Saturday 23 February 2013

သီချင်းရောင်ခြယ်

          ဆယ့်နှစ်ရက်၊ ဆယ့်သုံးရက်၊ ဆယ့်လေးရက်….
          သုံးရက်လုံးကို မမေ့ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်ကိုမေ့ထားခဲ့ပြီးတော့မှ ဆယ့်လေးရက်နေ့မှာ ပေါ်လာတဲ့ ရှေ့မီနောက်မီကြီးရဲ့ အတွေးလေ။
          ဒီနေ့တော့ အနီရောင်တွေက လွှမ်းမိုးလွန်းနေသည်ဟု ထင်သည်။ အနီရောင်ကြားမှာ ပန်းရောင်ကလည်း ပုန်းတ၀က် ကွယ်တ၀က်ပင်။ နှင်းဆီနီတွေ၊ စက္ကူနီတွေ၊ အနီရဲရဲ ကဒ်တွေ၊ ရဲရဲတောက်နေတဲ့ အသည်းတွေ၊ ပန်းနီသွေးပြေးနေတဲ့ ၀က်ဝံရုပ်လေးတွေ၊ နီတွတ်နေတဲ့ ချောကလက်ဘူးတွေ။ အို…မမြင်ချင်မှ အဆုံးပဲ။
          ဘေးနားက ဖြတ်လျှောက်သွားတဲ့ ကောင်မလေးနှစ်ယောက်က ချိန်းထားတဲ့ သူတို့ကောင်လေးတွေ အကြောင်းပြောရင်း ရယ်လို့မောလို့။ ကောင်လေးတစ်ယောက်ကတော့ နှင်းဆီနီနီတွေနဲ့ ပန်းစည်းကို ကိုင်ရင်း ခပ်သုတ်သုတ်လျှောက်သွားလေရဲ့။ ၀တ်ကောင်းစားလှတွေနဲ့လေ။ ရှေ့က လမ်းဖြတ်ကူးနေတဲ့ လူရွယ်ရဲ့ ကျောပိုးအိတ်ထဲမှာလည်း နီနီထွေးထွေး အထုပ်လေးတစ်ထုပ် လှမ်းတွေ့နေရတယ်။ ကော်ဖီဆိုင်မှာ ထိုင်နေတဲ့ အဖွားကြီးနှစ်ယောက်ကလည်း အနီရောင် လွှမ်းမိုးတဲ့ ပ၀ါခြုံထည် ကိုယ်စီနဲ့။
ကြည့်စမ်း…ဒီနေ့ကို အရောင်ခြယ်ဖို့ အစီအစဉ်မရှိတာ ကိုယ်တယောက်တည်းလား။ နေ့လည်ထမင်းစားချိန်မှာ ဒီနေ့ ဘာအစီအစဉ်ရှိလဲလို့ မေးလာတဲ့ မေးခွန်းကို ဂရုမစိုက်သလိုလုပ်ပြီး ဖြေခဲ့တာ သတိရတယ်။ ဘာဂရုစိုက်စရာ ရှိလို့လဲ။ မနေ့တနေ့ကလို နေ့တနေ့ပါပဲ။ လုပ်ဖော်ကိုင်ဖက်တချို့က စကားတောင် မပြောနိုင်ဘဲ စောစောပြန်မှာမို့ လုပ်စရာရှိတာတွေ မြန်မြန်လုပ်ရမယ်လို့ လောဆော်နေကြတယ်။ တယောက်ကတော့ အိမ်မှာပဲ ချက်မတဲ့။ တယောက်ကတော့ ခြောက်နာရီမှာ ချိန်းထားသတဲ့။ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဆိုင်မှာ နေရာဦးထားရတယ် ဆိုပဲ။ တို့များတော့ ဒီလောက် မကြိုးစားဘူးလို့ မလိုတမာတွေးနေလိုက်တယ်။
“ဟယ်လို…။ ဟေ့…ငါပါ။”
“ဘယ်က ငါလဲ…။ မသိဘူး။”
အသံရှင်ကို သိသော်လည်း ဘုတောချင်သော စိတ်ကများနေ၏။
“မသိရင်လည်း ပြီးတာပဲ။ နင့်နာမည်နဲ့ သီချင်းတပုဒ် ရေဒီယိုမှာ ကြားလို့။ အဲဒါပြောပြမလို့။”
“ဟယ်….။ တကယ်….။”
လေသံချက်ချင်း ပြောင်းသွား၏။
“ဘယ်လိုင်းကလဲဟင်။”
“ဂန္ထ၀င်ဂီတ…။ ကဲ…မြန်မြန်နားထောင်။ မကြားလိုက်ဘဲ နေဦးမယ်။”
စကားမဆုံးခင်မှာပင် ရေဒီယိုကို လက်က ဖွင့်ပြီးနေပေပြီ။
“ကျေးဇူးပဲ သူငယ်ချင်း။ နောက်မှ ပြန်ခေါ်လိုက်မယ်နော်…။”
ရေဒီယိုက သီချင်းက ချိုမြစွာ…လွမ်းမောစွာ။ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ သိနှင့်ပြီးပြီ။ တိတ်တိတ်လေး ကျိတ်ပြုံးရင်း သီချင်းကို နားထောင်၏။ 

“လစန္ဒာရယ်…ကိုယ့်ရဲ့ အလွမ်းတွေဟာ
ဖြေသိမ့်လို့ ရမှာ မဟုတ်။
ချစ်သူရှိတဲ့ အနာဂတ်ကို
ကိုယ်အမြဲ တောင့်တ မျှော်လင့်နေဆဲ။”

ဒီနေ့က အရောင်တွေစုံလို့ နေသည်။





1 comment:

တန်ခူး said...

ဂရုစိုက်မှုလေးတခုဟာ ပတ်ဝန်းကျင်တခုလုံးကို လှပအရောင်စုံသွားစေတာ အမှန်ပဲနော်ညီမ...