Thursday 17 April 2014

အိပ်မက်မြူ (၂)



         “မနေဘူး…ဒီအိမ်မှာ နေကို မနေချင်ဘူး။”
          အခန်းအပြင်မှ ငြင်းခုန်သံများကို မကြားချင်၍ ဖွင့်နေသော သီချင်းကို စု အသံကုန်တင်ပစ်လိုက်သည်။ အခန်းထဲမှာ မျိုးကြီး၏ လေပြေက ဆူညံသွားခဲ့သည်။ မေမေကတော့ ပြောသည်။ စုဟာ တော်လှန်ချင်စိတ်တွေ၊ ရုန်းထွက်ချင်စိတ်တွေ ပြင်းထန်နေသူတဲ့။ ဟုတ်လို့လား မေမေရယ်။ တော်လှန်ချင်စိတ်တွေ ပြင်းထန်နေသူထက် မိဘနှစ်ယောက်ကြားက မြေဇာပင်လို့ နည်းနည်းလေးမှ မမြင်မိဘူးလား ဟင်။
          “ကျွန်မမှာ ဘာမှ ပြောစရာ မရှိတော့ဘူး။ ရှင် ဒီမိန်းမနဲ့ ဆက်ပြီး အလုပ်လုပ်နေဦးမယ် ဆိုရင်တော့ ရှင့်ကိုလည်း ကျွန်မ ပေါင်းမနေတော့ဘူး။”
          သီချင်းသံ တိုးအသွားမှာ အပြင်က အသံတွေက အခန်းထဲ ၀င်ဖြစ်အောင် ၀င်လာသေးသည်။ ဖေဖေနှင့် အလုပ်အတူတူလုပ်နေသော မိန်းမ။ ဖေဖေနှင့်သူ့ကို အပြင်မှာ စု အမှတ်တမဲ့ တွေ့ဖူးပါသည်။ တစ်ယောက်နှင့် တစ်ယောက်ကြည့်နေကြသော မျက်လုံးတွေက မရိုးသားတာ အသိသာကြီး။ ဖေဖေက စုကိုတွေ့တော့ မလုံမလဲနှင့် မိတ်ဆက်ပေးသည်။ စုကတော့ ဟန်ပင် မဆောင်နိုင်ဘဲ ဖေဖေ…အိမ်မှာ မေမေစောင့်နေလိမ့်မယ်…စုပြန်တော့မယ်ဟု ဆိုကာ ချာကနဲ လှည့်ထွက်ခဲ့သည်။ ဖေဖေမျက်နှာ ကွက်ကနဲ ပျက်သွားသည်ကို စုမြင်ဖြစ်အောင် မြင်လိုက်သေးသည်လေ။ စိတ်တော့ မကောင်းပါ ဖေဖေ။ ဒါပေမယ့် သမီးတစ်ယောက် အနေနှင့် ဒီလောက်တော့ ရိုင်းပျခွင့်ပြုပါ။
          “မင်း သမီးကို မင်းဆုံးမဦး။ ဒီနေ့ ငါ့ဧည့်သည်နဲ့ မိတ်ဆက်ပေးတာကို မခေါ်ချင်သလို၊ မပြောချင်သလိုနဲ့ ထွက်သွားတယ်။ သိပ်ရိုင်းတာပဲ။”
          “ကျွန်မ သမီးကို ကျွန်မ ဆုံးမနိုင်တယ်။ နောက်တစ်ခါ ရှင့်ရဲ့ ဧည့်သည် ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ရင် တောင်းပန်ခိုင်းလိုက်မယ်။ ရှင့်ကိုသာ ကျွန်မ မဆုံးမနိုင်တာ။”
          “သြော်…မင်းကပါ ငါ့ကို ရောပြီး စော်ကား နေတာပေါ့လေ။”
          ပြီးတော့ အခုတလော နှစ်ရက်တစ်ခါ သုံးရက်တစ်ခါလောက် ကြားနေရသော ရန်ပွဲကို ကြားရပြန်သည်။ စု ဒီအိမ်မှာ နေလို့ မဖြစ်တော့ပါဘူး။ စာကြည့်စားပွဲပေါ်က ကျောင်းလျှောက်လွှာပုံစံများကို ကောက်၍ စုစည်းလိုက်သည်။ အမေရိကန်နိုင်ငံမှ ကျောင်းတချို့ကို စု စပြီး ဆက်သွယ်ခဲ့သည်မှာ ကြာချေပြီ။ တက္ကသိုလ် ၀င်ခွင့် စာမေးပွဲကိုလည်း စု ဖြေခဲ့ပြီးပြီ။ အခုတော့ ဒီကိစ္စကို အကောင်အထည် ဖော်ဖြစ်အောင် ဖော်ရမည်။ တက္ကသိုလ် ၀င်ခွင့်အပြင် ပညာသင်ဆု ထောက်ပံ့ကြေးငွေပါ ရအောင် ကြိုးစားရဦးမည်။ သင်ဘာကြောင့် ဒီကျောင်းကို တက်ချင်ပါသလဲတဲ့။ အင်း…ကျွန်မအဖေနှင့် အမေ အဆင်မပြေ၍ အိမ်မှ ထွက်ပြေးရန် ရှင်တို့ ကျောင်းသို့ လာချင်ပါသည်ဟု ရေးရမည်လား။ ဟား…ဟား…ရယ်စရာကြီး နေမှာပဲ။ စိတ်ရှုပ်ရှုပ်နှင့် လျှောက်လွှာ စာရွက်များကို ကုတင်ပေါ် ပစ်တင်လိုက်သည်။ နံရံ ဖြူဖြူကို အဓိပ္ပာယ်မရှိ ငေးစိုက်ကြည့်နေမိသည်။ မျက်နှာကျက်မှာ တွားသွားနေသော ပင့်ကူလေးတစ်ကောင်။ သူ ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို ဘယ်လိုများ ဆန့်ကျင်ပါလိမ့်။ ဟင့်အင်း…စု ဒီလိုလုပ်နေလို့ မဖြစ်ပါဘူး။ ဒီအခြေအနေကနေ လွန်မြောက်ဖို့က သေသေချာချာ ကြိုးစားမှ ဖြစ်မယ်။
          အိပ်ယာပေါ်မှာ ၀မ်းလျားမှောက်လျက်က အက်ဆေးကို စလိုက်သည်။
          “ကျွန်မသည် သူပုန်တစ်ယောက် ဖြစ်ပါသည်။ ရှိရှိသမျှ အရာအားလုံးကို တော်လှန် ပုန်ကန်ချင်နေပါ၏။…..”
xxx
          အိမ်ကိုရောက်လျှင် မောမောနှင့် စားစရာကို ရှာသော် ရေခဲသေတ္တာထဲမှာ တစ်နေ့က မှာထားပြီး စားမကောင်းလှ၍ မေ့စပြုနေသော တရုတ်ဆိုင်မှ ထမင်းနှင့်ဟင်းကို ပျော်ပျော်ကြီး တွေ့ရလေသည်။ အခုတော့လည်း ဒါသည်ပင် နတ်သုဒ္ဓါ မှတ်ကာ စားတော့မည်ဟု စိတ်ပိုင်း ဖြတ်ပြီးသော် ကိုယ့်ကိုယ်ကို တီဗွီရှေ့     တွင် ထိုင်လျက်သား စု တွေ့ရလေ၏။ စကားပြောမည့်သူ မရှိ၊ ထမင်းအတူ စားမည့်သူ မရှိသည်မှတော့ ကိုယ့်ရှေ့မှာ ငိုပြရယ်ပြနေသော သူများကိုပင် ထိုင်၍ ကြည့်ရတော့မည်။ လူတွေများ ကိုယ့်ဘ၀ထဲမှာသာ အရှုပ်ထုပ်တွေကို မကြိုက်တာ။ သူများတကာရဲ့ အရှုပ်အရှင်းတွေကိုတော့ မြိန်ရေယှက်ရေ ကြည့်တတ်တာပဲ။ ထို့ကြောင့်ပင် အမေရိကန်နိုင်ငံမှာ reality show ဟု ခေါ်ကြသော ဖြစ်ရပ်မှန် ဇာတ်လမ်းတွဲတွေ ခေတ်စားလေသလား။
          အိမ်၏ အရှုပ်အထွေးများမှ လွန်မြောက်ပြီဟု ထင်ရသော် စုကိုယ့်ကိုယ်ကို အနောက်ကမ္ဘာခြမ်းမှာ နေလျက် တစ်ယောက်တည်း တွေ့ရလေသည်။ ဘွဲ့တစ်ခု ရခဲ့သည်မှာ တစ်သက်တာလောက် ကြာပြီဟု ထင်ရသော်လည်း တကယ်တော့ ငါးနှစ်ခန့်သာ ရှိပါသေးသည်။ ဟိုတစ်နေ့က တွေ့ခဲ့သော ကောလိပ်ကျောင်းသား ကောင်လေးတွေ ကောင်မလေးတွေကို ကလေးတွေဟု စိတ်ထဲမှာ ထင်နေမိသည်။ နာမည်ရှိသော ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေရ၍ ကိုယ့်ကိုယ်ကို ဟုတ်လှပြီဟု ထင်နေသည်လည်း မဟုတ်ဘဲ သူတို့ထက် ကိုယ့်ကိုယ်ကို အသက် အများကြီးနေသည်ဟု စိတ်ထဲ စွဲနေတော့သည်။ သူတို့အတွက် ရယ်စရာကောင်းသည်များသည် စုအတွက်တော့ အလွန်သေးမွှားသော အရာလေးများ ဖြစ်နေ၏။ နားမလည်သလိုလည်း ဖြစ်မိ၏။ မနာလိုသလိုလည်း ခံစားမိသေး၏။ လောလောဆယ် စု ဘ၀မှာ ဘာများ စိတ်ဝင်စားစရာ ရှိပါသလဲဟုလည်း တွေးမိသည်။ သို့ပေမယ့် အတွင်း စိတ်ခံစားချက်တို့ အားလုံးကို လျစ်လျူရှုကာ သူတို့နှင့်အတူ လိုက်ရယ်ပစ်လိုက်သည်။ သည်လိုဆိုတော့လည်း ပျော်စရာ အကောင်းသားပင်။
          ရယ်ကောင်းကောင်းနှင့် ကြည့်နေစဉ်မှာပင် ခပ်မူးမူး ရှိနေပြီ ဖြစ်သော ကျောင်းသား တချို့သည် ဆိုင်ပြင်သို့ ထွက်ကာ အုပ်စုဖွဲ့ကြပြန်သည်။ အုပ်စုတဖြည်းဖြည်း ကြီးလာတော့ ရဲကားများ ရောက်လာကြသည်။ ပရိပက္ခဖြစ်ကြသည်။ အကြောင်းရင်းကတော့ အမေရိကန်ဘောလုံးပွဲတွင် သူတို့ အသင်းရှုံး၍ ဟုဆို၏။ သည်လိုမြင်ကွင်းမျိုးကို မြင်ခဲ့ဖူးသော စု တစ်ယောက်တော့ အံ့သြကြီးစွာနှင့်ပင် သူတို့၏ ပရိပက္ခကို ထိုင်ကြည့်နေလိုက်သည်။ စု ကြီးပြင်းခဲ့သည့် နေရာမှာတော့ လွတ်လပ်ခြင်းကို ရင်း၍၊ တခါတရံ အသက်ကို ရင်း၍ တော်လှန် ကြသည်။ ထိုင်ဝမ်နိုင်ငံတွင် တရုတ်ပြည် ရုပ်သေးရုပ်ဖြစ်နေသော အစိုးရကို တော်လှန်ကြသည်။ ယူကရိန်းတွင် ရုရှား၏ လွှမ်းမိုးမှုကို တော်လှန်ကြသည်။ သည်မှာတော့ ဘောလုံးပွဲရှုံး၍ တော်လှန်ကြသည်။ တတ်နိုင်သည့် သူများ ကျတော့လည်းဟု တရားကျမိလေသည်။ (အမေရိကန် နိုင်ငံသား အားလုံးတော့လည်း သည်လို မဟုတ်ပါ။)
          နာခံလိုစိတ် နည်းပါသည်ဟူသော စုတစ်ယောက် အခုတော့လည်း စားဝတ်နေရေးဟူသော အာဏာရှင်လက်အောက်မှာ ပိပိပြားပြား ရှိနေလေပြီ။  တကယ်တော့လည်း စုဟာ အိမ်ကထွက်ပြေးချင်သော အိမ်ပြေးတစ်ယောက် သက်သက်ပါပဲ။ 
(ဆက်ရန်)

No comments: