Monday, 12 October 2009

ရုပ်တုရုပ်မှန် (၁)

၁၉၉၀

“နှင်းဆီနဲ့ စံပယ်။”

“နှင်းဆီ”

“ဟာ…ဒါဖြင့်ရင် သက်သက်က ငါတို့အသင်းမှာ ပါမှာပေါ့။ ဟေးးးးး”

သက်သက်၏ မျက်နှာလေးမှာ ချွေးစက်တွေနှင့်။ သက်သက်ကို ကြည့်လိုက်လျှင် ဘယ်တော့မှ မမောဘဲ အမြဲတက်ကြွနေသည်။ ခိုင် လက်ထဲမှစာအုပ်ကို ချ၍ သူတို့ကို မသိမသာ ခိုးကြည့်မိသည်။ သက်သက်ကို ခိုင်ခိုး၍ အားကျနေမိတာတော့ အမှန်ပင်။ သက်သက်က သွက်လက်၍ အမြဲ ဦးဆောင်တတ်သူ။ ခိုင်တို့ အတန်းထဲမှာလည်း အတန်းခေါင်းဆောင်။ လူချစ်လူခင်များသည်။ ပြောရဲဆိုရဲ၍ သတ္တိလည်း ရှိသည်ဟု ခိုင်ထင်သည်။ ခိုင့်လို လူကြောက်၍ အရာရာကို ရှက်ရွံ့တွန့်ဆုတ်နေသူ မဟုတ်။ ဒါပေမယ့် သက်သက်က စာမတော်ရှာ။ တစ်နှစ်တစ်တန်းတော့ မှန်မှန် အောင်ပေမယ့် သာမန်အဆင့်နှင့် နှစ်သိမ့်ကျေနပ်မြဲ။ သူအဆင့် မကောင်းသည့် အတွက်လည်း စိတ်မကောင်း ဖြစ်ပုံမရ။

“ဟေး…. ခိုင်ရေ… ခိုင်….။ ငါတို့နဲ့ လာကစားပါလား။’

အိမ်ရှေ့မှာ စာအုပ်ကိုင်ပြီး ငေးနေသော ခိုင့်ကို သက်သက်တွေ့သွားပုံ ရ၏။ လမ်းပေါ်မှနေ အော်ခေါ်နေပြန်သည်။ ခိုင် အိမ်ပေါ်မှ အော်မပြောချင်၍ အိမ်အောက်ကို ဆင်းလာခဲ့သည်။

“ငါ မကစားတော့ပါဘူးဟာ။ စာဖတ်နေလို့။”

ပြောပြောဆိုဆိုနဲ့ လက်ထဲက စာအုပ်ကို ထောင်ပြမိသည်။

“ခိုင်ကလည်း အမြဲတမ်း စာဖတ်နေတာပဲ။ နင်က အဲဒါကြောင့် စာဂျပိုးလေး ဖြစ်နေတာ။ ကျောင်းပိတ်တုန်း ကစားပါလား။ နင့်ကို ကြည့်ရတာ ပျင်းစရာကြီး။”

“မကစားတော့ပါဘူးဟာ။ ကစားလည်း မကစားတတ်ဘူး။ နင်တို့ ကစားတာပဲ ကြည့်မယ်လေ။”

ခိုင့်ကို စည်းရုံး၍ မရသည့်အဆုံး ရယ်မောရင်း ခေါင်းခါရင်း သက်သက် ကစားဝိုင်းထဲ ပြန်ရောက်သွားခဲ့သည်။

တကယ်တော့ ခိုင်ကစားချင်ပါသည်။ ဒါပေမယ့် ခိုင့်ကို အကစားမက်နေသည့် စာမကျက်ချင်သည့် ကောင်မလေးဟု အများက မထင်စေလို။ ခိုင်က သိပ်ထိန်းချုပ်လွန်းသည် ဆိုရမလား။ ကိုလတ်ကတော့ ပြောသည်။ နင်က တောင့်တောင့်ကြီးနဲ့ စိတ်လျော့လက်လျော့ နေစမ်းပါ။ အေးဆေးပေါ့ တဲ့။ သူ့ထုံးစံ အတိုင်းရယ်ကာမောကာနှင့် စတတ်သည်။

နောက်ပြီး မကစားတတ်တော့ ပေါက်ကရတွေ လုပ်မှာ စိုးသည်။ အဲဒီလိုဆိုလျှင် ကျန်သည့် ကစားဖော်များက ငြိုငြင်မှာ စိုးသည်။ မကောင်းသည့် အကျင့်ဟု ဆိုရမည်လား။ ခိုင်သည် သူတပါး ငြိုငြင်မှာကို သိပ်ကြောက်တတ်သော မိန်းကလေး ဖြစ်၏။ အိမ်မှာလည်း အိမ်သားများ၏ ဆန္ဒ အကြိုက်ကို အလွယ်တကူ လိုက်လျောတတ်သည်။ ခိုင့်ဆန္ဒကို ထုတ်ပြောခဲလှသည်။ ဒါကြောင့်ပဲ ခိုင်က စိတ်ပျော့လိုက်တာဟု ကိုကိုကြီးက ဆိုလေသလား။ တကယ်ဆို ခိုင်စိတ်ပျော့သူ မဖြစ်ချင်ပါ။

ခိုင်တို့မှာ မောင်နှမ လေးယောက်ရှိသည့် အနက် ခိုင်က တတိယ သမီး။ ကိုကိုကြီးနဲ့ ကိုကိုလတ်က နှစ်နှစ်ကြီး နှစ်နှစ်ငယ်လည်း ဖြစ်၊ ယောက်ျားလေးချင်းလည်း ဖြစ်ကြ၍ တတွဲတွဲ။ ခိုင့်ထက် အငယ် ညီမလေးက ခိုင်နှင့် အသက်ကိုးနှစ်ခန့်ကွာ၍ အခုမှ လေးနှစ်သမီးသာ ရှိသေးသည်မို့ ခိုင်နှင့်တွဲလို့ မဖြစ်နိုင်ပါ။ ကိုကြီးတို့ ကိုလတ်တို့က သူတို့နှင့်အပြင်သွားရန် လိုက်ဖို့ ခေါ်ပေမယ့် မုန့်စားဖို့က လွဲ၍ ခိုင်မလိုက်ဖြစ်တာ များပါသည်။ ထို့ကြောင့် ခိုင်လည်း စာအုပ်တွေသာ အဖော်လုပ်၍ နေသည်မှာ မဆန်းလှပါ။

xxx
၁၉၉၃

ဒီနှစ် ဆယ်တန်းမို့ အရေးကြီးသည်ဟု မေမေက တဖွဖွ ပြောပါသည်။ တကယ်တော့လည်း မေမေ သတိပေးစရာ မလိုလှပါ။ ခိုင်တယောက် စာအုပ်နှင့် မျက်နှာ မခွာဘဲ စာကျက်နေသည်ကို တအိမ်သားလုံး သိပြီးသားပဲ။ ကိုကိုကြီးနဲ့ ကိုကိုလတ်က ယောက်ျားလေးတွေမို့ ခိုင့်လောက် စာမကျက်ကြ။ နင်ပဲ မေမေ့ အတွက် ကြိုးစားပေးလိုက်။ ငါတို့က နင့်လောက် စာမကျက်နိုင်ဘူးဟ…ဟု ကိုလတ်ပြောဖူးတာကို ခိုင် သတိရမိသည်။ အားလုံး အမြင်မှာတော့ ခိုင်သည် စာဂျပိုး။ အမှန်တော့ ခိုင်က မေမေတို့ ဖေဖေတို့ အတွက် တာဝန်ကျေသော သမီးကောင်း တစ်ယောက် ဖြစ်ချင်တာနှင့် ခိုင့်တာဝန် ကျေချင်တာ သက်သက်ပါပဲ။ ဂုဏ်ထူးတွေ အများကြီးနှင့် အောင်တာ မအောင်တာကို ခိုင် သိပ်ဂရုမစိုက်ပါ။

ဆယ်တန်းပြီးလျှင် ဘာလုပ်ရမည်လဲ ဆိုတာ ခိုင်ကိုယ်တိုင်လည်း မသိပါ။ မေမေ့ အလိုအရတော့ ဆေးကျောင်းတက်ရမည်ပေါ့။ ဆေးကျောင်းတက် ဆိုတော့လည်း တက်လိုက်ရုံပေါ့ကွယ်။ ကံကောင်းစွာနှင့် ၀ီရိယ ကောင်းသော၊ ဥာဏ်လေးလည်း မဆိုးလှသော ခိုင့် အတွက် သိပ်မခက်ခဲလှပါဘူး။

အဲ… ခက်ခဲတာကတော့ ပညာရေးကလွဲလို့ ခိုင်ကိုယ့်ဟာကိုယ် ယုံကြည်ချက် မရှိတာဘဲ။ ဒါကြောင့် ခိုင့်ဘ၀မှာ လုံခြုံမှု တခု၊ သေချာမှု တခု၊ ကျေနပ်မှုတခု ပေးနိုင်တဲ့ ကျောင်းစာကို ကြိုးစားတာ မဆန်းလှပါဘူး။ တကယ်တော့ သီချင်းလေး တအေးအေးနှင့် အချိန်တန်တော့လည်း ထိပ်ဆုံးက မဟုတ်တောင် အဆင့်ကောင်းကောင်းလေးနှင့် အောင်သော ကိုကြီးကို ခိုင်အားကျသည်။ ကျွန်တော်ကတော့ အင်ဂျင်နီယာ ဖြစ်ချင်တယ်ဟု ဆိုကာ ဖေဖေ့ရေဒီယိုနှင့် ကက်ဆက်တွေကို ကလိတတ်သော ကိုလတ်လို ကိုယ်ဘာလုပ်ချင်လည်း ဆိုတာ သိချင်သည်။ အများအမြင်မှာတော့ ခိုင်က အဟုတ်ကြီးပဲ။ ဒါပေမယ့် တကယ်ခိုင့်ကိုခိုင် မကျေနပ်ပါ။

“သမီးရေ မိခိုင်… ရေနွေးကြမ်းနဲ့ လက်ဖက်လေး ယူခဲ့ပါကွယ်။ ဒေါ်လေးမေ လာတယ်။”

စာအုပ်ရှေ့ချပြီး တခါတရံ တွေးနေတာက ခိုင့်အကျင့်။ မေမေ့ အသံကြားတော့မှပင် ကပျာကယာ ထလာမိ၏။ မီးဖိုထဲမှာ လက်ဖက်သုပ်ရင်း သီချင်းလေးအေးအေး ညည်းနေဖြစ်သည်။ ဒေါ်လေးမေက မေမေ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်။ အသက်သိပ် မကွာလှ သဖြင့် သူငယ်ချင်းလိုလည်း ခင်ကြသည်။ သူ့မှာလည်း ခိုင့်အရွယ် သမီးတစ်ယောက် ရှိသည်။

“မိခိုင်တို့က လိမ္မာတယ် မမခင်ရဲ့။ စာဆိုလည်းတော်။ ကြည့်လိုက်ရင် အမြဲ စာအုပ်နဲ့ မျက်နှာ မခွာဘူး။ ခိုင်းလို့လဲ ရတယ်။”

“အော်… ခိုင်းလို့ ရတာက အခု လက်ဖက်သုပ်ရုံ၊ ရေနွေးတည်ရုံလေးပါ မေကြည်ရယ်။ အိမ်မှုကိစ္စတော့ စာကျက်နေလို့ စာကျက်နေလို့ ဆိုပြီး ခိုင်းလို့ မဖြစ်ပါဘူး။ ကျွန်မကလည်း စာကျက်ဖြစ်ပါစေ ဆိုပြီး မခိုင်း ဖြစ်ပါဘူး။”

မေမေက ရယ်မောပြီး ခိုင့်အကြောင်း ပြောနေပြန်ပါပြီ။

“အမယ်လေး အိမ်က မမ၊ သီတာတို့များ အဲဒီလောက်တောင် အားမကိုးရပါဘူး။ သီချင်းလေးနားထောင်လိုက်၊ ကာတွန်းစာအုပ်လေး ဖတ်လိုက်၊ ၀တ္ထုစာအုပ်လေး ကိုင်လိုက်နဲ့ စာကျက်တယ်လို့ကို မမြင်ရဘူး။ ဆယ်တန်းကျောင်းသူနဲ့ကို မတူပါဘူး။”

ခိုင်ရေနွေးဗန်းနှင့် လက်ဖက်ကိုသယ်ပြီး အိမ်ရှေ့ရောက်လာတော့ ဒေါ်လေးမေက ပြုံး၍ ခိုင့်ကို ကြည့်သည်။

“မိခိုင် ပိန်သွားတယ်။ စာတွေ သိပ်ကြိုးစားနေလို့ ထင်တယ်။ စာတော်တော်ရရောပေါ့။”

ခိုင်က ဘာမျှ မပြောဘဲ ရယ်ကျဲကျဲလုပ်ကာ အခန်းထဲ ပြန်ဝင်လာခဲ့သည်။ တကယ်တော့ ခိုင်က စာအုပ်နဲ့ မျက်နှာ မခွာတဲ့ ကောင်မလေးတော့ မဟုတ်ပါ။

(ဆက်ရန်)

10 comments:

P.Ti said...

အဲလိုပဲဖြစ်တတ်တယ်နော်... အဲတော့ ခိုင်က စာအုပ်နဲ့ မျက်နှာ ခွါတဲ့ အချိန်ဘာလုပ်နေလဲ...

တခုခုကျန်နေသေးသလိုပဲ..

ပုံရိပ် / Pon Yate said...

အဟဲ ဆက်ရန်လို့ ရေးဖို့ ကျန်သွားတယ်။ ဆက်စောင့်ဖတ်ပါနော်။

sonata-cantata said...

သီချင်းလေးနားထောင်ရင်း၊ ကာတွန်းစာအုပ်လေးကိုင်လိုက် ၀တ္တုစာပုပ်လေးကိုင်လိုက် လုပ်ပြီး စောင့်နေမယ်နော် ဆက်ရန်ကို...

ဆယ်တန်းကျောင်းသူလေး သီတား)

SDL said...

အကြာကြီးမထားပါနဲ့လေ... ဖတ်ချင်လို့ပါ...

သက်ဝေ said...

ဆက်ရန် နဲ့ပါလား ပုံရိပ်ရဲ့...
ခိုင့်အကြောင်းကို မျှော်နေတယ်နော်...

nu-san said...

ပုံရိပ်ရေ.. ကြည့်..သူရက်စက်ပြီ.. :D မြန်မြန်လေး ဆက်ရေးပေးနော်.. :)

Moe Cho Thinn said...

မိဘတွေ စိတ်ချမ်းသာအောင် စာကျက်တယ်ဆိုပေမဲ့ ကိုယ်ကလဲ စာပဲ ၀ါသနာပါလို့ ဖြစ်မှာပါ။ စာကျက်ရတာ မပျော်ရင် စာကို ဟန်ဆောင်တောင် မကျက်ချင်တာ တို့ လက်တွေ့..။ ဒါကြောင့် စာမတော်တာ ဖြစ်မယ်။ :)
ဆက်ရေးနော် ညီမလေး၊ တွေးစရာလေးတွေနဲ့ စောင့်ဖတ်မယ်။

တန်ခူး said...

ခိုင်တဲ့လား ပုံရိပ်ရယ်… ပုံစံခွက်ထဲမှာ ခိုင်တကယ်ပဲပျော်နိုင်တာလား… ဒါမှမဟုတ်နေသားကျသွားတာလား… ကလေးဘ၀ရဲ့ လွတ်လပ်ခြင်းတွေ ပျောက်ဆုံးနေတဲ့ ခိုင့်ကို သနားရင်း ဘာများဆက်ဖြစ်လေလိမ့်မလဲလို့ …

pandora said...

ဆက်ရေးဦးလေ ပုံရိပ်.. စောင့်နေတယ်။

ပုံရိပ် / Pon Yate said...

မသီတာရေ သတိ မထားမိဘဲ အစ်မနာမည်ကို အလွဲသုံးစားလုပ်မိပါတယ်။ :D
မစင်ဒန်လာ နည်းနည်းကြာသွားပါတယ်။
မသက်ဝေ မနုစံ ရေးချင်ပေမယ့် စိတ်က မသွားလို့ နှစ်ပတ်ကြာသွားတယ်။
မမိုးချိုသင်းနဲ့ မတန်ခူး ကလေးတွေဟာ စိတ် ကိုယ်ရည်ကိုယ်သွေး တမျိုးစီပဲ ဆိုတော့ သူတို့ ပတ်ဝန်းကျင်ကို တုံ့ပြန်ပုံခြင်း မတူညီကြဘူး။ ဒါကြောင့်ပဲ ကြီးပြင်းတဲ့ ပတ်ဝန်းကျင်ခြင်း တူတာတောင် ပုံစံတွေ မတူကြဘူး ထင်ပါရဲ့။ စဉ်းစားပြီး ရေးကြည့်တာပါ။ ဆက်အားပေးနော်။
မပန်ရေ ဆက်လိုက်ပါပြီ။