Thursday, 23 August 2012

ကားမောင်းခြင်း


ဘီးခွေပေါ်လက်တင်
ရှေ့ကိုတည့်တည့်ကြည့်
ဘေးကို သိပ်မငေးနဲ့
အလျှော့ပေးတဲ့ အခါပေး
ကျော်တက်တဲ့ အခါတက်
ဘေးချပေးတဲ့ အခါပေး။
စုတ်တဲ့ကား
ချာတဲ့ကား
ဟောင်းတဲ့ကား
ပြောင်တဲ့ကား
မြန်တဲ့ကား
လှတဲ့ကား
ကြီးတဲ့ကား
မြင့်တဲ့ကား
ရှည်တဲ့ကား
ကိုယ့်ကားကရော
ဘာကားလဲ။

စည်းကမ်းဖောက်သူ
လိမ္မာသူ
မိုက်ရိုင်းသူ
မိုက်မဲသူ
အချက်မပြသူ
ညာဖက်က ကျော်တက်သူ
မြင်ကွင်းကွယ်မှာ နေသူ
ပြိုင်ချင်သူ
အလျှော့ပေးသူ
ကပ်လိုက်သူ
ကပ်ကျော်သူ
ကိုယ်ကရော
ဘာလူလဲ။

တဘီးခြင်းလှိမ့်
မိုင်နှုန်းကန့်သတ်ချက်တွေများ
တိမ်တွေဆီ ဦးတည်
လမ်းမပျောက်နဲ့
စည်းမဖောက်နဲ့
ချိုင့်ခွက်တွေရှောင်
လှည့်ကင်းကိုရှောင်
မီးရောင်မြင်ရင်
အရှိန်လျှော့
ဖြောင့်တဲ့ အခါဖြောင့်
ကွေ့တဲ့ အခါကွေ့
အနိမ့်အမြင့်
အဆင်းအတက်
ပျင်းတဲ့အခါလည်းပျင်း
သီချင်းညည်းရင်း
ကားမောင်းခြင်း။

Saturday, 3 March 2012

စာရေးချင်သူ တစ်ယောက်ရဲ့ မှတ်တမ်း

ညဥ့်က တော်တော်နက် နေပါပြီ။ အိပ်ရာဝင်ဖို့လည်း မီးပိတ်ပြီးပါပြီ။ ဒါပေမယ့် ထူးထူးခြားခြား ကျွန်မ စာရေးချင်လာတယ်။ ခေါင်းရင်းမှာ ရှိနေတဲ့ မီးတိုင်လေးကို လှမ်းပြီး ဖွင့်လိုက်မိပြန်တယ်။ အိပ်ရာဘေးက စားပွဲပေါ်မှာ အမြဲတင်ထားတတ်တဲ့ ခဲတံနဲ့ စာအုပ်တစ်အုပ်။ အဲဒီစာအုပ်ထဲမှာ ကျွန်မ စိတ်ထဲမှာ ပေါ်လာသမျှ အကြောင်းအရာတွေကို ချရေးထားလေ့ရှိတယ်။

အိပ်ချင်စိတ်လည်း ပျောက်သွားတာနဲ့ အမျှ စာမျက်နှာပေါ်က အကြောင်းအရာတွေလည်း ခေါင်းထဲကို ပြန်ပြေးဝင်လာကြတယ်။ တကယ်တော့ ဒီလိုစာအုပ်မျိုး ကျွန်မမှာ တစ်အုပ်မက ရှိပါတယ်။ သတိရတဲ့ အချိန်က စပြီး သိမ်းထားမိပေမယ့် တချို့တလေလည်း ပျောက်ပျက် ကုန်ကြပါပြီ။ ငယ်တုန်းကတော့ သိမ်းရကောင်းမှန်း မသိခဲ့ဘူး။

ကျွန်မက စာသိပ်ရေးချင်ပါတယ်။ မူကြိုကျောင်းလောက်ကတည်းက သူငယ်ချင်းမလေးကို အပြင်မှာ မဖြစ်ခဲ့တာတွေကို ဇာတ်လမ်းဆင်ပြီး စီကာပတ်ကုံး ပြောခဲ့တာ မှတ်မိတယ်။ သူငယ်ချင်းမလေးက မျက်လုံးလေး အ၀ိုင်းသားနဲ့ နားထောင်ပါတယ်။ အံ့သြလိုက်၊ ပျော်လိုက်၊ ရယ်လိုက်နဲ့ ဖြစ်သွားတဲ့ သူ့မျက်နှာကိုကြည့်ပြီး သဘောကျတာ ကလွဲရင် ကျွန်မကိုယ်တိုင်က ဇာတ်လမ်းကို စဉ်းစားပြီး ပြောပြရတာကို သဘောကျနေတတ်ပါတယ်။

စာစရေးချင်တဲ့ အချိန်ရောက်တော့ စာအုပ်တွေလည်း တော်တော်များများ ဖတ်ဖြစ်ခဲ့ပြီးပါပြီ။ မျက်မှန်လည်း တော်တော်ထူခဲ့ ပါပြီ။ နွေရာသီကျောင်းပိတ်ရက်မှာ ၀မ်းလျားမှောက်ပြီး စာအုပ်တွေ ဖတ်တတ်တဲ့ အဆင့်ကနေ တက်လာပြီး ကဗျာတိုလေးတွေ လျှောက်ရေးဖြစ်ပါတယ်။ နောက်တော့ စာအပိုင်းအစတွေ ရေးဖြစ်တယ်။ ကျွန်မရဲ့ အားနည်းချက်က ဘယ်တော့မှ အဆုံးသတ်အောင် မရေးတာပါပဲ။ ရေးရင်းနဲ့ မကြိုက်တော့ရင် ဖြစ်ဖြစ်၊ ပျင်းလာရင် ဖြစ်ဖြစ် အဲဒီနေရာမှာပဲ ရပ်ပစ်လိုက်တယ်။ အဲဒီလိုနဲ့ ကျွန်မရဲ့ အ၀တ်ဗီရိုလေးထဲမှာ စက္ကူစတွေ ပုံလာပါတယ်။

နောက်မှတ်မှတ်ရရ ရှိတာကတော့ ဆယ်တန်းနှစ်မှာ စာစီစာကုံးရေးရတာကို ပါပဲ။ စာစီစာကုံးရေးရတာကို ကျွန်မ သဘောကျတယ်။ အချိန်အကန့်အသတ်နဲ့ ရေးရတာကိုတော့ မကြိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဆရာမက အိမ်စာ ပေးလိုက်ရင် စာတိုပေစလေးတွေ ရှာဖတ်ပြီး ရေးရတာကို သိပ်သဘောကျမိတယ်။ တခါတလေ စာစီစာကုံးရေးဖို့ ကိုးကားရှာရာ ကနေပြီး စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ဖတ်နေမိလို့ စာစီစာကုံး မပြီးတဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲကြီးမှာ မြန်မာစာကို ဂုဏ်ထူးမှတ်လေးပဲ ကပ်ရလို့ စိတ်ဆိုးမာန်ဆိုး ဖြစ်လိုက်သေးတယ်။ ဒါပေမယ့်လည်း ပြီးတော့လည်း ပြီးတာပါပဲလေ။

တက္ကသိုလ်ရောက်တော့ ပထမနှစ်မှာ မြန်မာစာ ဖြေရတဲ့ နေ့တစ်နေ့ကို မှတ်မိနေပါသေးတယ်။ စာစီစာကုံး တစ်ပုဒ်ကို ကျူတိုရီယယ် အနေနဲ့ ဖြေရပါတယ်။ ခေါင်းစဉ်က မမေ့နိုင်သော နေ့တစ်နေ့ တဲ့။ ကျွန်မဖတ်ဖူးတာတော့ မမေ့နိုင်သော နေ့ဆိုရင် စာမေးပွဲ အောင်တဲ့နေ့၊ ရှင်ပြုသောနေ့၊ အလှူ တစ်ခု အတွက် ပီတိဖြစ်ရသောနေ့ စသည်ဖြင့် ရေးတတ်ကြတာကို သတိရတယ်။ ဒါပေမယ့် ကျွန်မရေးလိုက်တာက ကျွန်မအတန်းထဲမှာ အဆင့် ဘိတ်ချေး ရတဲ့နေ့။ အဲဒီနေ့ဟာ ကျွန်မကို အရှုံးနဲ့ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ သင်ပေးတယ်လို့ ရေးလိုက်တယ်။ အဲဒီ စာစီစာကုံးနဲ့ ကျွန်မ အမှတ် အများဆုံး ရပါတယ်။ တခြား ဘာသာတွေ ဘယ်လောက်ရတယ်တော့ မမှတ်မိဘူး။ စာစီစာကုံး အမှတ်အများဆုံး ရတဲ့ အတွက် ကျွန်မ ပျော်နေပါတော့တယ်။

တဖြည်းဖြည်းနဲ့ သိလာရတာကတော့ ကျွန်မ စာရေးသူ တစ်ယောက် ဖြစ်ချင်တယ် ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်လည်း နည်းနည်းရှိလာပါတယ်။ တက္ကသိုလ် စတက်ချိန်လောက်မှာ ကျွန်မရေးထားတဲ့ စာတစ်ပုဒ် မဂ္ဂဇင်းမှာ ပါလာဖူးပါတယ်။ ပါလာတာကလည်း အကြောင်းတိုက်ဆိုင်မှုတွေ အားလုံးကြောင့်၊ ဆရာတစ်ယောက်ရဲ့ ကျေးဇူးကြောင့်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မရေးထားတဲ့ စာကို ပုံနှိပ်စာလုံးနဲ့ မြင်ရတော့ ၀မ်းသာလိုက်တာမှ ပြောမပြတတ်အောင်ပဲ။

တကယ်တော့ အားတက်ပြီး ဆက်ရေးသင့်တဲ့ အချိန်မှာ ကျွန်မရဲ့ ဘ၀ရှေ့ရေးအတွက် လုပ်စရာတွေက ဖိစီးလာတဲ့ အတွက် စာကောင်းကောင်းရေးဖို့ ဝေးခဲ့ပါတယ်။ လုပ်စရာရှိတာတွေကို အလျင်စလို လုပ်နေခဲ့ရတဲ့ အချိန်များမှာတော့ ကျွန်မမှာ စာအုပ်ကလေးတွေ ပိုများလာပါတယ်။ ကျွန်မအိပ်ရာဘေးမှာ ကျွန်မရဲ့ မှတ်စုစာအုပ်နဲ့ ခဲတံ တစ်ချောင်း ထားလေ့ရှိတယ်။ ဒါပေမယ့် ငယ်ငယ်က အကျင့်ဆိုးအတိုင်းပဲ ဘယ်အရာကိုမှ ပြီးအောင် မရေးဖြစ်ခဲ့ဘူး။ မှတ်မှတ်ရရ စာလေးနှစ်ပုဒ်သုံးပုဒ်တော့ ပြီးခဲ့တယ်။ အဲဒီထဲကမှ ၀တ္ထုတိုလေး တစ်ပုဒ်ကို နာမည်ကြီး မဂ္ဂဇင်းတိုက်တစ်ခုကို ပို့ခဲ့ဖူးပါတယ်။ ပါမလာပါဘူး။ ဒီလိုနဲ့ပဲ ကျွန်မစာရေးခြင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ပါတယ်။

ဆယ်ဂဏန်း တစ်ခုကနေ နောက်ဆယ်ဂဏန်း တစ်ခုကို ကူးပြောင်းရတော့မယ့် အချိန်မှာ ကျွန်မကိုယ် ကျွန်မမေးမိတယ်။ ဘာဖြစ်ချင်သလဲလို့။ ဖြစ်ချင်တာတွေ တော်တော်များများလည်း ဖြစ်ခွင့် မရသေးသလို၊ ဖြစ်ချင်တာတချို့လည်း ဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် စာရေးသူ ဖြစ်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ အကောင်အထည် မဖော်ရသေးတာ သတိရပါတယ်။

တကယ်တော့ အသက်ငယ်တုန်းမှာ စာရေးတာ ပိုသွားမလားပဲလို့ စဉ်းစားမိတယ်။ အသက်ငယ်တုန်းမှာ ယုံကြည်မှု တစ်ခုဆိုလည်း ပြင်းပြင်းထန်ထန် စွဲစွဲမြဲမြဲ ယုံကြည်လိုက်တာပဲ။ ခံစားမှု ဆိုလည်း နင့်နင့်နဲနဲ ခံစားလိုက်တာပဲ မဟုတ်လား။ အဲဒီတော့ စာရေးရတာ ပိုပြီး သွက်လက်မယ်။ ပြောစရာတွေ ပိုရှိမယ်။ စာရေးသူဆိုတာ ခံစားချက်ပြင်းထန်မှ စာရေးလို့ကောင်းတယ်လို့ ထင်တာပါပဲ။ ဒါမှမဟုတ် ဘ၀ကို ထူးခြားတဲ့ အမြင်နဲ့ ကြည့်တတ်တဲ့သူ၊ နောက်ပြီးတော့ ဘ၀မှာ နာကြည်းချက်၊ ထိခိုက်ခံစားချက်များတဲ့ သူ တွေဆိုလည်း စာရေးကောင်းတယ် ထင်တာပဲ။ စာကောင်းရေးတာနဲ့ စာရေးကောင်းတာ နဲ့တောင် မတူဘူးလို့ ဆိုချင်ပါတယ်။ အတွေ့အကြုံ ဗဟုသုတနဲ့ ခံစားချက် ဆိုတဲ့ အဓိကအပိုင်းနှစ်ပိုင်းက စာတစ်ပုဒ်ပေါ်မှာ သြဇာသက်ရောက်မှု ရှိတယ် မဟုတ်လား။ စာကောင်းရေးတဲ့လူတိုင်းဟာ စာရေး ကောင်းချင်မှကောင်းမှာပဲ။ အဲ…ပြောရင်းနဲ့ ရှုပ်ချင်လာပြီ။

ခုတော့ သုံး ဆိုတဲ့ ဆယ်စုနှစ်တစ်ခုကို ကပ်လာတဲ့ ကျွန်မမှာ စာရေးနိုင်တဲ့ စွမ်းရည်တွေ အရင်ကလောက် မသွက်တော့ဘူး။ တခုခုဆိုရင် ရေးလိုက်ဖို့ကို စဉ်းစားနေမိတယ်။ ဒီအကြောင်းအရာက သင့်တော်ပါ့မလား။ ဒီလိုရေးဖို့ ဆီလျော်ပါ့မလား စသည်ဖြင့် တွေးနေတာနဲ့ပဲ ခရီးမတွင်တော့ပါဘူး။ စက်ဘီးစီးသင်သလို၊ ရေကူးသင်သလိုပဲလို့ ဆိုရမလား မသိဘူး။ ချင့်ချိန်ဥာဏ်တွေက သိပ်ပြီး အလေးသာနေရင် ကြောက်စိတ်က ပိုများနေလို့ လွယ်လွယ်နဲ့ မတတ်တော့ဘူး။

ငယ်တုန်းကဆိုရင်တော့ သစ်ရွက်ကလေးတွေ ကြွေတာလည်း စာတစ်ပုဒ်ပဲ။ ပန်းကလေးတွေ ဝေနေတာလည်း စာတစ်ပုဒ်ပဲ။ ဆရာမ ဂျူးကတောင်မှာ စာပေဟောပြောပွဲ တစ်ခုမှာ သူ့ကိုယ်သူ ခွဲခြမ်းစိတ်ဖြာ ပြတာကတော့ ငယ်တုန်းက သူဟာ အချစ်အကြောင်းရေးတယ်တဲ့။ အမျိုးသမီး ရေးရာ အကြောင်းရေးတယ်တဲ့။ အသက်ကြီးလာတော့ အခုအချိန်မှာတော့ သူ အချစ်အကြောင်း မရေးနိုင်တော့ပါဘူးတဲ့။

ကျွန်မအခုတလော တွေးမိနေတာကတော့ လူတွေအကြောင်းပါပဲ။ စိတ်ပျက်တဲ့ အခါ၊ စိတ်ဆိုးတဲ့ အခါ ဖြစ်ပေါ်လာတဲ့ အတွေး။ ဒါမှမဟုတ်လည်း လမ်းသွားရင်း မြင်မိတဲ့ အကြောင်းအရာ၊ သတင်းတစ်ပုဒ်ထဲက ရလိုက်တဲ့ အတွေးတစ၊ သီချင်းတစ်ပုဒ်ထဲက ဖြတ်စီးသွားတဲ့ ခံစားမှု အပိုင်းအစ၊ ကိုယ့်ဘေးမှာ ရှိတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ ထူးခြားတဲ့ မထူးခြားတဲ့ ဇာတ်လမ်း အတိုတစ်ပုဒ်…စသည်ဖြင့် ကိုယ့်ဟာကိုယ် တစ်ယောက်တည်း တေးထားလိုက်တယ်။ ဒီအကြောင်းတွေကို ၀တ္ထုရေးဦးမှပဲလို့။ အဲဒီလို စိတ်ထဲတွေးလိုက်ရတာနဲ့တင် စာရေးချင်စိတ် ပြန်ပေါ်လာတတ်ပါတယ်။ ထစ်ကနဲဆို စာထဲထည့်ရေးလိုက်မယ် စိတ်ကူးတိုင်းသာ ရေးဖြစ်ရင် အခုလောက်ဆို ကျွန်မ စာတော်တော် ရေးဖြစ်နေပါပြီ။ ဒါပေမယ့် စားဝတ်နေရေးအတွက်၊ တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုံးလည်ချာလည်လိုက်ရင်းနဲ့ပဲ ခေါင်းထဲက စာတွေ အရည်ပျော်ကုန်ကြတယ်။

ကဲ…အခုတော့ သုံးဆိုတဲ့ ဂဏန်းကိုလည်း မြင်နေရပြီ။ မရောက်ခင်တော့ စာတစ်ပုဒ်ကို တက်သုတ်ရိုက်ပြီးရေးလိုက်ဦးမှပါပဲ။ အသက်သုံးဆယ် အရွယ် စာရေးချင်သူတစ်ယောက်ရဲ့ မှတ်တမ်းတစ်ပုဒ်ပေါ့။

Sunday, 12 June 2011

နေ့ခင်း အိပ်မက်

လမ်းကလေးတခု။ သစ်ပင်အို တစ်ပင်။ နွေနေ့လယ်တစ်ခုလို ပူပြင်းသော နေ့တစ်နေ့။ မြင်ကွင်းဟာ ရုပ်ရှင်ပိတ်ကားဟောင်း တစ်ခုလိုပါပဲ။ စာမျက်နှာ ၁၅ သီချင်းထဲကလိုလို့ ဆိုရမလား။ ဖြည်းဖြည်းလျှောက်လာတဲ့ သူ့ရဲ့ပုံရိပ်ဟာ ကျွန်မနဲ့ နီးနီးလာပေမယ့် ကျွန်မရဲ့ အမြင်ထဲမှာတော့ ဝေးဝေးသွားသလိုပဲ။ တကယ်တော့ ကျွန်မရပ်နေတဲ့ ဖက်ကို လျှောက်လာတာ သူမှ မဟုတ်ဘဲလေ။ သူနဲ့ တော်တော်လေးဆင်တဲ့ သူတစ်ယောက်…။

သူ့လိုပဲ လမ်းလျှောက်ရင် ခြေလှမ်းကျဲကျဲနဲ့ အေးအေးဆေးဆေး လျှောက်လာတယ်။ သူဝတ်နေကျ ပုံစံအတိုင်းပဲ မိုးပြာရောင် ဂျင်းဘောင်းဘီကို ၀တ်ထားတယ်။ အဖြူရောင် တီရှပ်ကြောင့် ပိုပြီး တူသွားစေတယ်။ လေတချက် အဝေ့မှာ လွင့်သွားတဲ့ ဆံပင်တွေကလည်း သူ့ဆံပင်တွေလိုပဲ ဖြောင့်ပြီး စင်းနေတယ်။ ကျွန်မအမှတ်တမဲ့ ငေးကြည့်နေမိတယ်။ ဒါပေမယ့် သူမဟုတ်ဘူး ဆိုတာကို ကျွန်မသိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ အချိန်ရော နေရာပါ မှားယွင်းနေလို့ပဲ။ ကျွန်မဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် လောက်က မြီးကောင်ပေါက် ဆယ်ကျော်သက်လေး မဟုတ်တော့ဘူးလေ။

xxx

သူနဲ့ ကျွန်မစတွေ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့။ ကျွန်မအသက် ဆယ်ကျော်သက် အရွယ်ပဲ ရှိပါသေးတယ်။ ကျွန်မတို့ ရပ်ကွက်က တိတ်ဆိတ်တယ်။ လူဝင်လူထွက် သိပ်မများလှဘူး။ နောက်တော့ ကျွန်မတို့ လမ်းထိပ်မှာ စာအုပ်ဆိုင်လေး တစ်ဆိုင် ဖွင့်လာတယ်။ ကျွန်မရဲ့ အတန်းဖော်သူငယ်ချင်း ၀ါလေးတို့ မိသားစုက ဖွင့်ထားတဲ့ ဆိုင်လေးပေါ့။ ကိုးတန်းနှစ် စာမေးပွဲ ဖြေအပြီး နွေရာသီကျောင်းပိတ်ရက်လို့ ထင်တယ်။ စာအုပ်ဆိုင်မှာ စာအုပ်ငှားပြီး ပြန်လာတဲ့ တနေ့မှာ သူ့ကို သတိထားမိပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က ဂျူးရဲ့ ကြာတော့သည်လည်း မောင့်စကား စာအုပ်ကို ငှားလာဖြစ်တယ်။ စာအုပ်ကို ဖတ်ချင်ဇောနဲ့ ဟိုလှန်ဒီလှန် လုပ်ရင်း ဘေးဘီကို ကောင်းကောင်းမကြည့်ဘဲ လမ်းလျှောက်လာတော့ ကျွန်မကို တစ်ယောက်ယောက်က ကြည့်နေသလို ခံစားရတယ်။ ဟိုဟိုဒီဒီ လိုက်ကြည့် ကြည့်တော့ စာအုပ်ဆိုင်နဲ့ မလှမ်းမကမ်းက အုတ်ခုံမှာ ထိုင်နေတဲ့၊ ကျွန်မကို ငေးကြည့်နေတဲ့ သူ့ကို တွေ့ရတယ်။ တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်းကို ၀တ်ထားတယ်။ အစိမ်းရောင် ထင်တာပဲ…စက်ဘီးလေးတစ်စင်းကို ဘေးမှာ တွေ့ရတယ်။ ကျွန်မလှည့် အကြည့် ရိပ်ကနဲ ပြုံးပြတယ်။ ကျွန်မလည်း ရှက်ရှက်နဲ့ ခပ်သုတ်သုတ် ဆက်လျှောက်ခဲ့တယ်။

နောက်ရက်တွေမှာ သူ့ကို မကြာခဏတွေ့ရတယ်။ သူက ကျွန်မတို့ ရပ်ကွက်ထဲက ဟုတ်ဟန် မတူဘူး။ တစ်ခါနှစ်ခါတော့ ၀ါလေးရဲ့ အစ်ကိုနဲ့ စကားပြောနေတာ တွေ့ဖူးတယ်။ ကျွန်မထက် အသက်ကြီးပုံလည်း ရတယ်။ လူပုံက အရပ်ရှည်ရှည် သာမန်ပါပဲ။ ရုပ်အချောကြီး မဟုတ်သလို၊ အဆိုးကြီးလည်း မဟုတ်ဘူး။ အမြဲတမ်းလိုလို တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီ၊ ညှပ်ဖိနပ်ကို စီးတတ်တယ်။ ထူးခြားတာကတော့ ပုခုံးလောက်ရှိတဲ့ ဆံပင်တွေနဲ့။ သူ့ဆံပင်က မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ထက်တောင် ဖြောင့်ပြီးစင်းနေသေးတယ်။ သူ့ကိုထူးထူးခြားခြား သတိထားမိတာ အဲဒီ ဆံပင်တွေကြောင့်လို့ ပြောလို့ရပါတယ်။ တခါတလေလည်း စက်ဘီးတစ်စင်းနဲ့ တွေ့ရတယ်။

ကျွန်မနဲ့ တခါတခါ လမ်းမှာ ဆုံရင် လိုက်ကြည့်တတ်တာက လွဲလို့ အနှောင့်အယှက် မပေးပါဘူး။ တခါတလေလည်း ဂီတာတစ်လက်နဲ့ သီချင်းဆိုရင်ဆို၊ မဆိုရင်လည်း သူ့သူငယ်ချင်း ဖြစ်ဟန်တူတဲ့ ကျွန်မတို့ ရပ်ကွက်ထဲက ကောင်လေး လေးငါးယောက်နဲ့ စကားပြောနေတတ်တယ်။ သူ့နာမည် ဘယ်သူလဲ ဆိုတာ ကျွန်မမသိဘူး။ သူ ဘာလုပ်လဲဆိုတာ ကျွန်မ မသိဘူး။ သူ ဘယ်ကလဲ ဆိုတာလည်း ကျွန်မ မသိဘူး။ ဒါပေမယ့် ကျွန်မ ၀န်ခံပါတယ်။ စာအုပ်ဆိုင် သွားတဲ့ အချိန် သူ့ကို တွေ့နေကျ နေရာမှာ မတွေ့ရင် အမှတ်တမဲ့ လိုက်ရှာမိပါတယ်။ သူကလည်း ကျွန်မကို မကြာခဏ ပြုံးပြတတ်တယ်။ ဒီလိုနဲ့ ကျွန်မတို့ နှစ်နှစ်ကြာလောက် မျက်မှန်းတမ်းမိကြတယ်။ ကျွန်မတို့ရဲ့ ဆက်စပ်မှုက ဒီလောက်ပါပဲ။ Rock သီချင်းတွေကို ကြိုက်တဲ့ ကျွန်မဟာ အဲဒီ အချိန်တုန်းက Gun N Roses အဖွဲ့ထဲက Axl Rose ရဲ့ ဆံပင်ရှည်တွေကို ကြိုက်နေတဲ့ အချိန်ပေါ့။

xxx

ဒီလိုနဲ့ ကျွန်မတက္ကသိုလ် တက်ဖို့ မြို့ကြီးကို ရောက်ခဲ့တယ်။ ကျွန်မတို့ မြို့သေးလေးကနေ ထွက်ခဲ့တယ်။ စာအုပ်ဆိုင်လေးနဲ့လဲ ဝေးခဲ့ပါတယ်။ သူ့အကြောင်းကို တခါတလေ တွေးမိပေမယ့် ပတ်ဝန်းကျင် အသစ်၊ သူငယ်ချင်းအသစ်တွေနဲ့မို့ မေ့မေ့ပျောက်ပျောက်ပါပဲ။ ကျွန်မလည်း အထက်တန်းကျောင်းသူလေး တစ်ယောက် အဖြစ်ထက်တော့ ကြီးပြင်းခဲ့ပါပြီ။ စာတွေကြားထဲ၊ လူကြီးတစ်ယောက်ရဲ့ ဘ၀ထဲမှာ အသစ်အသစ်တွေကို လက်ခံသင်ယူရင်း မအားရအောင် ဖြစ်နေခဲ့တယ်။

ကျောင်းပိတ်တဲ့ နွေရာသီတစ်ခုမှာတော့ အိမ်ပြန်ဖြစ်တယ်။ စိတ်အားလူအား ရှိလာတဲ့ အချိန်မို့ စာအုပ်ဆိုင်လေးနဲ့ အတူသူ့ကို အမှတ်ရမိသား။ စာအုပ်ဆိုင်လေးကို ရောက်ဖြစ်တဲ့နေ့မှာ သူ့ကိုလည်း တွေ့နေကျ နေရာမှာ အံ့သြဖွယ်ရာပဲ ပြန်တွေ့ရပါတယ်။ အသိဟောင်းတစ်ယောက်ကို တွေ့ရသလို၊ မေ့နေခဲ့တဲ့ ငယ်ငယ်တုန်းက အရုပ်လေးကို ပြန်တွေ့ရသလို ကျွန်မ လှစ်ကနဲ ၀မ်းသာသွားမိတယ်။ သူ့ပုံစံက အရင်တုန်းက အတိုင်းပဲ။ ဆံပင်ရှည်လည်း ထားတုန်းပဲ။ နည်းနည်းရင့်ကျက်လာတဲ့ မျက်နှာကလွဲလို့ ဘာမှ အပြောင်းအလဲ မရှိဘူး။ ကျွန်မကို တွေ့တဲ့ မျက်လုံးတွေမှာ အံ့သြမှုကို တွေ့ရတယ်။ ပြီးတော့ ပြုံးနေကျ အပြုံးကို ပြုံးပြတယ်။ ကျွန်မကလည်း ပြန်ပြုံးပြမိတယ် ထင်တယ်။

အိမ်မှာ နေတဲ့ ကျောင်းပိတ်ရက်တွေမှာ စာအုပ်ဆိုင်ကို မကြာခဏ ရောက်ဖြစ်ပါတယ်။ သူ့ကိုလည်း ခဏခဏတွေ့ဖြစ်ပါတယ်။ သူဘယ်သူလဲ ဆိုတာကိုတော့ တခါတလေ သိချင်သလို ဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်မတို့ တခါမှ စကားမပြောဖြစ်ကြပါဘူး။ ကျောင်းဖွင့်တဲ့ အချိန်မှာ ကျွန်မ အဆောင်ကို ပြန်ရောက်ခဲ့တယ်။ ကျွန်မတို့ မြို့လေးနဲ့ ဝေးခဲ့တယ်။ Axl Rose ကိုတော့ ကြိုက်နေတုန်းပဲ…။

နောက်ထပ် သုံးလေးနှစ်အတွင်းမှာ ကျွန်မရဲ့ မိသားစုတွေလဲ မြို့ကြီးကို ပြောင်းလာခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မဘွဲ့ရခဲ့တယ်။ အလုပ်ရတယ်။ အဖြစ်အပျက်တွေ အများကြီးကို ရုပ်ရှင်တွေထဲမှာ ရှေ့အမြန်ရစ်သလို ရစ်လိုက်ရရင်တော့ ကျွန်မလူကြီး တစ်ယောက် ဖြစ်ခဲ့ပါပြီ။ အရင်ကပတ်ဝန်းကျင်နဲ့ အခု ကျွန်မကျင်လည် ရတဲ့ ပတ်ဝန်းကျင်ဟာ အကန့် တစ်ခုစီလို ခြားနားနေခဲ့ပါတယ်။ မြို့လေးကို ပြန်ဖို့လဲ ခိုင်လုံတဲ့ အကြောင်း မရှိတော့ပါဘူး။ ဆယ်ကျော်သက် အရွယ်တုန်းက အဖြစ်အပျက်တွေဟာ မှုန်ဝါးဝါး မေ့မေ့ပျောက်ပျောက် ပါပဲ။ အကြောင်းတိုက်ဆိုင်ရင်တော့ ဆံပင်ရှည်တွေနဲ့ သူ့အကြောင်း အမှတ်တမဲ့ တွေးမိပါတယ်။

နှစ်တွေကြာခဲ့ပါပြီ။ ဘွဲ့ရပြီးတဲ့ တစ်နေ့မှာတော့ အကြောင်းတခုကြောင့် ကျွန်မတို့ရဲ့မြို့လေးကို ပြန်ရောက်ခဲ့ပါတယ်။ မြို့မှာရှိနေသေးတဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရပါတယ်။ စာအုပ်ဆိုင်လေးကိုလဲ ပြန်ရောက်ခဲ့တယ်။ ၀ါလေးကိုလည်း ပြန်တွေ့ပါတယ်။ ၀ါလေးက အဝေးသင်ပဲ တက်ဖို့ ဆုံးဖြတ်လိုက်လို့ မြို့လေးမှာ နေနေဆဲပဲ။ သူထိုင်နေကျ အုတ်ခုံလေးဆီကို လှမ်းမျှော်ကြည့်ဖို့လည်း ကျွန်မ မပျက်ကွက်ခဲ့ပါဘူး။ သူကိုတော့ မတွေ့ရတော့ပါဘူး။ အဲဒီနေ့က ထူးခြားစွာ ကျွန်မစိတ်ထဲ သိချင်လာတာနဲ့ ၀ါလေးကို စကားစဖြစ်ပါတယ်။

“ဒါနဲ့ နင်တို့ဆိုင်မှာ တွေ့နေကျ စက်ဘီးနဲ့ ဆံပင်ရှည်ရှည်နဲ့ အစ်ကိုကြီးက နင့်အစ်ကိုဝမ်းကွဲလား။”

“ဟင်…ဆံပင် အရှည်နဲ့ ဟုတ်လား။ ကြံကြံဖန်ဖန်…တခါမှ ငါမမြင်ဖူးပါဘူး။ ငါဒီဆိုင်မှာ ကျောင်းပိတ်ရက်တိုင်း ထိုင်နေကြပါ။ ငါ့အစ်ကို သူငယ်ချင်းတွေထဲမှာလဲ အဲဒီပုံစံနဲ့လူ မရှိပါဘူး။ ဘာဖြစ်လို့လဲ။”

“ဘာမှ မဖြစ်ပါဘူးဟာ။ စပ်စုကြည့်တာပါ။ နင့်အစ်ကို ကိုလည်း ပြန်မေးမနေနဲ့ဦး။”

ကျွန်မက ရယ်ကျဲကျဲလုပ်ပြီး သူ့ကို နှုတ်ပိတ်တော့ ၀ါလေးက သိပါတယ် ဟဲ့…ဆိုပြီး ရယ်နေတယ်။ ပြီးတော့ ကျွန်မတို့ ဟိုအကြောင်းဒီအကြောင်း ပြောရင်းနဲ့ စကားစပြတ်သွားကြတယ်။ ကျွန်မတစ်ယောက်တည်းသူ့ကို တွေ့ဖူးတာလားလို့ ဇဝေဇ၀ါ စဉ်းစားနေဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သူဟာ ကျွန်မစိတ်ထဲက ပုံရိပ်တစ်ခုမျှပါပဲလေ…။

Axl Rose ရဲ့ သီချင်းတွေကို တခါတလေ သတိရရင် နားထောင်မြဲ ဖြစ်ပေမယ့် သူ့ရဲ့ MTV တွေကိုတော့ မကြည့်ဖြစ်တော့ပါဘူး။

xxx

လမ်းကလေးတခု။ သစ်ပင်အို တစ်ပင်။ နွေနေ့လယ်တစ်ခုလို ပူပြင်းသော နေ့တစ်နေ့။ သူနဲ့ တော်တော်လေးဆင်တဲ့ သူတစ်ယောက်။ သူ့လိုပဲ လမ်းလျှောက်ရင် ခြေလှမ်းကျဲကျဲနဲ့ အေးအေးဆေးဆေး လျှောက်လာတယ်။ သူဝတ်နေကျ ပုံစံအတိုင်းပဲ မိုးပြာရောင် ဂျင်းဘောင်းဘီကို ၀တ်ထားတယ်။ အဖြူရောင် တီရှပ်ကြောင့် ပိုပြီး တူသွားစေတယ်။ လေတချက် အဝေ့မှာ လွင့်သွားတဲ့ ဆံပင်တွေကလည်း သူ့ဆံပင်တွေလိုပဲ ဖြောင့်ပြီး စင်းနေတယ်။ အဲဒီလူ ကျွန်မရပ်နေတဲ့ နေရာကို ဖြတ်ကျော်သွားတယ်။

ကျွန်မအမှတ်တမဲ ငေးကြည့်နေမိတယ်။ ဒါပေမယ့် သူမဟုတ်ဘူး ဆိုတာကို ကျွန်မသိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ အချိန်ရော နေရာပါ မှားယွင်းနေလို့ပဲ။ ကျွန်မဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် လောက်က မြီးကောင်ပေါက် ဆယ်ကျော်သက်လေး မဟုတ်တော့ဘူးလေ။

“သွားကြစို့လေ။ နေပူတယ်။”

ငေးနေတဲ့ ကျွန်မရဲ့လက်ကို လာပြီးဆုပ်ကိုင်တဲ့ လက်တွေဟာ ခိုင်မြဲပြီး နွေးထွေးလှပါတယ်။ အဲဒီလက်ပိုင်ရှင်ဟာ ဆံပင်ရှည်တွေကို မပိုင်ဆိုင်ပါဘူး။ သူ့ဆံပင်တွေက ဖြောင့်စင်းပြီးတော့လည်း မနေပါဘူး။ ခပ်ကြမ်းကြမ်း ဆံပင်တွေကို ကတုံးဆံတောက် တိုတိုပဲ ညှပ်ထားလေ့ ရှိတယ်။ မိုးပြာရောင် ဂျင်းဘောင်းဘီကိုလည်း အမြဲ မ၀တ်တတ်ပါဘူး။ လည်ကတုံး ရှပ်အကျီ င်္ အဖြူနဲ့ ကချင်လုံချည် ကွက်စိပ်စိပ်ကို ၀တ်လေ့ရှိတယ်။ သူ့နာမည်ကို ကျွန်မသိတယ်။ သူ့ကိုလည်း ကျွန်မ ကောင်းကောင်းသိတယ်။ နေရောင်အောက်မှာ ကျွန်မ သူ့ကို ကောင်းကောင်း မြင်နေရတယ်။ နေ့ခင်းအိပ်မက်ကနိုးလာတဲ့ ကျွန်မ သူ့လက်တွေကို မြဲမြဲ ဆုပ်ကိုင်လိုက်တယ်။

Friday, 18 March 2011

လူ့အလို

ခင်လေးဘ၀မှာ အားမရတာတွေ အများကြီးပဲဟု မကြာခဏ ငြီးငြူလျှင် မောင်ကတော့ အေးဆေးပေါ့ ခင်လေးရယ်ဟု အပြုံး တ၀က်၊ အရယ်တ၀က်နှင့် ခင်လေးကို ထုံးစံအတိုင်း နှစ်သိမ့်ပေလိမ့်မည်။ အမေကတော့ ခင်လေး လောဘကြီးလွန်းတယ်ဟု ဆိုသည်။ မောင့်ကိုရော အမေ့ကိုပါ ခင်လေးချစ်ပေမယ့် သူတို့ ပြောသည်ကိုတော့ ခင်လေး လက်မခံနိုင်။ ခင်လေး ဖြစ်ချင်တာတွေ တ၀က်လောက်တောင် ဖြစ်မလာတာဟာ ခင်လေးရဲ့ ကံတရားပေလား၊ ခင်လေး ကြိုးစားမှု မလုံလောက်ပေလို့ပဲလား။

ငယ်ငယ်ကတည်းက မိဘတွေ တိုက်တွန်းစရာ မလိုပါဘဲနှင့် ခင်လေးက ရည်ရွယ်ချက် ကြီးခဲ့သည်။ အတန်းထဲ အဆင့်တစ်မှ တစ်ဆယ်ကြား ၀င်ခဲ့တာ များသော်လည်း ထိပ်ဆုံး ကျောင်းသူတော့ မဖြစ်ခဲ့။ အဖေနှင့် အမေတို့ကတော့ ခင်လေးရဲ့ ပညာရေးမှာ ပံ့ပိုးပေးခဲ့သော်လည်း ၀င်မပါခဲ့သည်သာ များပါသည်။ ခင်လေး အဆင့်ကောင်းကောင်းရလျှင် သူတို့က ပျော်သလို၊ အဆင့်ကျလျှင်လည်း ဒီတခါတော့ သူများတွေကို င့ါသမီးက အလှည့်ပေးလိုက်တယ်ဟေ့ ဟုဆိုကာ အပြုံးမပျက်ခဲ့။

ဆယ်တန်းအောင်တော့ ခင်လေးက ဆေးတက္ကသိုလ်မှ ဆေးတက္ကသိုလ်။ ဆယ်တန်းမှာ ဂုဏ်ထူးသုံးခု ပါပေမယ့် ဆေးတက္ကသိုလ် အမှတ်မမီမှာကို စိတ်ပူခဲ့ရသည်။ နောက်တော့ စိတ်ပူသည့် အတိုင်း ခင်လေးရဲ့ အမှတ်က ဆေးတက္ကသိုလ် မမီခဲ့။ အဲဒီတုန်းက ငိုလိုက်ရသည်မှာ နှစ်ရက်လောက် ထမင်းတောင် ကောင်းကောင်း မစားနိုင်။ ကံတရားကို မကျေနပ်ရမည်လား၊ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမည်လား။ ဒေါသတွေနဲ့ မျက်ရည်တွေနဲ့ ပေါက်ကွဲချင်နေတဲ့ အချိန်မှာ အမေကတော့ ကံပေါ့ သမီးရယ်ဟု အေးအေးဆေးဆေးပင် ဖြောင်းဖျ နိုင်ခဲ့သည်။ အဖေကလည်း ငါ့သမီး ဆေးတက္ကသိုလ် မ၀င်တော့ စာတွေပိပြီး အရမ်း မပင်ပန်းတော့ဘူးပေါ့ကွယ်ဟု အကောင်းဖက်က လှည့်တွေးပေးခဲ့သည်။ အဖေနှင့် အမေက လောဘနည်းလွန်းသည်။ စိတ်ချမ်းသာဖို့က အဓိကပါဟု ဆိုသော အဖေနှင့် အမေ့ကို ကျေးဇူးတင်သော်လည်း ဆေးကျောင်းမ၀င်တာကို ပြန်တွေးတိုင်း ၀မ်းနည်းမိ၏။

ဒီလိုနှင့် ခင်လေး ဆေးဝါးဗေဒကိုပဲ ယူခဲ့သည်။ ကျောင်းပြီးတော့လည်း ဆေးကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်သည်။ လစာကောင်းပြီး အိနြေ္ဒရရနှင့် အလုပ်ဖြစ်သောကြောင့် ခင်လေး ၀မ်းသာရသော်လည်း ခင်လေး ဖြစ်ချင်သော ဆရာဝန်မကြီးတော့ မဖြစ်နိုင်ခဲ့။ အဖေနှင့်အမေကတော့ ခင်လေး အလုပ်ကောင်းကောင်း တနေရာရတာကိုပင် ကျေနပ်နှစ်သိမ့်နေပေသည်။။ အပြိုင်အဆိုင်များတဲ့ ဒီခေတ်ကြီးထဲမှာ ငါ့သမီး အလုပ်တနေရာရတာ တော်လိုက်တာ၊ ကံကောင်းလိုက်တာဟု ၀မ်းသာဂုဏ်ယူနေတတ်ကြသည်။

အဲဒီ အလုပ်လုပ်ရင်းနဲ့ပဲ ငြိမ်သက်သော၊ အေးဆေးသော မောင်နှင့် ခင်လေး ဆုံခဲ့ရသည်။ မောင်က ခင်လေးထက် အသက်ကြီးလို့ပေလား၊ ကလေးဆန်ချင်ပြီး နွဲ့ဆိုးဆိုးတတ်သော ခင်လေးကို အလျော့ပေးတတ်သည်။ လေသံအေးအေးနှင့် ဆုံးမတတ်သည်။ ခင်လေးကတော့ ဘ၀ကို အလိုမကျမြဲ မကျလျက်။ အလိုမကျတိုင်းလည်း မောင့်ဆီမှာ တိုင်တန်းပြီး ငြီးငြူမြဲ။

“ခင်လေး ကံကိုကမကောင်းပါဘူး မောင်ရာ။ ဒီနှစ် အကောင်းဆုံး ၀န်ထမ်းဆု ရွေးတာ မရဘူး။ ဒီလောက် စေတနာထားပြီး လုပ်ပေးပါလျက်နဲ့။ ခုရသွားတဲ့ တစ်ယောက်က အလုပ်ရှင် သူငယ်ချင်းရဲ့ သမီး။ မတရားဘူးကွာ။”

“ဒါပေမယ့်…ခင်လေး ပြီးခဲ့တဲ့လက လစာတိုးတယ် မဟုတ်လား။ ခင်လေး အလုပ်ကြိုးစားတာကို အလုပ်ရှင်တွေက အသိအမှတ်ပြုသားပဲလေ။”

“ဒါပေမယ့် ခင်လေးက အဲဒီဆုကို ရချင်တာ။ မတူဘူးလေ။ ခင်လေးလုပ်တဲ့ အလုပ်တစ်ခုမှာ ခင်လေးက အကောင်းဆုံး ဖြစ်ချင်တယ်။”

“သြော်…ခင်လေးကလည်း သူများ သတ်မှတ်မှ အကောင်းဆုံး ဖြစ်တယ်ရယ်လို့မှ မဟုတ်ဘဲ။ ကိုယ်ကိုယ်တိုင်က အကောင်းဆုံး ဖြစ်အောင် ကြိုးစားရင် အကောင်းဆုံး ဖြစ်တာပဲ။”

“မောင်က အဲဒီလိုပဲ။ ခင်လေးဖက်က ဘယ်တော့မှ မလိုက်ဘူး။ တော်ပြီ…မပြောတော့ဘူး။”

“ဟောဗျာ… ကျွန်တော့်မျိုး ကိုတော့ ပြဿနာ မရှာပါနဲ့ မခင်လေးရယ်။ ကဲပါ… ခင်လေးကြိုက်တဲ့ ကြေးအိုး သွားစားကြရအောင်။ ဒီအကြောင်းတွေ မေ့လိုက်တော့။ မောင် လည်း ဗိုက်ဆာပြီ။”

နောက်ဆုံးမှာတော့ မောင်က ခင်လေးကို ဖြောင်းဖျမြဲ၊ ချော့မော့မြဲပင်။ မောင်နှင့် လက်ထပ်ပြီးသည့် နောက်ပိုင်းမှာတော့ ခင်လေးတို့ ဘ၀က အေးချမ်းပါသည်။ မောင်ရော ခင်လေးမှာပါ ၀င်ငွေအသင့်အတင့် ကောင်းသော အလုပ်ကိုယ်စီ ရှိသည်။ မောင့်မိဘတွေရော၊ ခင်လေး မိဘတွေကိုပါ စောင့်ရှောက်နိုင်သည်။ ဒါပေမယ့် ခင်လေးရဲ့ အလိုအရဆိုရင်တော့ ခင်လေး ဘ၀ကို ခင်လေး စိတ်ကြိုက်မရနိုင်သေး။ အောင်မြင်သင့်သလောက် မအောင်မြင်သေးဟု ထင်သည်။ အဖေပြောသလိုပင် ခင်လေးက ကျော်ကြားလွှမ်းမိုး ချင်သူပေလားတော့ မသိ။ ခင်လေးဖြစ်ချင်သည်က အများက မော့ကြည့်ရသော ဘ၀၊ အများက အားကျရသော ဘ၀။ တိတိပပ ပြောရရင်တော့ သူငယ်ချင်း ဇာခြည့်လို ဘ၀မျိုး။

ဒေါက်တာ ဇာခြည်မင်းအောင်ဟု အများကသိကြသော ဇာခြည်က အခုအချိန်မှာ အသက်ငယ်ငယ်နှင့် အောင်မြင်နေသော သားဖွားမီးယပ် အထူးကု။ ဇာခြည်ရဲ့ အရှိန်အ၀ါဟာ သူ့ဖေဖေ ဒေါက်တာ မင်းအောင်ရဲ့ အရောင်ကြောင့် ပိုတောက်ပလာတာ မှန်ပေမယ့် ဇာခြည်ကိုယ်တိုင်ကလည်း ထက်မြက်သူ။ ဇာခြည်ဟု ဆိုလိုက်လျှင် အမြင့်ဆုံး ပန်းတစ်ပွင့်ကို ပြေးမြင်ကြသည်။ အားလုံးက မော်ကြည့်ကြရသည်။ ဇာခြည့်လို ဘ၀မျိုးကို ခင်လေး ပိုင်ဆိုင်ချင်ပါသည်။ ရွေးချယ်ခွင့် ရှိလျှင်ပေါ့။

xxx

“ဒေါက်တာက အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်နော်။ တော်လိုက်တာ။ ဘွဲ့တွေလည်း အများကြီးပဲ။ အိမ်က သမီးနှစ်ယောက်ကို ဒေါက်တာ့ အကြောင်း ခဏခဏ ပြောပြရတယ်။ အားကျရအောင်လို့။”

“ဆရာမ အကြောင်းကို ကြားဖူးပါတယ်။ လူတော့ အခုမှပဲ မြင်ဖူးတော့တယ်။ ဆရာမက နာမည်ကြီးပဲ။ လုပ်ဖော်ကိုင်ဖက်တွေ ကြားထဲမှာ သတင်းမွှေးပြီးသား။”

“ဇာခြည်က ဆေးကျောင်းတုန်းက ဆရာကြီးပဲ။ ဘာသာစုံ နီးပါး ဂုဏ်ထူးထွက်တာ။ တို့တွေတော့ ဇာခြည့်ကို လိုက်မမီပါဘူးကွာ။”

ဇာခြည့်ဘ၀မှာ ဒီလို ချီးကျူးသံတွေနှင့် နေသားကျပြီးသားဆိုလျှင် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသည်ဟု ဆိုကြမည်လား။ ဇာခြည် ငယ်ငယ်ကပင် စာတော်သည်။ နာမည်ကြီးကျောင်းက ထိပ်ဆုံး အတန်းမှာ ထိပ်ဆုံးက ကျောင်းသူ ဖြစ်သည်။ ဆယ်တန်းမှာ တစ်နိုင်ငံလုံး ပထမ အဆင့်နှင့် ဆေးကျောင်းကို ခုံနံပတ်တစ် အနေဖြင့် ၀င်ခဲ့သည်။ ဆေးကျောင်းမှာလည်း ဇာခြည်က အစဉ်အလာကို ဆက်၍ ထိန်းထား နိုင်ခဲ့သည်။ ဖေဖေကလည်း နာမည်ကြီး အထူးကု ဆရာဝန်တစ်ယောက်မို့ ဇာခြည့်ကို ဆရာဆရာမများ၊ အတန်းဖော်များ အားလုံးက သတိထားမိကြသည်။ ဆေးကျောင်းပြီးတော့လည်း အထူးကုဘွဲ့လွန် သင်တန်းကို ဆက်တက်ခဲ့သည်။ ဇာခြည့် ပင်ကိုယ်ဗီဇကြောင့်ရော၊ ဖေဖေ့နာမည်ကြောင့်ပါ ဇာခြည် အသက်ငယ်ငယ်နှင့်ပင် အထူးကု ဆရာဝန် တစ်ယောက် ဖြစ်လာခဲ့သည်။

အများက ဘယ်လိုပင် အားကျပေမယ့် ဇာခြည့်ဘ၀ဟာ မပြည့်စုံဟု ထင်သည်။ ဖေဖေက ငယ်ငယ်ကတည်းက ဇာခြည့်ကို ဂရုမစိုက်နိုင်ခဲ့။ အမြဲတမ်း အလုပ်တွေများကာ မေမေနှင့် ဇာခြည်တို့ နှစ်ယောက်သာ တစ်ယောက်ကို တစ်ယောက် အဖော်လုပ် နေခဲ့ရသည်။ မေမေကတော့ ဇာခြည် ရှစ်တန်းလောက်မှာပင် အသည်းရောဂါနှင့် ဆုံးပါးသွားခဲ့သည်။ အဲဒီအချိန်ကတည်းကပင် ဇာခြည် လောကကြီးမှာ တစ်ယောက်တည်းဟု ခံစားရပါသည်။ ဖေဖေကတော့ အရင်ကထက်ပင် အလုပ်တွေ ပိုလုပ်နေသေးသည်ဟု ထင်ရ၏။ အဖော်မရှိသော ဇာခြည့်အတွက်လည်း ကျောင်းစာကို ဖတ်ရနေသည်ကပင် အာရုံတခုရှိနေသလို။ စိတ်သက်သာရာ ရသလို။ ဒီလိုနှင့် ဆေးကျောင်းမှာ ကိုနှင့် တွေ့တော့ ဇာခြည်အရူးအမူး ဖြစ်ခဲ့သည် ထင်၏။ ဒါပေမယ့် ဒီနေရာမှာလည်း ဇာခြည် ကံမကောင်းခဲ့ပါ။

ကိုက ဇာခြည်တို့ထက် တစ်တန်းပိုကြီးသည်။ ဇာခြည့်ကို အတန်းရှေ့မှာ လာစောင့်နေတတ်သည်။ အတန်းမရှိတဲ့ အချိန်တွေမှာ ကော်ဖီဆိုင်ထိုင်ကြသည်။ မုန့် အတူ လျှောက်စားကြသည်။ တခါတလေလည်း စာတွေ အကြောင်းပြောကြသည်။ ဒါပေမယ့် ကိုသည် ဇာခြည် ထင်သလောက် မရင့်ကျက်သောသူသာ ဖြစ်၏။ မိုးတွေရွာသော တစ်နေ့မှာ ဇာခြည့်ကို လမ်းခွဲဖို့ စကား ပြောခဲ့သည်။ အကြောင်းပြချက်ကိုတော့ ဇာခြည်မှတ်တောင် မမှတ်မိတော့။ ဒီနေ့ မိုးရွာလို့ဟူသော အကြောင်းပြချက်လောက်တောင် မခိုင်လုံတာကိုတော့ မှတ်မိနေခဲ့သည်။ နောက်ရက်တွေမှာ ကို့ကို အငယ်တန်းမှ ကောင်မလေးတစ်ယောက်နှင့် တွေ့တော့မှ အကြောင်းပြချက်ကို နားလည်သွားခဲ့သည်။ ရှိစေတော့။ ပေးချင်သော အချစ်တွေနှင့် အချစ်ခံလိုသော ဆန္ဒများကို ခေါက်သိမ်းပြီး ဇာခြည် စာအုပ်တွေထဲမှာသာ ပျော်နေလိုက်သည်။

အခုတော့ အသက်သုံးဆယ့်ငါးနှစ်အရွယ် အပျိုကြီး အထူးကု ဆရာဝန်မ တစ်ယောက်အဖြစ် နေသားကျနေခဲ့ပြီ။ ဆရာဝန်တစ်ယောက် ဘ၀ကို တန်ဖိုးထားပေမယ့် ကိုယ့်ဘ၀မှာ ကိုယ် ရာနှုန်းပြည့် မပျော်မိ။ အများက ဇာခြည့်ကို အားကျသော်လည်း ဇာခြည် အားကျသည်က သူငယ်ချင်း ခင်လေးလို ဘ၀မျိုး။

တစ်ခါတုန်းက ဆယ်တန်းဆုပေးပွဲကို ဇာခြည် သတိရနေမိသည်။ ဇာခြည်က တစ်နိုင်ငံလုံး ပထမ ရသော ကျောင်းသူ အနေဖြင့် ကျောင်းဆုပေးပွဲကို တက်ခဲ့သည်။ အားကျမှုတွေ၊ ချီးကျူးမှုတွေ၊ မြှောက်ပင့်သော စကားတွေ၊ အားပေးသော စကားတွေနှင့် ၀န်းရံလျက် ဇာခြည် စင်မြင့်ကို ဖြတ်လျှောက်ခဲ့သည်။ လက်ခုပ်သံတွေကြားထဲမှာ ဇာခြည်တော်တော်ပျော်လိမ့်မည်ဟု အားလုံးက ထင်နေကြပေလိမ့်မည်။ ဒါပေမယ့် ဇာခြည့်ဘေးမှာ အဖော်အဖြစ်ခေါ်လာရသော ဒေါ်လေး တစ်ယောက်ကလွဲလို့ ဖေဖေမရှိ။ ခွဲခန်းဝင်စရာရှိသည့် အတွက် ဆုပေးပွဲကို မလိုက်နိုင်။ မေမေကိုလည်း သတိရမိသည်။ အဲဒီအချိန်မှာ ဇာခြည်အားကျမိတာက ခင်လေးတို့ မိသားစုသာ ဖြစ်သည်။

ခင်လေးက သုံးဘာသာ ဂုဏ်ထူးရှင် အနေဖြင့် ဆုပေးပွဲကို လာခဲ့သည်။ သူ့ဘေးမှာတော့ ပြုံးနေသော သူ့ဖေဖေနှင့် ပျော်နေသော သူ့မေမေတို့ စကားတွေ ဖောင်နေကြသည်။ သူ့ညီမလေး ဖြစ်ဟန်တူသော ကလေးမလေး တစ်ယောက်က ခင်လေးလက်ထဲက ဆုဒိုင်းလေးကို ယူကြည့်ရင်း သဘောတွေကျနေသည်။ ပြီးတော့ သူတို့တွေ အားလုံး ကျောင်းနားက စားသောက်ဆိုင်မှာ နေ့လည်စာစားဖို့ ထိုင်နေကြတာကို ဇာခြည်တွေ့သည့် နောက်မှာတော့ မျက်ရည်တွေ လည်လာသည်။

ယခုတော့ ခင်လေးဘ၀မှာ သူ့ကို အလွန်ချစ်၍ သည်းခံသော ခင်ပွန်းရှိသည်။ အရာရာကို အကောင်းဖက်က မြင်တတ်၍ သားသမီးကို ဂရုစိုက်သော မိဘနှစ်ပါးရှိသည်။ သူတို့တတွေမှာ ပျော်ရွှင်ရယ်မောမှုများ ပိုင်ဆိုင်သည်။ အားပေးနှစ်သိမ့်မှုများ ကြွယ်ဝသည်။ အေးချမ်းသော မေတ္တာတို့ ပြည့်စုံသည်။ အဲဒီလိုဘ၀မျိုးကိုသာ ဇာခြည်လိုချင်သည်။ ဇာခြည့်ရဲ့ အောင်မြင်မှုတွေနှင့် လဲလှယ်လို့သာ ရမည်ဆိုလျှင် တစက္ကန့်မျှ ဆုံ့ဆိုင်းဖြစ်မည် မထင်။ လဲလှယ်ခွင့် ရှိလျှင်ပေါ့။

Friday, 11 February 2011

ဝဲဆေးလိမ်းပြီးပါကြောင်း

ပုံရိပ်၏ ဘလောက်သည်လဲ ၀ဲစွဲခံရကြောင်းနှင့် လင့်ခ်များကို မဖြုတ်ချင်ဘဲ ဖြုတ်လိုက်ရကြောင်း၊ ယခုအခါ ၀ဲစွဲခြင်းကင်းရှင်းသွားပါကြောင်း....
(စာပြန်ရေးဖို့လဲ ကြိုးစားနေပါကြောင်း...မယုံလျှင် ပုံပြင်ဟုသာ မှတ်ပါတော့...)

Monday, 18 October 2010

အနားမညီ စတုရန်း

တကယ်တော့ သူတို့ လေးယောက်ဆုံစရာ အကြောင်းမရှိ သလောက်ပါပဲ။ ဒါပေမယ့် ရေစက်ဆိုတာကိုပဲ ယိုးမယ်ဖွဲ့ရမလား။ သူတို့ ဆုံခဲ့ကြတယ်။ သူတို့ နေထိုင်ရာ အရပ်အသီးသီးကနေပြီး မြို့တစ်မြို့မှာ အစည်းအဝေးတစ်ခုကို တက်ဖို့ ဖန်လာရတယ်။

ပထမဆုံးတော့ လင်းအကြောင်းကို ပြောရမှာပဲ။ သူက အဲဒီဆုံခဲ့ကြတဲ့ အမျိုးသမီးလေးယောက်ထဲမှာ အသက်အကြီးဆုံး။ သူနဲ့ မြလို့ခေါ်တဲ့၊ သူ့ထက် အသက်သုံးနှစ်လောက် ငယ်တဲ့ မိန်းကလေးက တခန်းထဲမှာတည်းဖို့ ဖြစ်လာပါတယ်။ အခန်းထဲကို ကြိုရောက်နေတဲ့ မြကို လင်းက သွက်သွက်လက်လက်နဲ့ နှုတ်ဆက်တယ်။ သူ့နာမည်လိုပါပဲ သူ့မျက်နှာက အင်အားတစ်ခုနဲ့ လင်းနေတယ်။ အမြဲပြုံးနေပြီး၊ သွက်လက် တက်ကြွနေတတ်တယ်။ သူ့မှာ စိတ်ညစ်စရာ၊ တွေဝေစရာတောင် ရှိရဲ့လားလို့ ထင်ရတဲ့ အထိပဲ။ မြကတော့ အေးဆေးပြီး စကားနည်းပါတယ်။ တစ်ယောက်ထဲ နေတတ်တဲ့ သူမျိုးပေါ့။ ဒါပေမယ့် ရည်ရည်မွန်မွန် ရှိတာမို့ လင်းနဲ့ ခင်သွားကြတယ်။

မေနဲ့ ဇွန်ကိုတော့ ထမင်းစားခန်းမှာမှ ဆုံရတယ်။ သူတို့နှစ်ယောက်ကလည်း အခန်းဖော်တွေပဲ။ မေက အားလုံးထဲမှာ အသက်အငယ်ဆုံး။ ဖြူဖြူနွဲ့နွဲ့ ဆံပင်ရှည်ရှည်နဲ့ သိပ်ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါပဲ။ စကားပြောရင်လည်း ဖြည်းဖြည်းနဲ့ ပြုံးပြီး ပြောတတ်တယ်။ ဇွန်ကတော့ မြနဲ့ ရွယ်တူလောက်ပဲ။ သူက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်။ မျက်နှာက ခပ်တည်တည်ပေမယ့် စကားပြောကြည့်တဲ့ အခါ မာနကြီးတာမျိုးကိုတော့ မတွေ့ရပါဘူး။ သူဟာ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး တစ်ယောက်ဆိုတာတော့ ရက်အနည်းငယ် အတွင်း သိလာရပါတယ်။

အစည်းအဝေးပြီးသွားတဲ့ ညတွေမှာ သူတို့ တစ်ယောက်ယောက်အခန်းမှာ စုပြီး စကားထိုင်ပြောဖြစ်ကြတယ်။ တူညီတာရှိလှတယ်မို့ တွဲမိကြတယ်ရယ် မဟုတ်ပါဘူး။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် ခြားနားတယ် ဆိုတာ တဖြည်းဖြည်းတော့ သိလာပါတယ်။ ဒါပေမယ့် တူညီတာ တစ်ခုကတော့ အားလုံးက ပွင့်လင်းကြတယ်။ ဒီလိုနဲ့ သူတို့ စကားတွေ အများကြီး ပြောဖြစ်ကြတယ်။

သူတို့ အားလုံး အလုပ်တွေကိုယ်စီနဲ့ပဲ။ ပထမတော့ အလုပ်အကြောင်း ပြောဖြစ်ကြတယ်။ လင်းနဲ့ ဇွန်က ဆရာဝန်တွေ ဖြစ်ပြီး မြနဲ့မေကတော့ ကုမ္ပဏီ တစ်ခုစီမှာ လုပ်နေတဲ့ ၀န်ထမ်းတွေပေါ့။ နောက်တော့ ကျောင်းတက်ခဲ့တဲ့ အကြောင်းတွေ ဖလှယ်ဖြစ်ကြတယ်။ ဒီနောက်တော့ သူတို့ ပြောခဲ့မိတာက အချစ်အကြောင်းပေါ့။

လင်းက သူ့ရဲ့ ကံမကောင်းတဲ့ အချစ်အကြောင်းကို စလာတော့ သူတို့ အားလုံး အံ့သြသွားခဲ့ကြတယ်။ သူဟာ အခုအချိန်မှာ သူ့အိမ်ထောင်ဖက်နဲ့ ကွာဖို့ ကြိုးစားနေတာပါတဲ့။ သူ့မျက်နှာမှာတော့ ဒီအရိပ်အယောင်တွေဟာ မထင်ဟပ်ဘူး မဟုတ်လား။

“သူက သူ့ဘ၀တိုးတက်ရေး အတွက် ဘာမှ ကြိုးစားချင်တာ မဟုတ်ဘူး။ သူနဲ့ ကိုယ်စတွေ့တုံးက အတိုင်းပဲ သူဟာ ကလေးဆန်ချင်တုန်းပဲ။ အလုပ်အကိုင်လည်း အတည်တကျ မရှိဘူး။ သူပြောင်းလဲလာမယ့် တစ်နေ့ကို ကိုယ် အမြဲစောင့်နေခဲ့တယ်။ အရင်က ရှိခဲ့တဲ့ သံယောဇဉ်လေးနဲ့ သူပြောင်းလဲနိုးနိုး ကိုယ်စောင့်ခဲ့တာ အိမ်ထောင်သက် ငါးနှစ်ရှိခဲ့ပြီ။ နောက်ဆုံးတော့ ကိုယ်သည်းမခံ နိုင်တော့ဘူး။ သူ့ကြောင့် ကိုယ်ကိုယ်တိုင်တောင် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူး။ သူ့ကို ကွာရှင်းဖို့ ကိုယ်ပဲ စပြောခဲ့တာပဲ။ ကိုယ် ဒီကနေ ပြန်သွားရင်တော့ ပြတ်ပြတ်သားသား ဖြစ်အောင် လုပ်ရမှာပဲ။”

မြက သူ့ကို ဖြောင်းဖြချင်ပေမယ့် သူ့မျက်နှာမှာ နောင်တနဲ့ ၀မ်းနည်းမှုဆိုလို့ အရိပ်တောင် မတွေ့ရလေတော့ စကားလုံးတွေကို ပြန်ပြီး မြိုချ ဖြစ်ခဲ့တယ်။ မေကတော့ မေးဖြစ်အောင် မေးလိုက်သေးတယ်။ လင်းတို့က ချစ်လို့ လက်ထပ်ခဲ့ကြတာ မဟုတ်ဘူးလားတဲ့။ ဒီလိုဆိုတော့လည်း လင်းက ၀န်ခံပါတယ်။

“ဟုတ်တယ်…ကိုယ်တို့ ချစ်လို့ လက်ထပ်ခဲ့ကြတာ။ အဲဒါကိုက ကိုယ့်အမှားပဲ ထင်ပါတယ် ကွာ။ သူနဲ့ကိုယ် စတွေ့တုန်းက ဆယ်ကျော်သက် အရွယ်မှာ ဆိုတော့ ကိုယ့်ဖြစ်ချင်တာနဲ့ သူဖြစ်ချင်တာတွေကို ညှိနှိုင်းဖို့လည်း မစဉ်းစားခဲ့မိပါဘူး။ နောက်တော့မှ ကိုယ်သဘောပေါက် လာတာကတော့ သူနဲ့ကိုယ်နဲ့ဟာ သွားချင်တဲ့ လမ်းချင်းမှ မတူတာဘဲလေ။ တကယ်တမ်းကျတော့ အချစ်တခုထဲနဲ့ လက်တွဲလိုက်ဖို့ မပြီးဘူး ထင်ပါရဲ့။”

“အရင်ကချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ဟာ တနေ့နေ့မှာ မျက်နှာချင်းဆိုင်လို့ မရလောက်အောင် ဖြစ်သွားလားဟင်…လင်း။ မေ တကယ်သိချင်လို့ မေးတာပါ။”

လင်းက အဖြေကို အပြုံးတချက်နှင့် ခေါင်းညိတ်၍သာ ပေးပါတယ်။ ပြီးတော့ မေ့ဆီကို ဦးလှည့်တဲ့ မေးခွန်းမေးလိုက်တယ်။

“မေ့ မှာရော ချစ်သူ ရှိတယ် မဟုတ်လား။”

မေက ရှက်ပြုံးပြုံးရင်း ၀န်ခံပါတယ်။ မေတို့ ဇာတ်လမ်းက ကဗျာဆန်တယ်။ မေနဲ့ မေ့ချစ်သူဟာ ခရီးသွားရင်းနဲ့ တွေ့ခဲ့ကြတာပါတဲ့။ မေ့ကို လမ်းတလျှောက်လုံးမှာ မေ့ရဲ့ ချစ်သူလောင်းက အရိပ်တကြည့်ကြည့် လုပ်နေခဲ့တယ်။ နောက်တော့မှ ခင်သွားကြပြီး မေ့အိမ်ကို ပန်းစည်းလေးတွေ ပို့လေ့ရှိတယ်။ ဒီနောက်မှာတော့ သူတို့ နှစ်ယောက် တရားဝင် ချစ်သူတွေ ဖြစ်သွားကြတယ်။ ဒါပေမယ့် ခက်တာက မေ့ချစ်သူက နယ်မြို့လေးတစ်မြို့မှာ နေတယ်။ မေကတော့ မြို့ကြီးသူပေါ့။ အခုဆိုရင် မေတို့ ချစ်သူသက်တမ်း တစ်နှစ်လောက် ရှိပြီတဲ့။ ဆက်သွယ်ရေးတွေ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ မေတို့ နှစ်ယောက် အမြဲ စကားပြောဖြစ်ပေမယ့် လူချင်း မကြာခဏတွေ့ဖို့တော့ မတတ်နိုင်ခဲ့ကြဘူး။

“မေ ကတော့ သူနဲ့ လက်ထပ်ပြီးရင် သူ့မြို့လေးမှာပဲ လိုက်နေမယ်။ အခုအလုပ်ကထွက်ပြီး ဟိုမှာ ရရာ အလုပ်တစ်ခုခု လုပ်ရင်းနဲ့ သူ့ဘေးနားမှာ အေးအေးဆေးဆေး နေတော့မယ် စိတ်ကူးတယ်။”

“ဟယ်…မေကလည်း မေအခုနေတဲ့ မြို့ကို လူတိုင်းက လာပြီး အလုပ်လုပ်ချင်နေကြတာ။ အခု မေ ကျတော့ ပြောင်းပြန် ဖြစ်နေပြီ။ မေ့ကောင်လေးကသာ မေ့မြို့ကို ပြောင်းလာတာ ပိုသဘာဝမကျဘူးလား။”

ငြိမ်ချက်သားကောင်း နေတဲ့ ဇွန့် ဆီကနေ အားမလို အားမရသံထွက်လာပါတယ်။ မေကတော့ ပြုံးနေပြီး အသာအယာ ခေါင်းယမ်းပါတယ်။

“ဒီလိုလဲ မဟုတ်သေးဘူးလေ ဇွန်ရဲ့။ မေ့မြို့ကို လာချင်တဲ့ သူတွေထဲမှာက မေ့ချစ်သူ မပါဘူးလေ။ သူက မြို့ပြယဉ်ကျေးမှုကို မကြိုက်ဘူး။ လူတွေ အများကြီးနဲ့ နေလည်း မနေနိုင်ဘူး။ အသက်ရှူ ကျပ်တယ်တဲ့။ နောက်ပြီး သူ့နယ်မြို့လေးက အလုပ်မှာက သူ့ကို လေးစားပြီးသား သူတွေ အများကြီးပဲ။ မြို့ကြီးပြကြီးမှာ ၀င်တိုးရင် သူဒီလို နေရာမျိုး ရဖို့ မလွယ်ဘူးလေ။ သူက သူ့အလုပ်ကို သူသိပ်ချစ်တာ။ မေကတော့ ဘယ်နေရာမှာ နေနေ ဖြစ်ပါတယ်။ အလုပ်အကိုင် အတွက်လည်း ရည်ရွယ်ချက် ကြီးကြီးမားမား မရှိပါဘူး။ ဘ၀မှာ ဖြစ်ချင်တာတွေလည်း မများလှပါဘူး။ အိမ်သေးသေး တစ်လုံးနဲ့ မိသားစု နေပျော်ရင် တော်ပါပြီ။ သူ စိတ်ချမ်းသာနေတာ မြင်ရရင်လည်း မေကျေနပ်နေမှာပါ။ ကဲ ပြောပါဦး ဇွန့် အကြောင်းကို။”

စကားလမ်းကြောင်းလွှဲသွားတဲ့ မေ့ကို ဇွန်က အားမလို အားမရ ကြည့်ရင်း သူ့စိတ်ထဲ ရှိတာတွေကို အလျင်အမြန် သိမ်းလိုက်ပုံ ရတယ်။ ဇွန်တို့သာ ဆိုရင်တော့…ဆိုတဲ့ အတွေးမျိုးကို ဇွန်ရဲ့မျက်နှာပေါ်မှာ ဖြတ်ကနဲ အားလုံးက သတိထားမိလိုက်ကြတယ်။ ဇွန်ကတော့ လောလောဆယ်မှာ ရည်းစား မရှိဘူးလို့ ဆိုပါတယ်။

“ဇွန် ကျောင်းမှာတုန်းကတော့ သူငယ်ချင်း တစ်ယောက်နဲ့ ရည်းစား ဖြစ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် ကျောင်းပြီးတော့ သူက တနယ်၊ ဇွန်က တနယ်။ တနယ်ဆီမှာ ဝေးနေရမယ့် အဖြစ်ကိုတော့ ဇွန်မလိုချင်ဘူးလေ။ နောက်ပြီး လိုချင်လောက်အောင်လည်း အဆင်သင့် မဖြစ်သေးဘူး။ ဇွန် ဆရာဝန် ကောင်းကောင်း တစ်ယောက်ဖြစ်ချင်သေးတယ်။ အောင်မြင်ချင်သေးတယ်။ ဘွဲ့လွန်လည်း ဖြေချင်သေးတယ်။ လွယ်လွယ် ပြောရင်တော့ အချစ်ရေး ကိစ္စကို ခေါင်းထဲက ခဏထုတ်ထားပြီး အောင်မြင်မှုတွေနောက် လိုက်နေတဲ့ သဘောပေါ့။ အိမ်ထောင်ရေး ကိစ္စကို နောက်မှပဲ စဉ်းစားမယ်လို့ စိတ်ကူးထားတာပဲ။ ဇွန့် အသက် မငယ်တော့ဘူး ဆိုတာ သိပါတယ်။ ဇွန်နဲ့ ရွယ်တူ တချို့ ဆိုရင် ကလေးတွေ ဘာတွေတောင် ရလို့။ ဒါပေမယ့် ဇွန်ကတော့ အပျိုကြီး ဖြစ်လည်းဖြစ်။ ကိုယ်ဖြစ်ချင်တာလေးတွေ ဖြစ်အောင် တစ်ယောက်တည်း လုပ်လိုက်ဦးမယ်လို့ စဉ်းစားတာပဲ။”

“အဲဒါ ဇွန်တကယ် ချစ်တဲ့လူကို မတွေ့သေးလို့ပါ။”

မေက နောက်သလိုလိုနဲ့ ဇွန့်ကို အတည်ပေါက် ပြောလိုက်သေးတယ်။ အဲဒီလို ပြောလာတော့ ဇွန်က အားကျမခံ ပြန်ပြီး မေးခွန်းထုတ်ပါတယ်။ အချစ်ဆိုတာ ဘာလဲတဲ့။ အဲဒီညက ငြင်းကြခုန်ကြတာတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် အချစ်၊ အိမ်ထောင်ရေး အပေါ်မှာ သဘောထားတဲ့ သူတို့ လေးယောက်ရဲ့ သဘောထားက တော်တော် ကွဲပြားတယ် ဆိုတာကိုပဲ အားလုံး သိလိုက်ရတယ်။ ဒါပေမယ့် နောက်တစ်ခု သူတို့စဉ်းစားနေမိတာက အချစ်အပေါ်မှာ ထားတဲ့ သဘောထားကိုလား၊ အချစ်အတွက် ဘ၀မှာ နေရာ ဘယ်လောက်ပေးမယ် ဆိုတဲ့ သဘောထားများလား ဆိုတာပေါ့။

နောက်ဆုံးတော့ စကားဝိုင်းထဲမှာ ကျန်သူ မြရဲ့ အလှည့်ပေါ့။ မြ ချစ်သူက နယ်မြို့လေး တစ်မြို့မှာ ဆရာဝန် လုပ်နေတယ်။ အခုတော့ အခိုက်အတန့် သူတို့ ခွဲနေကြရပါတယ်။ ဒါပေမယ့် သူတို့ နှစ်ဦးရဲ့ ရည်ရွယ်ချက်ကတော့ မြအတွက်ရော၊ သူ့ ချစ်သူ အတွက်ပါ အဆင်ပြေမယ့် မြို့ငယ်လေး တစ်မြို့ကို ပြောင်းမယ်ပေါ့။ ဒါက သူတို့နှစ်ဦးရဲ့ ကြားထဲက ကြားနေရွေးချယ်မှုလေ။ မြတို့ အကြောင်းကတော့ သိပ်စိတ်ဝင်စားစရာ အတက်အကျတွေ မရှိလှပါဘူး။ ဒါပေမယ့် သူတို့ ချစ်သူနှစ်ဦး အကြောင်းကြားရတော့မှ ဘ၀နှစ်ခုကို ပေါင်းစပ်ရင် လမ်းသစ် ဆိုတာ ရှိလာနိုင်တယ် ဆိုတဲ့ သဘောကို မြကိုယ်တိုင်တောင် အဲဒီတော့မှ နည်းနည်း နားလည်သလို ရှိလာရတယ်။ တချို့ကတော့ ချစ်သူရဲ့ လမ်းကို ၀င်လျှောက်ဖြစ်ကြတယ်။ တချို့ကတော့ ချစ်သူကို ကိုယ့်လမ်းမှာ လာလျှောက်စေချင်တယ်။ တချို့ကတော့ ချစ်သူနဲ့ပေါင်းပြီး နောက်တစ်လမ်းကို ထွင်လျှောက်ကြတယ်။ ဒါကို သူတို့ နည်းနည်းတော့ မြင်လာကြတယ်။

နောက်နှစ်ရက်ကြာလို့ အစည်းအဝေးပွဲ ပြီးတဲ့ အထိသူတို့ အဲဒီ အကြောင်းကို ထပ်မပြောဖြစ်ကြတော့ပါဘူး။ နောက်တစ်နေ့ ပြန်ရတော့မှာ ဖြစ်လို့ နှုတ်ဆက်ပွဲ အနေနဲ့ အဲဒီညက အသက်အကြီးဆုံး ဖြစ်တဲ့ လင်းကပဲ ညနေစာ လိုက်ကျွေးတယ်။ အားလုံး လွတ်လွတ်လပ်လပ်ပဲ ရယ်စရာတွေ ပြောလို့ပေါ့။ မေကတော့ အားလုံးကို သူ့မင်္ဂလာပွဲ အတွက်ဖိတ်ပါတယ်လို့ ဆိုတယ်။ တကယ်ပဲ လိပ်စာတွေတောင်းလို့ပေါ့။ အဲဒီအချိန်ကျရင် အားလုံးရဲ့ အချစ်ဇာတ်လမ်းတွေကို ထပ်နားထောင်ချင်သေးတယ်လို့ မေက ဆိုပါတယ်။ မြကတော့ ပြုံးပြီး တို့ဇာတ်လမ်းက ဘာမှ စိတ်ဝင်စားစရာ မရှိပါဘူးလို့ ပြောဖြစ်တယ်။ လင်းနဲ့ ဇွန်ကတော့ ငြိမ်နေကြတယ်။

အနားလေးတွေ နည်းနည်းတိုပြီး နည်းနည်းရှည်လာကြပေမယ့် သူတို့ လေးဦးဟာ ဘယ်တော့ အနားညီလာ ကြတော့မှာ မဟုတ်ပါဘူး။ အားလုံး ပြန်သွားကြတဲ့ အချိန်မှာ မေကတော့ အချစ်ဆိုတာ…လို့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပေမယ့် ပုံသေကားချပ် မရှိလှတဲ့ အချစ်အကြောင်းကိုပဲ မရေမရာ တွေးရင်း ကျန်ခဲ့ပါတော့တယ်။

Tuesday, 14 September 2010

ထမ်းမ ထားရသော လေများ

လည်ပတ်နေသော လောကကြီးကို ခဏရပ်ဖို့ အတွက် သီချင်းတစ်ပုဒ်ကို မိုင်ကုန်ဖွင့်လိုက်သည်။ မဆန်းသော်လည်း အံ့သြဖွယ်ကောင်းသော သံစဉ်နှင့်တေးသွားက သူ့စိတ်တို့ကို ဆွဲခေါ်သွားခဲ့သည်။ စိတ်သည် မြေကြီးပေါ်မှာ မရှိတော့။ သီချင်းသည် သူ၏ စိတ်ပင် ဖြစ်တော့သည်။

အချို့ အလုပ်များသည် အင်အားစိုက်ထုတ်ခြင်း မရှိသော်လည်း သူ့ရှေ့မှောက်သို့ ပြီးမြောက်ခြင်း၊ အောင်မြင်ခြင်းများကို အလွယ်တကူ သယ်ဆောင်လာကြသည်။ အချို့ အလုပ်များသည် မည်မျှပင် အင်အားစိုက်ထုတ်သော်ငြားလည်း လောကကြီးမှာ အရာမျှပင် မထင်။ ကွယ်ပျောက်သွားကြသည်။ သို့ပေမယ့် အချိန်ကျပြန်တော့လည်း အဲဒီ အရာမထင်သော အလုပ်များကို မလုပ်မနေ လုပ်ရပြန်သော သူ့ဘ၀ကိုသူ စိတ်နာချင်သည်။ တခါတလေတော့လည်း အရာထင်ဖို့ အတွက် အင်အားမထည့်ဘဲ ဖြစ်နေသည့်အတိုင်း မျှောထားလိုက်တာကမှ ကောင်းမည် ထင်သည်။ ဒါဆိုရင် သူ့ဘ၀က လုပ်ချင်တာကို မလုပ်ရဲလို့ လုပ်သင့်တာကို လုပ်နေရသည်ဆိုတာ တော်တော်လေး ပေါ်လွင်နေပါပြီ။ဘေးထွက် ထိုင်ကြည့်နေသည့် ပရိတ်သတ်နေရာက သူနေချင်သေးသည်။ သရုပ်ဆောင်ရတာ ပင်ပန်းလှပါသည်။

အနုပညာဟု အများက ခေါ်ကြသော ဖန်ဆင်းမှုများသည် ခံစားမှုများကို အရင်းတည်ထားသည်ဟု ဆိုကြပါသည်။ လူဆိုတာက ပန်းလေးများ လိပ်ပြာလေးများကိုသာ နှစ်သက်သည် မဟုတ်။ ကြွေကျသွားသော ပန်းများ၊ မှောင်မိုက်သော အိပ်မက်ဆိုးများ၊ ခြောက်ခြားဖွယ် မျက်နှာများကိုလည်း ၀န်မခံချင်သော်လည်း ခံစားနိုင်ကြသည် မဟုတ်လား။ သဘာဝလွန် အိပ်မက်ဆန်ခြင်း (surrealism) တို့လွှမ်းမိုးသော ပန်းချီကားများဖြစ်သည့် မန့်ခ်ရဲ့ အော်သံတို့၊ ဒါလီရဲ့ မှတ်ဉာဏ်များ၏ မြဲမြံခြင်းတို့ ဆိုရင် ဘယ်လောက် နာမည်ကြီးသလဲကွယ်။

တခါတလေမှာတော့ သူ့ကို ပျော်အောင်ထားဖို့ ဘာမှသိပ်မလိုပါဘူး။ စာကောင်းကောင်းလေး တစ်ပုဒ်၊ ပန်းချီကား ကောင်းကောင်းတစ်ကား၊ ဒါမှမဟုတ်လည်း ရုပ်ရှင်ကောင်းကောင်း တစ်ကား။ ဒီလောက်ပါပဲ။ ဒါပေမယ့် တခါတလေမှာလည်း သူ့ကို စိတ်ညစ်အောင်လုပ်ရန် ဘာမှ မလိုပါပေ။ တနေ့ဟင်းချက်ရင်း အဆင်မပြေလို့ ဟင်းအိုးတူးသွားရင်သော် လည်းကောင်း၊ လုပ်စရာတွေများလို့ မအိပ်ရတဲ့နေ့တွေမှာ သော်လည်းကောင်း၊ အိမ်မှာ ပစ္စည်းတခုခု ပျက်ရင်သော် လည်းကောင်းသူ စိတ်ညစ်နေတတ်ပြန်သည်။ သူ့စိတ်သည် တက်လွယ်ကျလွယ် သည်လား။

ဘ၀ဆိုတာ ကျောင်းမှ အိမ်စာများ ပြီးအောင်လုပ်သလို အိမ်စာတွေ ပြီးအောင်လုပ်ရုံနှင့် ဘီးဆက်လည်နေလျှင်တော့ သိပ်ကောင်းတာပေါ့။ တခါတလေမှာ အိမ်စာတွေ မပြီးတာလည်း မဟုတ်ပါဘဲနှင့် အိမ်စာတွေ ပြီးလျက်နဲ့တင် ဆက်ပြီး မလည်ပတ်နိုင်တာကိုတော့ သူစိတ်ကောက်ချင်သည်။ ဘယ်သူ့ကို စိတ်ကောက်ရမည်တော့ မသိ။ ငယ်ငယ်က အမေ့ကို စိတ်ကောက်သလို အိပ်ရာထဲ ၀င်ခွေပြီး အိပ်နေလို့ ရရင်လည်း သိပ်ကောင်းတာပေါ့။ ခုတော့ အိပ်ရာထဲမှာ ၀င်ခွေနေရုံနှင့် ပြီးသွားတာမှ မဟုတ်တာဘဲလေ။

အဲဒီလို အချိန်မျိုးတွေမှာ နားထဲကို နားကြပ်ထည့်ပြီး သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး စိတ်ထဲမှာ ၀ုန်းဒိုင်းကြဲနေလိုက်သည်။ အဲဒီအခါမှာ သူ့ရှေ့က လောကကြီးဟာ အသံတိတ်ထားတဲ့ ရုပ်ရှင်တစ်ကားလိုပဲ အသံတိတ် လှုပ်ရှားနေတာကို ကြည့်ပြီး ကျေနပ်သွားပြန်ရော။ လူတွေအားလုံးက သူ့အကြောင်းနဲ့သူ လှုပ်ရှားနေကြတာပဲ။ လောကကြီးကို အသံတိုးလိုက်တဲ့ အခါမှာ သူက အဲဒီလောကကြီးထဲကနေ (ခေတ္တခဏတော့) လွတ်မြောက်သွားသလိုပဲ။

တကယ်တော့ သူဟာ စိတ်ပျော့တဲ့လူတစ်ယောက်တော့ မဟုတ်ပါဘူး။ သံမဏိစိတ်လို့ မဆိုသာပေမယ့် ကျွန်းသားလောက်တော့ ရှိမယ်ထင်ပါတယ်လို့ ကိုယ့်ကိုယ်ကို အားပေးမဲတင်းလိုက်သည်။ တကယ့်ဘ၀နှင့် ပုံရိပ်ယောင် ဘ၀ထဲမှာ ၀င်ချည်ထွက်ချည် ကျင်လည်ရင်း…ငိုလိုက်ရယ်လိုက် တက်လိုက်ကျလိုက်နှင့် စိတ်လှုပ်ရှားစရာကောင်းတာပေါ့လို့ ကြားဖူးထားတဲ့ အတိုင်း ကိုယ့်ကိုယ်ကို အားပေး နှစ်သိမ့်လိုက်သည်။

အဲဒီ အချိန်မှာ သီချင်းက ဆန်းပြားသော တေးသွားတစ်ခုသို့ ကူးပြောင်းသွားတော့သည်။

(အရှိန်ယူတဲ့ အနေနဲ့ ဟိုရေးဒီရေး စာတစ်ပုဒ် တင်လိုက်ပါသည်။)