Sunday, 13 January 2013

တဒင်္ဂ


          အစိတ်အပိုင်းလေးတွေကနေ ကြီးမားတဲ့ အရာတစ်ခုကို တည်ဆောက်လို့ ရတယ်ဆိုတဲ့ အမှန်တရားတခုကို သူကောင်းကောင်း သိပါလျက်နဲ့ ဘာကြောင့် မတွေးမိပါလိမ့်လို့ ကိုယ့်ကိုယ်ကို ပြန်အံ့သြမိတယ်။ သစ်ပင်တစ်ပင်စီကိုပဲ မမြင်နဲ့၊ သစ်တောကို မြင်အောင်ကြည့်ပါတဲ့။ ကြားဖူးတာပါပဲ။ သစ်ပင်တစ်ပင်အောက်မှာ သစ်ကိုင်းပိနေတဲ့ လူတချို့ အတွက်များလား။

ပန်းချီကား တစ်ချပ်ကို ကြည့်ရင်တော့ လူအများစုက စုတ်ချက်တစ်ခုစီကို သတိမထား မိကြဘူးလေ။ ဒါပေမယ့် ပန်းချီကား တစ်ချပ်ဖြစ်ဖို့ ဆိုတာ စုတ်ချက်လေးပေါင်း ထောင်သောင်းချီပြီး စိတ်ရှည်လက်ရှည် ဆွဲရတာပဲ။ ငြီးငွေ့စရာအပိုင်းတွေလည်း ရှိမယ်။ တက်ကြွစရာ အပိုင်းတွေလည်း ရှိမယ်။ စိတ်မပါတော့တဲ့ အခါတွေလည်း ရှိမယ်။ ဆေးကုန်သွားတဲ့ အခါတွေလည်း ရှိမယ်။ စိတ်ရောကိုယ်ပါ နစ်မြုပ်သွားလို့ ပန်းချီကားနဲ့ ပန်းချီဆွဲသူတို့ တထပ်တည်းကျသွားတဲ့ အခါလည်း ရှိနိုင်မယ်။ ဒါပေမယ့် နောက်ဆုံး ပြီးသွားတဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်တဲ့ အခါ ဘယ်သူကများ ဒီတဒင်္ဂတွေကို မြင်လို့လဲ။ 
xxx

မရေးတာကြာပေမယ့်လဲ တဒင်္ဂတွေပျောက်ပျက်မသွားအောင် ရေးတော့ရေးဖြစ်နေပါတယ်။ သံလွင်ကို ပို့ထားတဲ့ ၀တ္ထုတိုလေးပါ။ ၀တ္ထုတစ်ပုဒ်လုံးကို ဒီနေရာမှာ ဆက်လက်အားပေးနိုင်ပါတယ်။ 


Sunday, 23 September 2012

ကြိုးတန်းလန်းနဲ့လူ



မနက်မိုးလင်းကနေ စတော့တာပဲ။ ဖုန်းကနေမြည်တဲ့ ကျယ်လောင်တဲ့ အသံတခုဟာ နှိုးစက်သံပဲလို့ သိလိုက်တာနဲ့ အိပ်ယာကနေ လူးလဲပြီး ထရတယ်။ ခြေထောက်နှစ်ချောင်းကို ကြမ်းပြင်ပေါ်ချလိုက်ရင်ပဲ အိပ်ချင်နည်းနည်းပြေသွားတယ်လို့ ထင်မိတယ်။ မျက်စိနည်းနည်းကျယ် လာတယ်ဆိုရင်ပဲ အနားမှာ ရှိတဲ့ဖုန်းကို ကောက်ကိုင်လိုက်တယ်။ မနေ့ညက ရထားတဲ့ ဖုန်းmessage တွေကို ကြည့်တယ်။ ဘာမှ ထွေထွေထူးထူးတော့ မရှိပါဘူး။ သူငယ်ချင်းတယောက်က သောကြာနေ့ညနေမှာ ရုပ်ရှင်သွားကြည့်ရအောင်လို့ အကြံပြုထားတယ်။ ရေချိုးခန်းကို ဦးတည်ရင်းနဲ့ သူငယ်ချင်းဆီကို text ပြန်ရိုက်ဖြစ်တယ်။
          မနက်စာစားသောက်ဖို့ ပြင်ရင်း၊ ကော်ဖီဖျော်ရင်းနဲ့ ရေဒီယိုက သတင်းနားထောင်ဖြစ်တယ်။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာ သိရတာ တခါတခါတော့လည်း စိတ်ဓာတ်ကျစရာ။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။ မနက်စာစားရင်းနဲ့ ဖုန်းကနေတဆင့် သတင်းဖတ်ဖြစ်တယ်။ အဲ…ရာသီဥတုလည်း ကြည့်ရဦးမယ်။ ကန့်လန့်ကာလေး လှပ်ကြည့်မယ့် အစား အင်တာနက်ကနေကြည့်တာက ပိုပြီး ထိရောက်မယ်။ ဒီနေ့ ဘယ်လို အ၀တ်အစားမျိုး ၀တ်ရမလဲ ဆိုတာ ရာသီဥတုကြည့်ပြီး ဆုံးဖြတ်ရမယ်။ နေသာမယ်၊ နည်းနည်းတော့ အေးမယ်ဆိုတော့ ဆွယ်တာတော့ ၀တ်မှ ဖြစ်မယ်။
          အလုပ်သွားဖို့ အဆင်သင့်ဖြစ်ပြီ ဆိုတော့ အိမ်သော့ လိုက်ရှာတယ်။ ရုတ်တရက် ရှာလို့ မတွေ့ဘူး။ မနေ့ညက ဘောင်းဘီအိတ်ထဲက မထုတ်ဖြစ်လို့ ဘောင်းဘီအိတ်ထဲမှာပဲ ရှိနေသေးတယ်။ အလုပ်ကို လမ်းလျှောက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုတော့ ipod နားကြပ်ကို နားထဲထည့်တယ်။ မြူးမြူးကြွကြွ တေးသွားတခု နားထဲရောက်လာတယ်။ ဒါဆို အလုပ်ကို သွားဖို့ အဆင်သင့်ဖြစ်ပြီ။ တလမ်းလုံး သီချင်းနားထောင် ဖြစ်တာ နောက်ကနေ အနားရောက်လာတဲ့ စက်ဘီးကိုတောင် သတိမထားမိဘူး။ ၀င်တိုက်မလို ဖြစ်သွားတော့ စက်ဘီးသမားကို တိုးတိုးလေး ကျိန်ဆဲလိုက်သေးတယ်။ လမ်းဖြတ်ကူးရင်း text လုပ်နေတဲ့ ကောင်လေးတယောက်နဲ့လဲ ၀င်တိုက်မလို ဖြစ်သေးတယ်။ အခုခေတ်လူငယ်တွေက မျက်နှာနဲ့ ဖုန်းနဲ့ကို မခွာဘူး။ တချိန်လုံး text လုပ်နေကြတာပဲ။
          အလုပ်ရောက်တော့ ကွန်ပျူတာကို ဖွင့်တယ်။ သီချင်းက ကောင်းနေသေးတာနဲ့ ဆက်ပြီး နားထောင်နေလိုက်သေးတယ်။ ရုံးခန်းတူ အစ်မကြီးတယောက်က လှမ်းနှုတ်ဆက်တာ မကြားဘူး။ ပခုံးကို လှမ်းပုတ်မှပဲ ကြားတော့တယ်။ အားနာနာနဲ့ သူ့ကို ပြုံးပြပြီး နားကြပ်ကို ဆွဲဖြုတ်လိုက်ရတယ်။ ကွန်ပျူတာစပြီ ဆိုတာနဲ့ပဲ လုပ်စရာ အလုပ်တွေ စလုပ်ဖြစ်တယ်။ email တွေ ပြန်စရာရှိတာပြန်၊ ဖတ်စရာရှိတာ ဖတ်။ အမြီးရှည်ရှည်နဲ့ ကြွက်ကိုဆွဲလို့ ဟိုကလစ်ဒီကလစ်လုပ်။ ကော်ဖီလေး တငုံနှစ်ငုံလောက် သောက်လိုက်၊ ကြွက်လေးခေါက်လိုက်နဲ့ ထမင်းစားချိန်တောင် ရောက်သွားတယ်။
          နေ့လည်စာစားရင်းနဲ့ ဖုန်းနဲ့ ဖတ်လက်စ ၀တ္ထုကို ဆက်ဖတ်ဖြစ်တယ်။ မနေ့က ကောင်းခန်းရောက်နေတော့ ဒီနေ့ နေ့လည်စာစားချိန်ကို မျှော်နေမိတာ အမှန်ပဲ။ ဖုန်းထဲကနေ ဖတ်ရတာ စာအုပ်ထဲကနေ ဖတ်ရသလောက်တော့ အားမရလှဘူး။ ဒါပေမယ့် ဖုန်းက စာအုပ်ထက်သယ်ရတာ လွယ်တယ်။ ကိုယ့်ရှေ့က ထိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကလည်း လက်ထဲမှာ ဖုန်းလေးတလုံးနဲ့။ အင်တာနက် ပေါ်လျှောက်လည်နေတာလား၊ စာဖတ်နေတာလားတော့ မသိဘူး။ ကိုယ့်ကို ယဉ်ယဉ်ကျေးကျေး၊ တိတ်တိတ်ဆိတ်ဆိတ် ပြုံးပြတယ်။ ပြီးတော့ သူ့ဖုန်းဆီ မျက်လုံးတွေ ပြန်ရောက်သွားရော။ ကိုယ်ကလည်း စကားပြောရ သက်သာတယ်လို့ပဲ အောက်မေ့မိတယ်။ ကိုယ့်စာအုပ်ကလည်း ကောင်းနေတယ် မဟုတ်လား။
          ဒီလိုနဲ့ တနေ့ခင်းလုံး ကွန်ပျူတာပေါ်မှာ အလုပ်ဆက်လုပ် ဖြစ်တယ်။ နေ့လည်သုံးနာရီမှာ အစည်းအဝေးရှိတော့ ဖုန်းက အချက်ပေးလာတယ်။ ပျင်းစရာကောင်းတဲ့ အစည်းအဝေးတွေ တက်ရဦးမယ်။ အစည်းအဝေးပြီးတော့ ဘာတွေရှိသေးလဲလို့ ဖုန်းပေါ်က အချိန်ဇယားမှာ ကြည့်ဖြစ်တယ်။ ဘာမှ မရှိလို့ တော်သေးတယ်။ မနက်ဖြန် သူငယ်ချင်းတယောက်ရဲ့ မွေးနေ့ဆိုတာ ဖုန်းက အချက်ပေးတယ်။ မနက်ဖြန်ကျရင် message ပို့ရမယ်။
          အိမ်အပြန်လမ်းမှာ အိတ်ထဲက ipod ကိုထုတ်တယ်။ သီချင်းဆက်နားထောင် ဖြစ်တယ်။ ငှက်ကလေးတွေ အိပ်တန်းတက်ချိန်မို့လို့ အုပ်စုလိုက် ပြန်သွားကြတယ်။ နေ၀င်တိမ်တောက်တဲ့ အလှကို ခံစားမိတယ်။ သစ်ရွက်တွေ လေတိုးလို့ လှုပ်ခတ်သွားကြတယ်။ အားလုံးကို Norah Jones ရဲ့သီချင်းနောက်ခံနဲ့ ခံစားဖြစ်ခဲ့တယ်။ ကိုယ့်ဘေးနားကနေ ကျန်းမာရေးအတွက် အပြေးလေ့ကျင့်တဲ့ လူတွေ တယောက်ပြီး တယောက် ဖြတ်သွားကြတယ်။ အားလုံး ipod ကိုယ်စီနဲ့။ လမ်းဘေးမှာ ဂစ်တာနဲ့ လူကြီးတယောက် သီချင်းဆိုနေတယ်။ ဘာတွေဆိုနေလည်း ဆိုတာ ကိုယ်တော့ မကြားမိဘူး။ ဘယ်နှစ်ယောက်ကြားလဲ မသိဘူးလို့ ကြံကြံဖန်ဖန် တွေးမိသေးတယ်။
          ဒီညနေ မိတ်ဆွေတယောက် အိမ်မှာ ပစ္စည်းတခု သွားယူရတယ်။ သွားနေကျလမ်းတွေ မဟုတ်လို့ ဖုန်းကနေ တဆင့် GPS ကိုသုံးရတယ်။ GPS မမက ကိုယ့်ကို ညာကွေ့ဘယ်ကွေ့နဲ့ ပြောလိုက်တာ နောက်ဆုံးတော့ ပစ္စည်းယူရမယ့် အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါတယ်။ အပြန်လမ်းမှာလည်း သူ့ကိုပဲ အားကိုးရတာပါပဲ။ GPS မပေါ်ခင်က ကိုယ့် အဖေတို့ဆို လမ်းတွေ စိတ်မှတ်နဲ့ သိနေတာကို စဉ်းစားကြည့်ရင် အံ့သြစရာကြီးပဲ။
          အိမ်ရောက်တော့ ညနေစာကို တီဗွီရှေ့မှာ စားဖြစ်တယ်။ ကိုယ်ကြည့်နေကျ ဇာတ်လမ်းတွဲလာတာမို့ တီဗွီရှေ့မှာ နှစ်နာရီလောက် ကြာသွားတယ်။ ကြော်ငြာတွေ လာတဲ့ခဏမှာ ရေထသောက်တယ်။ ဇာတ်လမ်းတွဲ ပြီးသွားတော့ ကိုယ့်ရဲ့ကွန်ပျူတာကို ဖွင့်တယ်။ blogတွေ လိုက်ဖတ်ဖြစ်တယ်။ ပြီးတော့ ကိုယ်မသိသေးတဲ့ စာလုံးတလုံးကို google မှာရှာတယ်။ ဒီပိတ်ရက်မှာ ရှမ်းခေါက်ဆွဲ ချက်စားမယ်လို့ တေးထားလို့ ရှမ်းခေါက်ဆွဲချက်နည်းကို google လုပ်ရသေးတယ်။ ဒါမှ ဘာတွေ ၀ယ်ရမလဲ ဆိုတာ သိမှာ။ ၀င်လာတဲ့ text တွေနဲ့ နာရီဝက်လောက် အလုပ်ရှုပ်နေလိုက်သေးတယ်။ တော်တော် နောက်တဲ့လူတွေ။ ကိုယ့်ကို ပို့လာတဲ့ ဓာတ်ပုံတွေလည်း ကြည့်ဖြစ်သေးတယ်။ သူတို့ဒီနေ့ သွားစားတဲ့ အစားအသောက်တွေကို ကြွားနေတာ။ နောက်တယောက်ကတော့ သီချင်း တပုဒ်ပို့လာတယ်။
          ဖုန်းကထမြည်လာပြန်တယ်။ ဘာအတွက်များ ပါလိမ့်။ သြော်…မနက်ဖြန် အမှိုက်ပစ်ရမယ့်နေ့။ အမှိုက်ကား မလာခင် အိမ်ထဲက အမှိုက်ကို ထုတ်ထားမှ။ အားလုံးပြီးတော့ ရေမိုးချိုး အိပ်ဖို့ ပြင်တော့ ညဆယ့်တစ်နာရီ ထိုးလုပြီ။ ဖုန်းက မြည်လာပြန်တယ်။ အိပ်ဖို့ သတိပေးတာ။ ကိုယ်က တခါတလေ စာဖတ်စာရေးနေရင် ညဥ့်နက်တတ်လို့ အိပ်ဖို့ကို နှိုးစက်ချထားရတယ်။ ဟုတ်ပါပြီ အိပ်ပါတော့မယ်။ မနက် ခြောက်နာရီထဖို့ နှိုးစက်ချထားတာ ထပ်စစ်ပြီးတော့ ဖုန်းကို အားသွင်းဖို့ ကြိုးတပ်တော့ ကြိုးတန်းလန်းက သူလား ကိုယ်လားဆိုတာတော့ စဉ်းစားမိသေး။

Thursday, 23 August 2012

ကားမောင်းခြင်း


ဘီးခွေပေါ်လက်တင်
ရှေ့ကိုတည့်တည့်ကြည့်
ဘေးကို သိပ်မငေးနဲ့
အလျှော့ပေးတဲ့ အခါပေး
ကျော်တက်တဲ့ အခါတက်
ဘေးချပေးတဲ့ အခါပေး။
စုတ်တဲ့ကား
ချာတဲ့ကား
ဟောင်းတဲ့ကား
ပြောင်တဲ့ကား
မြန်တဲ့ကား
လှတဲ့ကား
ကြီးတဲ့ကား
မြင့်တဲ့ကား
ရှည်တဲ့ကား
ကိုယ့်ကားကရော
ဘာကားလဲ။

စည်းကမ်းဖောက်သူ
လိမ္မာသူ
မိုက်ရိုင်းသူ
မိုက်မဲသူ
အချက်မပြသူ
ညာဖက်က ကျော်တက်သူ
မြင်ကွင်းကွယ်မှာ နေသူ
ပြိုင်ချင်သူ
အလျှော့ပေးသူ
ကပ်လိုက်သူ
ကပ်ကျော်သူ
ကိုယ်ကရော
ဘာလူလဲ။

တဘီးခြင်းလှိမ့်
မိုင်နှုန်းကန့်သတ်ချက်တွေများ
တိမ်တွေဆီ ဦးတည်
လမ်းမပျောက်နဲ့
စည်းမဖောက်နဲ့
ချိုင့်ခွက်တွေရှောင်
လှည့်ကင်းကိုရှောင်
မီးရောင်မြင်ရင်
အရှိန်လျှော့
ဖြောင့်တဲ့ အခါဖြောင့်
ကွေ့တဲ့ အခါကွေ့
အနိမ့်အမြင့်
အဆင်းအတက်
ပျင်းတဲ့အခါလည်းပျင်း
သီချင်းညည်းရင်း
ကားမောင်းခြင်း။

Saturday, 3 March 2012

စာရေးချင်သူ တစ်ယောက်ရဲ့ မှတ်တမ်း

ညဥ့်က တော်တော်နက် နေပါပြီ။ အိပ်ရာဝင်ဖို့လည်း မီးပိတ်ပြီးပါပြီ။ ဒါပေမယ့် ထူးထူးခြားခြား ကျွန်မ စာရေးချင်လာတယ်။ ခေါင်းရင်းမှာ ရှိနေတဲ့ မီးတိုင်လေးကို လှမ်းပြီး ဖွင့်လိုက်မိပြန်တယ်။ အိပ်ရာဘေးက စားပွဲပေါ်မှာ အမြဲတင်ထားတတ်တဲ့ ခဲတံနဲ့ စာအုပ်တစ်အုပ်။ အဲဒီစာအုပ်ထဲမှာ ကျွန်မ စိတ်ထဲမှာ ပေါ်လာသမျှ အကြောင်းအရာတွေကို ချရေးထားလေ့ရှိတယ်။

အိပ်ချင်စိတ်လည်း ပျောက်သွားတာနဲ့ အမျှ စာမျက်နှာပေါ်က အကြောင်းအရာတွေလည်း ခေါင်းထဲကို ပြန်ပြေးဝင်လာကြတယ်။ တကယ်တော့ ဒီလိုစာအုပ်မျိုး ကျွန်မမှာ တစ်အုပ်မက ရှိပါတယ်။ သတိရတဲ့ အချိန်က စပြီး သိမ်းထားမိပေမယ့် တချို့တလေလည်း ပျောက်ပျက် ကုန်ကြပါပြီ။ ငယ်တုန်းကတော့ သိမ်းရကောင်းမှန်း မသိခဲ့ဘူး။

ကျွန်မက စာသိပ်ရေးချင်ပါတယ်။ မူကြိုကျောင်းလောက်ကတည်းက သူငယ်ချင်းမလေးကို အပြင်မှာ မဖြစ်ခဲ့တာတွေကို ဇာတ်လမ်းဆင်ပြီး စီကာပတ်ကုံး ပြောခဲ့တာ မှတ်မိတယ်။ သူငယ်ချင်းမလေးက မျက်လုံးလေး အ၀ိုင်းသားနဲ့ နားထောင်ပါတယ်။ အံ့သြလိုက်၊ ပျော်လိုက်၊ ရယ်လိုက်နဲ့ ဖြစ်သွားတဲ့ သူ့မျက်နှာကိုကြည့်ပြီး သဘောကျတာ ကလွဲရင် ကျွန်မကိုယ်တိုင်က ဇာတ်လမ်းကို စဉ်းစားပြီး ပြောပြရတာကို သဘောကျနေတတ်ပါတယ်။

စာစရေးချင်တဲ့ အချိန်ရောက်တော့ စာအုပ်တွေလည်း တော်တော်များများ ဖတ်ဖြစ်ခဲ့ပြီးပါပြီ။ မျက်မှန်လည်း တော်တော်ထူခဲ့ ပါပြီ။ နွေရာသီကျောင်းပိတ်ရက်မှာ ၀မ်းလျားမှောက်ပြီး စာအုပ်တွေ ဖတ်တတ်တဲ့ အဆင့်ကနေ တက်လာပြီး ကဗျာတိုလေးတွေ လျှောက်ရေးဖြစ်ပါတယ်။ နောက်တော့ စာအပိုင်းအစတွေ ရေးဖြစ်တယ်။ ကျွန်မရဲ့ အားနည်းချက်က ဘယ်တော့မှ အဆုံးသတ်အောင် မရေးတာပါပဲ။ ရေးရင်းနဲ့ မကြိုက်တော့ရင် ဖြစ်ဖြစ်၊ ပျင်းလာရင် ဖြစ်ဖြစ် အဲဒီနေရာမှာပဲ ရပ်ပစ်လိုက်တယ်။ အဲဒီလိုနဲ့ ကျွန်မရဲ့ အ၀တ်ဗီရိုလေးထဲမှာ စက္ကူစတွေ ပုံလာပါတယ်။

နောက်မှတ်မှတ်ရရ ရှိတာကတော့ ဆယ်တန်းနှစ်မှာ စာစီစာကုံးရေးရတာကို ပါပဲ။ စာစီစာကုံးရေးရတာကို ကျွန်မ သဘောကျတယ်။ အချိန်အကန့်အသတ်နဲ့ ရေးရတာကိုတော့ မကြိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဆရာမက အိမ်စာ ပေးလိုက်ရင် စာတိုပေစလေးတွေ ရှာဖတ်ပြီး ရေးရတာကို သိပ်သဘောကျမိတယ်။ တခါတလေ စာစီစာကုံးရေးဖို့ ကိုးကားရှာရာ ကနေပြီး စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ဖတ်နေမိလို့ စာစီစာကုံး မပြီးတဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲကြီးမှာ မြန်မာစာကို ဂုဏ်ထူးမှတ်လေးပဲ ကပ်ရလို့ စိတ်ဆိုးမာန်ဆိုး ဖြစ်လိုက်သေးတယ်။ ဒါပေမယ့်လည်း ပြီးတော့လည်း ပြီးတာပါပဲလေ။

တက္ကသိုလ်ရောက်တော့ ပထမနှစ်မှာ မြန်မာစာ ဖြေရတဲ့ နေ့တစ်နေ့ကို မှတ်မိနေပါသေးတယ်။ စာစီစာကုံး တစ်ပုဒ်ကို ကျူတိုရီယယ် အနေနဲ့ ဖြေရပါတယ်။ ခေါင်းစဉ်က မမေ့နိုင်သော နေ့တစ်နေ့ တဲ့။ ကျွန်မဖတ်ဖူးတာတော့ မမေ့နိုင်သော နေ့ဆိုရင် စာမေးပွဲ အောင်တဲ့နေ့၊ ရှင်ပြုသောနေ့၊ အလှူ တစ်ခု အတွက် ပီတိဖြစ်ရသောနေ့ စသည်ဖြင့် ရေးတတ်ကြတာကို သတိရတယ်။ ဒါပေမယ့် ကျွန်မရေးလိုက်တာက ကျွန်မအတန်းထဲမှာ အဆင့် ဘိတ်ချေး ရတဲ့နေ့။ အဲဒီနေ့ဟာ ကျွန်မကို အရှုံးနဲ့ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ သင်ပေးတယ်လို့ ရေးလိုက်တယ်။ အဲဒီ စာစီစာကုံးနဲ့ ကျွန်မ အမှတ် အများဆုံး ရပါတယ်။ တခြား ဘာသာတွေ ဘယ်လောက်ရတယ်တော့ မမှတ်မိဘူး။ စာစီစာကုံး အမှတ်အများဆုံး ရတဲ့ အတွက် ကျွန်မ ပျော်နေပါတော့တယ်။

တဖြည်းဖြည်းနဲ့ သိလာရတာကတော့ ကျွန်မ စာရေးသူ တစ်ယောက် ဖြစ်ချင်တယ် ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်လည်း နည်းနည်းရှိလာပါတယ်။ တက္ကသိုလ် စတက်ချိန်လောက်မှာ ကျွန်မရေးထားတဲ့ စာတစ်ပုဒ် မဂ္ဂဇင်းမှာ ပါလာဖူးပါတယ်။ ပါလာတာကလည်း အကြောင်းတိုက်ဆိုင်မှုတွေ အားလုံးကြောင့်၊ ဆရာတစ်ယောက်ရဲ့ ကျေးဇူးကြောင့်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မရေးထားတဲ့ စာကို ပုံနှိပ်စာလုံးနဲ့ မြင်ရတော့ ၀မ်းသာလိုက်တာမှ ပြောမပြတတ်အောင်ပဲ။

တကယ်တော့ အားတက်ပြီး ဆက်ရေးသင့်တဲ့ အချိန်မှာ ကျွန်မရဲ့ ဘ၀ရှေ့ရေးအတွက် လုပ်စရာတွေက ဖိစီးလာတဲ့ အတွက် စာကောင်းကောင်းရေးဖို့ ဝေးခဲ့ပါတယ်။ လုပ်စရာရှိတာတွေကို အလျင်စလို လုပ်နေခဲ့ရတဲ့ အချိန်များမှာတော့ ကျွန်မမှာ စာအုပ်ကလေးတွေ ပိုများလာပါတယ်။ ကျွန်မအိပ်ရာဘေးမှာ ကျွန်မရဲ့ မှတ်စုစာအုပ်နဲ့ ခဲတံ တစ်ချောင်း ထားလေ့ရှိတယ်။ ဒါပေမယ့် ငယ်ငယ်က အကျင့်ဆိုးအတိုင်းပဲ ဘယ်အရာကိုမှ ပြီးအောင် မရေးဖြစ်ခဲ့ဘူး။ မှတ်မှတ်ရရ စာလေးနှစ်ပုဒ်သုံးပုဒ်တော့ ပြီးခဲ့တယ်။ အဲဒီထဲကမှ ၀တ္ထုတိုလေး တစ်ပုဒ်ကို နာမည်ကြီး မဂ္ဂဇင်းတိုက်တစ်ခုကို ပို့ခဲ့ဖူးပါတယ်။ ပါမလာပါဘူး။ ဒီလိုနဲ့ပဲ ကျွန်မစာရေးခြင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့ပါတယ်။

ဆယ်ဂဏန်း တစ်ခုကနေ နောက်ဆယ်ဂဏန်း တစ်ခုကို ကူးပြောင်းရတော့မယ့် အချိန်မှာ ကျွန်မကိုယ် ကျွန်မမေးမိတယ်။ ဘာဖြစ်ချင်သလဲလို့။ ဖြစ်ချင်တာတွေ တော်တော်များများလည်း ဖြစ်ခွင့် မရသေးသလို၊ ဖြစ်ချင်တာတချို့လည်း ဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် စာရေးသူ ဖြစ်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ အကောင်အထည် မဖော်ရသေးတာ သတိရပါတယ်။

တကယ်တော့ အသက်ငယ်တုန်းမှာ စာရေးတာ ပိုသွားမလားပဲလို့ စဉ်းစားမိတယ်။ အသက်ငယ်တုန်းမှာ ယုံကြည်မှု တစ်ခုဆိုလည်း ပြင်းပြင်းထန်ထန် စွဲစွဲမြဲမြဲ ယုံကြည်လိုက်တာပဲ။ ခံစားမှု ဆိုလည်း နင့်နင့်နဲနဲ ခံစားလိုက်တာပဲ မဟုတ်လား။ အဲဒီတော့ စာရေးရတာ ပိုပြီး သွက်လက်မယ်။ ပြောစရာတွေ ပိုရှိမယ်။ စာရေးသူဆိုတာ ခံစားချက်ပြင်းထန်မှ စာရေးလို့ကောင်းတယ်လို့ ထင်တာပါပဲ။ ဒါမှမဟုတ် ဘ၀ကို ထူးခြားတဲ့ အမြင်နဲ့ ကြည့်တတ်တဲ့သူ၊ နောက်ပြီးတော့ ဘ၀မှာ နာကြည်းချက်၊ ထိခိုက်ခံစားချက်များတဲ့ သူ တွေဆိုလည်း စာရေးကောင်းတယ် ထင်တာပဲ။ စာကောင်းရေးတာနဲ့ စာရေးကောင်းတာ နဲ့တောင် မတူဘူးလို့ ဆိုချင်ပါတယ်။ အတွေ့အကြုံ ဗဟုသုတနဲ့ ခံစားချက် ဆိုတဲ့ အဓိကအပိုင်းနှစ်ပိုင်းက စာတစ်ပုဒ်ပေါ်မှာ သြဇာသက်ရောက်မှု ရှိတယ် မဟုတ်လား။ စာကောင်းရေးတဲ့လူတိုင်းဟာ စာရေး ကောင်းချင်မှကောင်းမှာပဲ။ အဲ…ပြောရင်းနဲ့ ရှုပ်ချင်လာပြီ။

ခုတော့ သုံး ဆိုတဲ့ ဆယ်စုနှစ်တစ်ခုကို ကပ်လာတဲ့ ကျွန်မမှာ စာရေးနိုင်တဲ့ စွမ်းရည်တွေ အရင်ကလောက် မသွက်တော့ဘူး။ တခုခုဆိုရင် ရေးလိုက်ဖို့ကို စဉ်းစားနေမိတယ်။ ဒီအကြောင်းအရာက သင့်တော်ပါ့မလား။ ဒီလိုရေးဖို့ ဆီလျော်ပါ့မလား စသည်ဖြင့် တွေးနေတာနဲ့ပဲ ခရီးမတွင်တော့ပါဘူး။ စက်ဘီးစီးသင်သလို၊ ရေကူးသင်သလိုပဲလို့ ဆိုရမလား မသိဘူး။ ချင့်ချိန်ဥာဏ်တွေက သိပ်ပြီး အလေးသာနေရင် ကြောက်စိတ်က ပိုများနေလို့ လွယ်လွယ်နဲ့ မတတ်တော့ဘူး။

ငယ်တုန်းကဆိုရင်တော့ သစ်ရွက်ကလေးတွေ ကြွေတာလည်း စာတစ်ပုဒ်ပဲ။ ပန်းကလေးတွေ ဝေနေတာလည်း စာတစ်ပုဒ်ပဲ။ ဆရာမ ဂျူးကတောင်မှာ စာပေဟောပြောပွဲ တစ်ခုမှာ သူ့ကိုယ်သူ ခွဲခြမ်းစိတ်ဖြာ ပြတာကတော့ ငယ်တုန်းက သူဟာ အချစ်အကြောင်းရေးတယ်တဲ့။ အမျိုးသမီး ရေးရာ အကြောင်းရေးတယ်တဲ့။ အသက်ကြီးလာတော့ အခုအချိန်မှာတော့ သူ အချစ်အကြောင်း မရေးနိုင်တော့ပါဘူးတဲ့။

ကျွန်မအခုတလော တွေးမိနေတာကတော့ လူတွေအကြောင်းပါပဲ။ စိတ်ပျက်တဲ့ အခါ၊ စိတ်ဆိုးတဲ့ အခါ ဖြစ်ပေါ်လာတဲ့ အတွေး။ ဒါမှမဟုတ်လည်း လမ်းသွားရင်း မြင်မိတဲ့ အကြောင်းအရာ၊ သတင်းတစ်ပုဒ်ထဲက ရလိုက်တဲ့ အတွေးတစ၊ သီချင်းတစ်ပုဒ်ထဲက ဖြတ်စီးသွားတဲ့ ခံစားမှု အပိုင်းအစ၊ ကိုယ့်ဘေးမှာ ရှိတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ ထူးခြားတဲ့ မထူးခြားတဲ့ ဇာတ်လမ်း အတိုတစ်ပုဒ်…စသည်ဖြင့် ကိုယ့်ဟာကိုယ် တစ်ယောက်တည်း တေးထားလိုက်တယ်။ ဒီအကြောင်းတွေကို ၀တ္ထုရေးဦးမှပဲလို့။ အဲဒီလို စိတ်ထဲတွေးလိုက်ရတာနဲ့တင် စာရေးချင်စိတ် ပြန်ပေါ်လာတတ်ပါတယ်။ ထစ်ကနဲဆို စာထဲထည့်ရေးလိုက်မယ် စိတ်ကူးတိုင်းသာ ရေးဖြစ်ရင် အခုလောက်ဆို ကျွန်မ စာတော်တော် ရေးဖြစ်နေပါပြီ။ ဒါပေမယ့် စားဝတ်နေရေးအတွက်၊ တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုံးလည်ချာလည်လိုက်ရင်းနဲ့ပဲ ခေါင်းထဲက စာတွေ အရည်ပျော်ကုန်ကြတယ်။

ကဲ…အခုတော့ သုံးဆိုတဲ့ ဂဏန်းကိုလည်း မြင်နေရပြီ။ မရောက်ခင်တော့ စာတစ်ပုဒ်ကို တက်သုတ်ရိုက်ပြီးရေးလိုက်ဦးမှပါပဲ။ အသက်သုံးဆယ် အရွယ် စာရေးချင်သူတစ်ယောက်ရဲ့ မှတ်တမ်းတစ်ပုဒ်ပေါ့။

Sunday, 12 June 2011

နေ့ခင်း အိပ်မက်

လမ်းကလေးတခု။ သစ်ပင်အို တစ်ပင်။ နွေနေ့လယ်တစ်ခုလို ပူပြင်းသော နေ့တစ်နေ့။ မြင်ကွင်းဟာ ရုပ်ရှင်ပိတ်ကားဟောင်း တစ်ခုလိုပါပဲ။ စာမျက်နှာ ၁၅ သီချင်းထဲကလိုလို့ ဆိုရမလား။ ဖြည်းဖြည်းလျှောက်လာတဲ့ သူ့ရဲ့ပုံရိပ်ဟာ ကျွန်မနဲ့ နီးနီးလာပေမယ့် ကျွန်မရဲ့ အမြင်ထဲမှာတော့ ဝေးဝေးသွားသလိုပဲ။ တကယ်တော့ ကျွန်မရပ်နေတဲ့ ဖက်ကို လျှောက်လာတာ သူမှ မဟုတ်ဘဲလေ။ သူနဲ့ တော်တော်လေးဆင်တဲ့ သူတစ်ယောက်…။

သူ့လိုပဲ လမ်းလျှောက်ရင် ခြေလှမ်းကျဲကျဲနဲ့ အေးအေးဆေးဆေး လျှောက်လာတယ်။ သူဝတ်နေကျ ပုံစံအတိုင်းပဲ မိုးပြာရောင် ဂျင်းဘောင်းဘီကို ၀တ်ထားတယ်။ အဖြူရောင် တီရှပ်ကြောင့် ပိုပြီး တူသွားစေတယ်။ လေတချက် အဝေ့မှာ လွင့်သွားတဲ့ ဆံပင်တွေကလည်း သူ့ဆံပင်တွေလိုပဲ ဖြောင့်ပြီး စင်းနေတယ်။ ကျွန်မအမှတ်တမဲ့ ငေးကြည့်နေမိတယ်။ ဒါပေမယ့် သူမဟုတ်ဘူး ဆိုတာကို ကျွန်မသိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ အချိန်ရော နေရာပါ မှားယွင်းနေလို့ပဲ။ ကျွန်မဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် လောက်က မြီးကောင်ပေါက် ဆယ်ကျော်သက်လေး မဟုတ်တော့ဘူးလေ။

xxx

သူနဲ့ ကျွန်မစတွေ့တာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့။ ကျွန်မအသက် ဆယ်ကျော်သက် အရွယ်ပဲ ရှိပါသေးတယ်။ ကျွန်မတို့ ရပ်ကွက်က တိတ်ဆိတ်တယ်။ လူဝင်လူထွက် သိပ်မများလှဘူး။ နောက်တော့ ကျွန်မတို့ လမ်းထိပ်မှာ စာအုပ်ဆိုင်လေး တစ်ဆိုင် ဖွင့်လာတယ်။ ကျွန်မရဲ့ အတန်းဖော်သူငယ်ချင်း ၀ါလေးတို့ မိသားစုက ဖွင့်ထားတဲ့ ဆိုင်လေးပေါ့။ ကိုးတန်းနှစ် စာမေးပွဲ ဖြေအပြီး နွေရာသီကျောင်းပိတ်ရက်လို့ ထင်တယ်။ စာအုပ်ဆိုင်မှာ စာအုပ်ငှားပြီး ပြန်လာတဲ့ တနေ့မှာ သူ့ကို သတိထားမိပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က ဂျူးရဲ့ ကြာတော့သည်လည်း မောင့်စကား စာအုပ်ကို ငှားလာဖြစ်တယ်။ စာအုပ်ကို ဖတ်ချင်ဇောနဲ့ ဟိုလှန်ဒီလှန် လုပ်ရင်း ဘေးဘီကို ကောင်းကောင်းမကြည့်ဘဲ လမ်းလျှောက်လာတော့ ကျွန်မကို တစ်ယောက်ယောက်က ကြည့်နေသလို ခံစားရတယ်။ ဟိုဟိုဒီဒီ လိုက်ကြည့် ကြည့်တော့ စာအုပ်ဆိုင်နဲ့ မလှမ်းမကမ်းက အုတ်ခုံမှာ ထိုင်နေတဲ့၊ ကျွန်မကို ငေးကြည့်နေတဲ့ သူ့ကို တွေ့ရတယ်။ တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီ ခပ်နွမ်းနွမ်းကို ၀တ်ထားတယ်။ အစိမ်းရောင် ထင်တာပဲ…စက်ဘီးလေးတစ်စင်းကို ဘေးမှာ တွေ့ရတယ်။ ကျွန်မလှည့် အကြည့် ရိပ်ကနဲ ပြုံးပြတယ်။ ကျွန်မလည်း ရှက်ရှက်နဲ့ ခပ်သုတ်သုတ် ဆက်လျှောက်ခဲ့တယ်။

နောက်ရက်တွေမှာ သူ့ကို မကြာခဏတွေ့ရတယ်။ သူက ကျွန်မတို့ ရပ်ကွက်ထဲက ဟုတ်ဟန် မတူဘူး။ တစ်ခါနှစ်ခါတော့ ၀ါလေးရဲ့ အစ်ကိုနဲ့ စကားပြောနေတာ တွေ့ဖူးတယ်။ ကျွန်မထက် အသက်ကြီးပုံလည်း ရတယ်။ လူပုံက အရပ်ရှည်ရှည် သာမန်ပါပဲ။ ရုပ်အချောကြီး မဟုတ်သလို၊ အဆိုးကြီးလည်း မဟုတ်ဘူး။ အမြဲတမ်းလိုလို တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီ၊ ညှပ်ဖိနပ်ကို စီးတတ်တယ်။ ထူးခြားတာကတော့ ပုခုံးလောက်ရှိတဲ့ ဆံပင်တွေနဲ့။ သူ့ဆံပင်က မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ထက်တောင် ဖြောင့်ပြီးစင်းနေသေးတယ်။ သူ့ကိုထူးထူးခြားခြား သတိထားမိတာ အဲဒီ ဆံပင်တွေကြောင့်လို့ ပြောလို့ရပါတယ်။ တခါတလေလည်း စက်ဘီးတစ်စင်းနဲ့ တွေ့ရတယ်။

ကျွန်မနဲ့ တခါတခါ လမ်းမှာ ဆုံရင် လိုက်ကြည့်တတ်တာက လွဲလို့ အနှောင့်အယှက် မပေးပါဘူး။ တခါတလေလည်း ဂီတာတစ်လက်နဲ့ သီချင်းဆိုရင်ဆို၊ မဆိုရင်လည်း သူ့သူငယ်ချင်း ဖြစ်ဟန်တူတဲ့ ကျွန်မတို့ ရပ်ကွက်ထဲက ကောင်လေး လေးငါးယောက်နဲ့ စကားပြောနေတတ်တယ်။ သူ့နာမည် ဘယ်သူလဲ ဆိုတာ ကျွန်မမသိဘူး။ သူ ဘာလုပ်လဲဆိုတာ ကျွန်မ မသိဘူး။ သူ ဘယ်ကလဲ ဆိုတာလည်း ကျွန်မ မသိဘူး။ ဒါပေမယ့် ကျွန်မ ၀န်ခံပါတယ်။ စာအုပ်ဆိုင် သွားတဲ့ အချိန် သူ့ကို တွေ့နေကျ နေရာမှာ မတွေ့ရင် အမှတ်တမဲ့ လိုက်ရှာမိပါတယ်။ သူကလည်း ကျွန်မကို မကြာခဏ ပြုံးပြတတ်တယ်။ ဒီလိုနဲ့ ကျွန်မတို့ နှစ်နှစ်ကြာလောက် မျက်မှန်းတမ်းမိကြတယ်။ ကျွန်မတို့ရဲ့ ဆက်စပ်မှုက ဒီလောက်ပါပဲ။ Rock သီချင်းတွေကို ကြိုက်တဲ့ ကျွန်မဟာ အဲဒီ အချိန်တုန်းက Gun N Roses အဖွဲ့ထဲက Axl Rose ရဲ့ ဆံပင်ရှည်တွေကို ကြိုက်နေတဲ့ အချိန်ပေါ့။

xxx

ဒီလိုနဲ့ ကျွန်မတက္ကသိုလ် တက်ဖို့ မြို့ကြီးကို ရောက်ခဲ့တယ်။ ကျွန်မတို့ မြို့သေးလေးကနေ ထွက်ခဲ့တယ်။ စာအုပ်ဆိုင်လေးနဲ့လဲ ဝေးခဲ့ပါတယ်။ သူ့အကြောင်းကို တခါတလေ တွေးမိပေမယ့် ပတ်ဝန်းကျင် အသစ်၊ သူငယ်ချင်းအသစ်တွေနဲ့မို့ မေ့မေ့ပျောက်ပျောက်ပါပဲ။ ကျွန်မလည်း အထက်တန်းကျောင်းသူလေး တစ်ယောက် အဖြစ်ထက်တော့ ကြီးပြင်းခဲ့ပါပြီ။ စာတွေကြားထဲ၊ လူကြီးတစ်ယောက်ရဲ့ ဘ၀ထဲမှာ အသစ်အသစ်တွေကို လက်ခံသင်ယူရင်း မအားရအောင် ဖြစ်နေခဲ့တယ်။

ကျောင်းပိတ်တဲ့ နွေရာသီတစ်ခုမှာတော့ အိမ်ပြန်ဖြစ်တယ်။ စိတ်အားလူအား ရှိလာတဲ့ အချိန်မို့ စာအုပ်ဆိုင်လေးနဲ့ အတူသူ့ကို အမှတ်ရမိသား။ စာအုပ်ဆိုင်လေးကို ရောက်ဖြစ်တဲ့နေ့မှာ သူ့ကိုလည်း တွေ့နေကျ နေရာမှာ အံ့သြဖွယ်ရာပဲ ပြန်တွေ့ရပါတယ်။ အသိဟောင်းတစ်ယောက်ကို တွေ့ရသလို၊ မေ့နေခဲ့တဲ့ ငယ်ငယ်တုန်းက အရုပ်လေးကို ပြန်တွေ့ရသလို ကျွန်မ လှစ်ကနဲ ၀မ်းသာသွားမိတယ်။ သူ့ပုံစံက အရင်တုန်းက အတိုင်းပဲ။ ဆံပင်ရှည်လည်း ထားတုန်းပဲ။ နည်းနည်းရင့်ကျက်လာတဲ့ မျက်နှာကလွဲလို့ ဘာမှ အပြောင်းအလဲ မရှိဘူး။ ကျွန်မကို တွေ့တဲ့ မျက်လုံးတွေမှာ အံ့သြမှုကို တွေ့ရတယ်။ ပြီးတော့ ပြုံးနေကျ အပြုံးကို ပြုံးပြတယ်။ ကျွန်မကလည်း ပြန်ပြုံးပြမိတယ် ထင်တယ်။

အိမ်မှာ နေတဲ့ ကျောင်းပိတ်ရက်တွေမှာ စာအုပ်ဆိုင်ကို မကြာခဏ ရောက်ဖြစ်ပါတယ်။ သူ့ကိုလည်း ခဏခဏတွေ့ဖြစ်ပါတယ်။ သူဘယ်သူလဲ ဆိုတာကိုတော့ တခါတလေ သိချင်သလို ဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်မတို့ တခါမှ စကားမပြောဖြစ်ကြပါဘူး။ ကျောင်းဖွင့်တဲ့ အချိန်မှာ ကျွန်မ အဆောင်ကို ပြန်ရောက်ခဲ့တယ်။ ကျွန်မတို့ မြို့လေးနဲ့ ဝေးခဲ့တယ်။ Axl Rose ကိုတော့ ကြိုက်နေတုန်းပဲ…။

နောက်ထပ် သုံးလေးနှစ်အတွင်းမှာ ကျွန်မရဲ့ မိသားစုတွေလဲ မြို့ကြီးကို ပြောင်းလာခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မဘွဲ့ရခဲ့တယ်။ အလုပ်ရတယ်။ အဖြစ်အပျက်တွေ အများကြီးကို ရုပ်ရှင်တွေထဲမှာ ရှေ့အမြန်ရစ်သလို ရစ်လိုက်ရရင်တော့ ကျွန်မလူကြီး တစ်ယောက် ဖြစ်ခဲ့ပါပြီ။ အရင်ကပတ်ဝန်းကျင်နဲ့ အခု ကျွန်မကျင်လည် ရတဲ့ ပတ်ဝန်းကျင်ဟာ အကန့် တစ်ခုစီလို ခြားနားနေခဲ့ပါတယ်။ မြို့လေးကို ပြန်ဖို့လဲ ခိုင်လုံတဲ့ အကြောင်း မရှိတော့ပါဘူး။ ဆယ်ကျော်သက် အရွယ်တုန်းက အဖြစ်အပျက်တွေဟာ မှုန်ဝါးဝါး မေ့မေ့ပျောက်ပျောက် ပါပဲ။ အကြောင်းတိုက်ဆိုင်ရင်တော့ ဆံပင်ရှည်တွေနဲ့ သူ့အကြောင်း အမှတ်တမဲ့ တွေးမိပါတယ်။

နှစ်တွေကြာခဲ့ပါပြီ။ ဘွဲ့ရပြီးတဲ့ တစ်နေ့မှာတော့ အကြောင်းတခုကြောင့် ကျွန်မတို့ရဲ့မြို့လေးကို ပြန်ရောက်ခဲ့ပါတယ်။ မြို့မှာရှိနေသေးတဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရပါတယ်။ စာအုပ်ဆိုင်လေးကိုလဲ ပြန်ရောက်ခဲ့တယ်။ ၀ါလေးကိုလည်း ပြန်တွေ့ပါတယ်။ ၀ါလေးက အဝေးသင်ပဲ တက်ဖို့ ဆုံးဖြတ်လိုက်လို့ မြို့လေးမှာ နေနေဆဲပဲ။ သူထိုင်နေကျ အုတ်ခုံလေးဆီကို လှမ်းမျှော်ကြည့်ဖို့လည်း ကျွန်မ မပျက်ကွက်ခဲ့ပါဘူး။ သူကိုတော့ မတွေ့ရတော့ပါဘူး။ အဲဒီနေ့က ထူးခြားစွာ ကျွန်မစိတ်ထဲ သိချင်လာတာနဲ့ ၀ါလေးကို စကားစဖြစ်ပါတယ်။

“ဒါနဲ့ နင်တို့ဆိုင်မှာ တွေ့နေကျ စက်ဘီးနဲ့ ဆံပင်ရှည်ရှည်နဲ့ အစ်ကိုကြီးက နင့်အစ်ကိုဝမ်းကွဲလား။”

“ဟင်…ဆံပင် အရှည်နဲ့ ဟုတ်လား။ ကြံကြံဖန်ဖန်…တခါမှ ငါမမြင်ဖူးပါဘူး။ ငါဒီဆိုင်မှာ ကျောင်းပိတ်ရက်တိုင်း ထိုင်နေကြပါ။ ငါ့အစ်ကို သူငယ်ချင်းတွေထဲမှာလဲ အဲဒီပုံစံနဲ့လူ မရှိပါဘူး။ ဘာဖြစ်လို့လဲ။”

“ဘာမှ မဖြစ်ပါဘူးဟာ။ စပ်စုကြည့်တာပါ။ နင့်အစ်ကို ကိုလည်း ပြန်မေးမနေနဲ့ဦး။”

ကျွန်မက ရယ်ကျဲကျဲလုပ်ပြီး သူ့ကို နှုတ်ပိတ်တော့ ၀ါလေးက သိပါတယ် ဟဲ့…ဆိုပြီး ရယ်နေတယ်။ ပြီးတော့ ကျွန်မတို့ ဟိုအကြောင်းဒီအကြောင်း ပြောရင်းနဲ့ စကားစပြတ်သွားကြတယ်။ ကျွန်မတစ်ယောက်တည်းသူ့ကို တွေ့ဖူးတာလားလို့ ဇဝေဇ၀ါ စဉ်းစားနေဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သူဟာ ကျွန်မစိတ်ထဲက ပုံရိပ်တစ်ခုမျှပါပဲလေ…။

Axl Rose ရဲ့ သီချင်းတွေကို တခါတလေ သတိရရင် နားထောင်မြဲ ဖြစ်ပေမယ့် သူ့ရဲ့ MTV တွေကိုတော့ မကြည့်ဖြစ်တော့ပါဘူး။

xxx

လမ်းကလေးတခု။ သစ်ပင်အို တစ်ပင်။ နွေနေ့လယ်တစ်ခုလို ပူပြင်းသော နေ့တစ်နေ့။ သူနဲ့ တော်တော်လေးဆင်တဲ့ သူတစ်ယောက်။ သူ့လိုပဲ လမ်းလျှောက်ရင် ခြေလှမ်းကျဲကျဲနဲ့ အေးအေးဆေးဆေး လျှောက်လာတယ်။ သူဝတ်နေကျ ပုံစံအတိုင်းပဲ မိုးပြာရောင် ဂျင်းဘောင်းဘီကို ၀တ်ထားတယ်။ အဖြူရောင် တီရှပ်ကြောင့် ပိုပြီး တူသွားစေတယ်။ လေတချက် အဝေ့မှာ လွင့်သွားတဲ့ ဆံပင်တွေကလည်း သူ့ဆံပင်တွေလိုပဲ ဖြောင့်ပြီး စင်းနေတယ်။ အဲဒီလူ ကျွန်မရပ်နေတဲ့ နေရာကို ဖြတ်ကျော်သွားတယ်။

ကျွန်မအမှတ်တမဲ ငေးကြည့်နေမိတယ်။ ဒါပေမယ့် သူမဟုတ်ဘူး ဆိုတာကို ကျွန်မသိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ အချိန်ရော နေရာပါ မှားယွင်းနေလို့ပဲ။ ကျွန်မဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် လောက်က မြီးကောင်ပေါက် ဆယ်ကျော်သက်လေး မဟုတ်တော့ဘူးလေ။

“သွားကြစို့လေ။ နေပူတယ်။”

ငေးနေတဲ့ ကျွန်မရဲ့လက်ကို လာပြီးဆုပ်ကိုင်တဲ့ လက်တွေဟာ ခိုင်မြဲပြီး နွေးထွေးလှပါတယ်။ အဲဒီလက်ပိုင်ရှင်ဟာ ဆံပင်ရှည်တွေကို မပိုင်ဆိုင်ပါဘူး။ သူ့ဆံပင်တွေက ဖြောင့်စင်းပြီးတော့လည်း မနေပါဘူး။ ခပ်ကြမ်းကြမ်း ဆံပင်တွေကို ကတုံးဆံတောက် တိုတိုပဲ ညှပ်ထားလေ့ ရှိတယ်။ မိုးပြာရောင် ဂျင်းဘောင်းဘီကိုလည်း အမြဲ မ၀တ်တတ်ပါဘူး။ လည်ကတုံး ရှပ်အကျီ င်္ အဖြူနဲ့ ကချင်လုံချည် ကွက်စိပ်စိပ်ကို ၀တ်လေ့ရှိတယ်။ သူ့နာမည်ကို ကျွန်မသိတယ်။ သူ့ကိုလည်း ကျွန်မ ကောင်းကောင်းသိတယ်။ နေရောင်အောက်မှာ ကျွန်မ သူ့ကို ကောင်းကောင်း မြင်နေရတယ်။ နေ့ခင်းအိပ်မက်ကနိုးလာတဲ့ ကျွန်မ သူ့လက်တွေကို မြဲမြဲ ဆုပ်ကိုင်လိုက်တယ်။