ်နေတာ။
မတန်ခူးရေ ပုံရိပ်တစ်ယောက် ရေးတာ သိပ်ကြာတာပဲလို့ အားမလိုအားမရ မဖြစ်ဘူးလား :D။
အားလုံးပဲ ကြာနေတာ တောင်းပန်ပါတယ်။ ကြိုးစားပြီး ရေးသွားပါ့မယ်။ စိတ်ရှည်လက်ရှည် စောင့်ပြီး ဖတ်တာကို တကယ် တန်ဖိုးထား ကျေးဇူးတင်ပါတယ်။