Monday, 7 December 2009

ရုပ်တုရုပ်မှန် (ဇာတ်သိမ်း)

၁၉၉၈

ဘ၀ဆိုတာ မမျှော်လင့်တာတွေ ဖြစ်တတ်သည်ဟု ခိုင် တခါမှ နက်နက်နဲနဲ မတွေးမိသော်လည်း အခုတော့ မကြာခဏ တွေးဖြစ်ခဲ့သည်။ ဘယ်လိုမှ ထင်မထားခဲ့သော်လည်း အခုအချိန်မှာ ခိုင်သည် အခြားနိုင်ငံ တစ်ခုကို ရောက်နေခဲ့သည်။ မျက်လုံးပြာပြာ၊ အရပ်မြင့်မြင့်တို့ကြားထဲမှာ၊ မရင်းနှီးသော ဘာသာစကားတို့ အလယ်မှာ၊ အေးခဲ နေသော လေထုထဲမှာ ခိုင်တယောက် ပြေးလွှားကာ နေသားကျဖို့ ကြိုးစားနေခဲ့သည်။ မပြီးသေးသော ပညာရေးကို ဆက်နိုင်ဖို့၊ အသက်မွေး ၀မ်းကျောင်းမှုအတွက် ဘွဲ့တစ်ခု ရဖို့အတွက် ခိုင်ရပ်ဝေးကို ရောက်ခဲ့ရသည်။

ခုတော့လည်း ပတ်ဝန်းကျင်အသစ်သည် ခိုင့်ကို စိမ်းစိမ်းကားကားပင် ဆီးကြိုလျက်။ ခိုင့်အတွက် ဘာစံနှုန်းတွေ ထားမည်လဲဟု ခိုင်မသေချာ။ ထိုစံနှုန်းတွေနှင့်ရော ခိုင်က ကိုက်ညီအောင် နေနိုင်မှာလား။ သေချာတာကတော့ ဒီနိုင်ငံမှာ ခိုင်သည် ခိုင်သာမက မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်နေခြင်းပင်။

“ဒီနှစ် နိုင်ငံတကာယဉ်ကျေးမှုပွဲမှာ ခိုင် ၀င်နွှဲပါလား။ မြန်မာပြည်က ကျောင်းသားဆိုတာ မင်းပထမဆုံးပဲဆိုတော့လေ။”

“ဟုတ်ကဲ့ ကြိုးစားပါ့မယ်။”

ပြောလာခဲ့ပြီးမှ ကိုယ့်မြန်မာပြည်ကို ကိုယ်စားပြုမည့် ဖျော်ဖြေမှုမျိုးကို ခိုင် အပြေးအလွှား စဉ်းစားရသည်။ မြန်မာအ၀တ်အစားများ ပါလာသော်လည်း မြန်မာအကကို ကတတ်ဖို့ မဆိုနှင့် လက်ပင် မချိုးတတ်။ အ၀တ်အစားဝတ်ကာ လမ်းလျှောက်ရုံလောက်တော့ ဖြစ်နိုင်သေးသည်။ မြန်မာသီချင်း နောက်ခံ ဖွင့်ရမည်မို့ သင့်တော်မည့် မြန်မာသီချင်းတွေ လိုက်ရှာဖြစ်သည်။ ခုတော့လည်း မြန်မာဆန်ရမည် ဆိုတော့ တကယ့် မြန်မာသံကိုမှ လိုက်ရှာရမည်လား။ ခေတ်ပေါ်သီချင်းများတော့ သေချာပေါက် မဖြစ်နိုင်။ ကိုယ်ကြိုက်တာကတော့ ကြိုက်သည်ပဲ။

ဘာသီချင်းရွေးရမည် မသိသည့်နောက်မှတော့ ခိုင့်မှာ အားကိုးရမည့်သူက တစ်ယောက်ပဲ ရှိသည်ဆိုတာ ခိုင်သိသည်။ ကိုအောင်…။ ခိုင်နှင့် ဘ၀အကျိုးပေး တူသည်ဟု ဆိုရမည်လား။ ကိုအောင်က ခိုင့်ထက်အရင် နှစ်နှစ်ခန့်စောပြီး ဒီနိုင်ငံကို ရောက်နေခဲ့သည်။ ငယ်ငယ်ကတည်းက ခိုင်အထင်ကြီးခဲ့သူမို့ အရေးရှိတိုင်း ကိုအောင့်ကို သတိရတတ်သည်မှာ မဆန်းတော့။

“ကိုအောင်ဆီမှာ မြန်မာသီချင်းတွေများ ရှိမလားလို့။ ခိုင်တို့ ကျောင်းမှာ ယဉ်ကျေးမှုပွဲ ဆိုတာ ရှိတယ်။ အဲဒါ ခိုင်က မြန်မာ နိုင်ငံကို ကိုယ်စားပြု ရမှာဆိုတော့ မြန်မာ အ၀တ်အစားနဲ့ပဲ မြန်မာသီချင်းဖွင့်ပြီး လမ်းလျှောက်မယ်လို့ စဉ်းစားတာ…။”

“ဘယ်လို မြန်မာသီချင်းမျိုးလိုချင်လဲ ခိုင်။”

ကိုအောင်ကတော့ သူ့အကျင့် အတိုင်း သူသိတာကို မပြောဘဲ သူများသိတာကိုသာ အရင်မေးတတ်မြဲ။ အထူးသဖြင့် ခိုင့်ကို ကိုယ်တိုင်ဆုံးဖြတ် စေချင်သည်။

“ခိုင်လည်း လမ်းလျှောက်လို့ ကောင်းမယ့် သီချင်းမျိုး၊ မြန်မာလည်း ဆန်မယ့် သီချင်းမျိုးပေါ့။ အမှန်အတိုင်း ပြောရရင် ခိုင်က မြန်မာသီချင်းစစ်စစ်တွေ အကြောင်းသိပ်မသိဘူး။ အဲဒါခက်တာပဲ။”

“ခိုင်က ဘယ်လို သီချင်းမျိုးတွေ နားထောင်လဲ။”

“ခိုင်က မျိုးကျော့မြိုင်ကြိုက်တယ်။ ထူးအိမ်သင်၊ ပြီးတော့ လေးဖြူ။ ဆောင်းဦးလှိုင်ရဲ့ သီချင်းတချို့လည်း နားထောင်တယ်။ အဲဒါတွေက မြန်မာသီချင်းတွေပဲပေါ့။ ဒါပေမယ့် မြန်မာ့ ရိုးရာကိုဖော်ပြဖို့ကျတော့ မလုံလောက်ဘူး ထင်လို့။”

“ဒီသီချင်းတွေကလည်း မြန်မာတွေရဲ့ တပိုင်းတစပဲပေါ့။ ဟုတ်တယ် မဟုတ်လား ခိုင်။ မြန်မာတွေက ကြိုက်ပြီး မြန်မာတွေက ဖန်တီးတဲ့ အနုပညာပဲပေါ့။ ခက်တာက အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းမိုးတယ်၊ ဘာတယ် ဆိုပြီး လူတွေက ထင်ကြတယ်။ မြန်မာ့ယဉ်ကျေးမှု စစ်စစ်ရယ် မဟုတ်ဘူးပေါ့။ ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှု ဆိုတာကရော ဘာလဲ ခိုင်။ ယိုးဒယားကနေ ဆင်းသက်လာတဲ့ အဆိုတွေ အကတွေလား။ လူတွေရဲ့ ကိုယ်ပိုင်ပုံရိပ်၊ ကိုယ်ပိုင် သရုပ်လိုပဲ၊ နိုင်ငံတစ်နိုင်ငံရဲ့ သရုပ်သကန် ဆိုတာလဲ ရောယှက် ပြောင်းလဲနေတာပဲ။”

“ကိုအောင်ကတော့ လုပ်ပြီ။ သီချင်းလေး တစ်ပုဒ်တောင်းမိတာ တရားဟောခံရတော့တာပဲ။”

ခိုင်က နှုတ်ခမ်းစူချင်သော်လည်း ကိုအောင်ပြောတာကို ခိုင် တလေးတစား နားထောင်ချင်ပါသည်။ ကိုအောင့်မှာ ခိုင်အတွက် စိတ်ဝင်စားစရာ အတွေးအခေါ်တွေ အများကြီး ရှိသည်။ ကိုအောင့်ဆီမှာ ခပ်ရှက်ရှက် ရယ်သံတစ်ခု ကြားလိုက်ရသည် ထင်၏။

“ဟုတ်ပါ့ ခိုင်ရယ်။ ကိုအောင်ကလည်း အကျင့်ကြီးကို ပါလို့။ ခိုင်လိုချင်တဲ့ သီချင်းကို ကိုအောင်ပို့ပေးလိုက်မယ်နော်။ ဒါနဲ့ အတန်းတွေက အဆင်ပြေလား။ စာတွေ လိုက်နိုင်ရဲ့လား။”

ခုတော့လည်း ကိုအောင်က ခိုင့်ကိုညီမလေး တစ်ယောက်လို မေးနေပြန်ပါသည်။ ခိုင် ဖုံးချပြီးတော့ email ထဲမှာ ကိုအောင့်ဆီက သီချင်းက ရောက်နှင့်နေပြီ။ သီချင်းကို ဖွင့်နားထောင်ရင်း ကိုအောင် ပြောသလို မြန်မာဖြစ်တယ် ဆိုတာ ဘာကိုခေါ်တာလဲ ဟုခိုင်တွေးနေမိသည်။

ခိုင်ဒီနိုင်ငံကို ရောက်ကတည်းက ခိုင့်အပေါ်မှာ ဘာမျှော်လင့်ချက်တွေ ရှိသလဲ ဆိုတာကို ခိုင်မကြာခဏ စဉ်းစားမိသည်။ မျက်လုံးပြာနှင့် အခန်းဖော်ရှိနေလျှင် ခိုင်ကြိုက်သော မြန်မာသီချင်းတချို့ကို မဖွင့်ဝံ့သော ခိုင်။ မြန်မာ့သမိုင်းကြောင်းကို မေးလာလျှင်လည်း မေ့ခဲ့ပြီ ဖြစ်သော ကျောင်းသင်ခန်းစာမှ တစွန်းတစကိုသာ ဖြေနိုင်သော ခိုင်။ မြန်မာ့စာပေ အကြောင်းမေးလာလျှင်တော့ ခိုင်နည်းနည်းကျဉ်းကျဉ်း ဖြေနိုင်ပေမယ့် မြန်မာ့ဂီတ အကြောင်း မေးလာလျှင်တော့ ရှက်ရွံ့လျက် ခေါင်းခါရသော ခိုင်။ ဒီလို အကြောင်းအရာတွေကို မသိလျှင် ခိုင်သည် မြန်မာ မပီသတော့ပြီလား။ ခိုင်ဖြစ်စေချင်သော မြန်မာတစ်ဦး ပီသချင်သော်လည်း ခိုင်က ခိုင်ဖြစ်စေချင်သူ မဟုတ်ခဲ့ပါ။ မြန်မာမလေး တစ်ဦးဖြစ်သော ခိုင်ဆိုတာကော ဘာကို ခေါ်တာလဲ။ ကြောက်တတ်သော၊ သူများအလိုကို လိုက်တတ်သော၊ လိမ္မာသော၊ မိဘစကားနားထောင်သော စသည့် နာမ၀ိသေသနများစွာနှင့် ကောင်မလေးက ခိုင်လား။ ပုံစံခွက်ထဲက ရုန်းထွက်ခဲ့သော ကောင်မလေးက ခိုင်လား။ အလှကြိုက်သော်လည်း ပတ်ဝန်းကျင်က ငြိုငြင်မှာ စိုး၍ ရိုးရိုးကုတ်ကုတ်နေခဲ့သော ကောင်မလေးက ခိုင်လား။

တခုတော့ ခိုင်သိခဲ့ပြီဟု ထင်သည်။ ဘယ်လောက်ပင် သတ္တိရှိသည် ထင်ကြသော်လည်း ခိုင်သည် ကြောက်တတ်သော ကောင်မလေးဖြစ်နေဦးမည်။ Rock သီချင်းတွေကို နှစ်သက်သော်လည်း ငါးပိရည်နှင့် ထမင်းပူပူကို နှစ်နှစ်သက်သက် စွဲလန်းနေဦးမည်။ အတွေးအခေါ်တွေ နက်နဲချင်လျက်က အချစ်ဝတ္ထုများနှင့် စိတ်ကူးယဉ်နေဦးမည်။ ပတ်ဝန်းကျင်က ဘယ်လို မျှော်လင့်သော်လည်း အဲဒီ ပုံရိပ်တို့သည် ခိုင်အတုများသာ။ တကယ်တော့ ခိုင်အစစ်သည် မပြည့်စုံခြင်းများနှင့် ပြည့်စုံသော ခိုင်သာ ဖြစ်တော့သည်။

8 comments:

~ဏီလင်းညို~ said...

ဇာတ်သိမ်းဆိုလို့ ပြေးလာပြီး ဖတ်တာ... လမ်းမှာ ခလုပ်တောင်တိုက်သွားတယ်...:D
“တကယ်တော့ ခိုင်အစစ်သည် မပြည့်စုံခြင်းများနှင့် ပြည့်စုံသော ခိုင်သာ ဖြစ်တော့သည်။”... အဲ့ဒီစကားလေးကြိုက်တယ်...။
(ကိုအောင်တို့ ခိုင်တို့ ညားလည်းညားဘူးနော်...ဟီး...)

ခင်မင်လျှက်...
ဏီလင်းညို

Moe Cho Thinn said...

တကယ်က ခိုင်က ခိုင် အစစ် ဖြစ်ဖို့ပဲ လိုတယ် လို့ အမ ထင်တယ်။ ဒါမှ ဘ၀မှာ အဓိပ္ပါယ်ရှိပြီး ပျော်ရမှာ..။

ဒီဝတ္ထု မပြီးသေးဘူး ညီမ..မရဘူး..ဆက်ရေးရမယ်။

tg.nwai said...

ဖတ်လို့ ကောင်းတယ် ပုံရိပ်ရေ..အတွေးလေးတွေကို သဘောကျတယ်။ ဟုတ်တယ်..အဲဒီအတွေးမျိုးလေးတွေနဲ့ ချာချာလည်ဖူးတယ်..တကယ်တမ်းကျတော့ စံအတိုင်း လိုက်နေဖို့က မလွယ်ဘူးထင်တယ်နော်..ချိုသင်းပြောသွားသလိုပဲ ခိုင်က ခိုင်အစစ်ဖြစ်ဖို့ရယ်..နောက်..ဟဲဟဲ..၀တ္ထုလေး ဆက်ရေးဖို့ရယ်.. ထောက်ခံသွားပါတယ်...

nu-san said...

ပုံရိပ်ရေ.. အားလုံးပြန်မှတ်မိအောင် အရင်အပိုင်းတွေကိုပါ ပြန်ဖတ်ကြည့်မိတယ်.. ဇာတ်သိမ်းရဲ့ နောက်ဆုံး စာကြောင်းလေးတော့ သဘောကျတယ်... :) နောက်ဆုံးတော့ ခိုင် အစစ်ကို ရှာတွေ့သွားပါပြီ ပုံရိပ်ရေ... :)

ချစ်ကြည်အေး said...

Khaing....and pone Pone ....Are they one ???
Hee hee just kidding, nice finishing , sorry , my myanmar font cant type....:(

တန်ခူး said...

ဟိုတနေ့ က စာပေဟောပြောပွဲသွားတော့ ဆရာမဂျူးကပြောတယ်… အမှတ်တရက သူ့ အကြောင်းမဟုတ်ပါဘူးတဲ့… ဒါပေမယ့် တချို့ တ၀က်တော့ ပါပါတယ်တဲ့… ဒီဝတ္ထုလေးဖတ်ပြီး ခိုင်ဆိုတာ ပုံရိပ်ရဲ့တစိတ်တပိုင်းများလားလို့  အတွေးနယ်ချဲ့သွားမိတယ်… ဒါဆိုကိုအောင်က ကိုပုံရိပ်လား…

ချစ်ညီမလေးပုံရိပ်အတွက် လာခြင်းကောင်းသော၂၀၁၀ဖြစ်ပါစေလို့ …

sonata-cantata said...

ရုပ်တုရုပ်မှန်(၁)မှာ
ဆယ်တန်းကျောင်းသူလေး မသီတာ စောင့်မျှော်ဖတ်ရှုနေကြောင်း (နောက်နောက်ပြောင်ပြောင်နဲ့) ရေးသွားခဲ့ပေမဲ့
ရုပ်တုရုပ်မှန်(ဇာတ်သိမ်း) ဖတ်အပြီးမှာတော့
ဘယ်လို မသီတာ ဖြစ်ကြောင်းကို မသိကြောင်းသာ ၀န်ခံသွားပါရစေတော့ ပုံရိပ်ရေ

ပုံရိပ် / Pon Yate said...

ပုံရိပ်ရဲ့ ဘလောက်ကို အားပေးကြတဲ့ သူငယ်ချင်းများ၊ ရေးဖော်ရေးဖက်များ အားလုံးပဲ ပုံရိပ် ၀တ္တရား ပျက်ကွက်တာ ကြာပါပြီ။ တောင်းပန်ပါတယ်။ လာဖတ်ကြတာ၊ မှတ်ချက်တွေ ရေးသွားကြတာ ၀မ်းသာ ကျေးဇူးတင်ပါတယ်။ မှန်မှန် မရေးနိုင်ပေမယ့် ဆက်တော့ ရေးဖြစ်နေမှာပါ။