Monday 28 January 2008

ပြတင်းပေါက်

Van Gogh's Room at Arles

သူ့အိမ်မှာ ပြတင်းပေါက်တွေသာ မရှိဘူးဆိုလျှင် အိမ်ထဲသို့ ပြန်ကြည့်ဖြစ်လိမ့်မည် မဟုတ်ပါ။

ပြတင်းပေါက်များကို သူနှစ်သက်ပါသည်။ ငယ်ငယ်က နေဖူးသော အိမ်တိုင်းမှာ ပြတင်းပေါက်များစွာ ပါသည့်အတွက် မေမေ့ကို ကျေးဇူးတင်ရပါလိမ့်မည်။ မေမေသည် သူ့နည်းတူ ပြတင်းများစွာ ပါသောအိမ်ကိုသာ ရွေးချယ်ခဲ့သည်ချည်း။ လေ၀င်လေထွက် ကောင်းသော၊ လင်းကျင်းသော၊ မှောင်ရိပ်များ နည်းသော အိမ်မျိုးတွင်သာ သူနေခဲ့ဖူးသည်။ အိမ်သုံးခါပြောင်းဖူးသည့် အနက် ဒုတိယအိမ် မှာမြစ်နှင့်နီးသည်။ ညနေစောင်းလျှင် မြစ်ကိုဖြတ်၍ တိုက်လာသော လေကို ပြတင်းပေါက်များမှ တဆင့်သူတို့ မောင်နှမတတွေ အားပါးတရ ရှုရှိုက်ခဲ့ဖူးသည်။ ဒီလိုမှ အသက်ရှုဝတာဟု မေမေက ကျေနပ်စွာ မကြာခဏ ပြောဖူးသည်။ ပြတင်းပေါက်များလျှင် လေကောင်းလေသန့် ရသည်ဟု သူမှတ်ချက်ချ ခဲ့မိသည်။

ထူးခြားစွာပဲ ထိုအိမ်၏ ပြတင်းပေါက်များမှာ လူတစ်ရပ်နီးပါးမျှ ရှည်လျားလေသည်။ ထိုပြတင်းပေါက်များနှင့် အပြိုင်ရှည်လျားသော အပြာနုရောင် ခန်းဆီးများကိုလည်း သူမှတ်မိနေသည်။ ထိုအချိန်ကတည်းက ပြတင်းပေါက်ဘောင်တွင် ထိုင်ကာ အပြင်ကိုငေးကြည့်ဖူးသည်။ ညနေခင်းတွင် ပြေးလွှား ကစားနေသော အိမ်နီးချင်း ကလေးငယ်များ၊ ထမင်းချိုင့် ခြင်းတောင်း ကိုယ်စီဖြင့် အလုပ်ပြန်လာသူ အချို့၊ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်အချို့။ ပြောင်းဖူးပြုတ်သည်၊ မုန့်စိမ်းပေါင်းသည် တို့ဖြစ်မည် ထင်သည်။ လမ်းထိပ်နားမှ ဗယာကြော်သည်နှင့် မုန့်ဟင်းခါးသည်တို့ ကိုလည်း လှမ်းမြင် နေရသည်။ မသဲကွဲသော်လည်း ခပ်နွမ်းနွမ်း အ၀တ်အစားနှင့် အသက်ငါးဆယ် အရွယ်ခန့် အမျိုးသမီးတစ်ယောက် မုန့်ဟင်းခါးရောင်းသည် ကိုမြင်နိုင်သည်။ မြင်ရဖန်များတော့ လမ်းမှာထိပ်တိုက်တွေ့လျှင်တောင် သူပြုံးပြမိသည်။ အမျိုးသမီးကြီးကတော့ သူ့ကို မသိ။

ဒီလိုနဲ့ သူကြီးပြင်းလာတော့၊ နေရာ အနှံ့ကိုပြောင်းရတော့ ပြတင်းပေါက်များစွာမှ ကြည့်ဖူးလာသည်။ ပျင်းရိဖွယ်နေသာသော နေ့လယ်ခင်းများ၊ အိမ်ခေါင်မိုးများ အငွေ့ထောင်းထောင်းထ လောက်အောင် ပူပြင်းသော နွေ၏နေ့ရက်များကို သူစောင့်ကြည့်ဖူးသည်။ မိုးစက်များ ဖွာကနဲ လွင့်စင်သွားအောင် ပြင်းထန်လှသော မိုးရာသီများကို ပြတင်းပေါက်မှ တဆင့်ဖြတ်ကျော် ခဲ့ဖူးသည်။ လရောင်အောက်မှာ တလက်လက်ထ နေသော နှင်းပြင်နှင်းလွှာကြီး ကိုလည်း သူ့အခန်းကျဉ်းကျဉ်း တစ်ခုတည်းသော ပြတင်းပေါက်မှ ငေးကြည့်ခဲ့ဖူးသည်။

အပြင်မှာ တည်ရှိနေသော သဘာဝကိုသာမကပါ။ ဖောက်ပြန်သော၊ ရိုးသားသော၊ သစ္စာရှိသော၊ ခိုးကြောင်ခိုးဝှက် နိုင်သော၊ ရဲရင့်သော၊ ဖြောင့်မတ်သော၊ ရင်ခုန်ဖွယ် ကောင်းသော၊ စိတ်ပျက်ဖွယ် ကောင်းသော စသည်စသည်ဖြင့် လူအမျိုးမျိုးတို့ကိုလည်း ပြတင်းပေါက်ကြောင့် သူကြည့်ခဲ့ဖူးပြီ။ မကြည့်ချင်သော်လည်း မြင်ခဲ့ဖူးပြီ။ လူတို့သည်လည်း ရာသီဥတု ပမာ၊ သဘာဝတရားကြီး ပမာ အမြဲပြောင်းလဲ နေပါလားဟု ပြတင်းမှ တဆင့် သူတွေးခဲ့ဖူးသည်။

တစ်နေ့တော့ သူမမြင်ဖူးသော မြင်ကွင်းကို သူ့ပြတင်းမှ တဆင့် မြင်တွေ့လိုက်ရသည်။ အဲဒီနေ့က သူ့အိပ်ခန်းပြတင်းပေါက် နားမှာ ရပ်၍ သူငယ်ချင်းတစ်ယောက် လာအကြိုကို စောင့်နေခဲ့သည်။ ထူးခြားတာကတော့ သူအဲဒီနေ့က အိမ်ထဲဖက်မှ အပြင်ကို ကြည့်ခြင်း မဟုတ်။ အိမ်ပြင်မှာ ရပ်လျက်က ပြတင်းပေါက်မှ အိမ်ထဲကို ကြည့်ခြင်း ဖြစ်သည်။

ဝါမှိုင်းမှိုင်း နံရံများဖြင့် အခန်းကျဉ်း တစ်ခန်း။ ထိုအခန်း၏ ညာဖက်တွင် အ၀တ်များဖြင့် တိုးလို့တွဲလောင်း ဖြစ်နေသော အ၀တ်ခြင်းတစ်ခြင်း။ မလှမ်းမကမ်းမှာ သောက်လက်စ ဖန်ခွက်များ၊ ကော်ဖီခွက်များ၊ ဆေးလိပ်တို အစများဖြင့်ပွနေသော စားပွဲတစ်လုံး။ ထိုစားပွဲဘေးမှာမှ ခပ်ကြေကြေဖြစ်နေသော၊ မခေါက်ရသေးသော စောင်နှစ်ထည်ဖြင့် အိပ်ယာတစ်ခု။ အိပ်ယာဘေး နံရံကို မြင်ရအောင် နေရာပြောင်း၍ ကြည့်တော့ နံရံပေါ်မှ ပိုစတာမှာ အနည်းငယ် စောင်းရွဲ့၍ နေသည်။ ပြတင်းပေါက်မှ မြင်ရသော သူ့အခန်းမှာ ကြည့်ချင်စဖွယ် သိပ်မရှိလှ။ ပြင်ရဦးမည်။ အမြင်မတော်သည်များကို ပြင်ရဦးမည်။ အပြင်ထွက်ကြည့်မှ မြင်ရသော အလွဲများနှင့် အခန်း။ အလွဲများဖြင့် နေနေသော်လည်း နိစ္စဒူဝ ကိစ္စများဖြင့် နေသားကျလျက် ရှိသောသူ။

ထိုအချိန်မှာ သူငယ်ချင်းရောက်လာသည်။ မပြင်ဆင်ရသေးသော သူ့အခန်းကို သူငယ်ချင်း မတွေ့ခင်မှာပင် ကတိုက်ကရိုက် ဆွဲခေါ်လာခဲ့ မိတော့သည်။

2 comments:

Anonymous said...

ဒီဟာလေးကို ကြိုက်တယ်ဗျာ.. တိုက်ဆိုင်လို့ ရယ်တော့ မဟုတ်ပါဘူး..ရေးထားတာကို ကြိုက်တာ.. ဒါပေမယ့် ကျွန်တော် ရန်ကုန်မရောက်ခင်အထိ space ကျယ်ကျယ် ရှိတဲ့ နေရာတွေ မှာပဲ နေခဲ့ ဘူးတာ.. သစ်ပင်ထိပ်ဆုံးပေါ်က..
အပေါ်ထပ်ဝရန်တာပေါ်က၊ တောင်ကုန်းထိပ်ပေါ်က.. နေ.. သစ်ပင်အောက်ကနေ.. လမ်းသွားလမ်းလာလူတွေ.. ကားတွေ ..ထော်လာဂျီတွေ..ကောင်းကင် တွေ.. တိမ်တွေ.. မြတ်ခင်းတွေ.. ငှက်တွေ.. အဲလို သဘာဝကြီးကို နှစ်တွေ အများကြီး ထိုင်ကြည့်ခဲ့ဖူးတယ်။ (လုပ်စရာမှ မရှိကိုး ဟီး.. )
ဒါပေမယ့် မပုံရိတ်ပြောသလို တော့ ကိုယ်အ ခန်းကို တော့ မကြည့်ဘူးဖူး..ဟိ..ဟိ..
မကြည့်မိတာပဲကောင်းပါတယ် :D

နတ်ဆိုး

Anonymous said...

မပုံရိပ်ရေ...
လူတွေက ပြတင်းပေါက်ကလှမ်းကြည့်ရင်း အကောင်းအဆိုးတွေကို သုံးသပ်နေကြတာ.. ကိုယ့်အခန်းကိုယ် ငဲ့ကြည့်ရင် လူသိမခံဝံ့အောင် ညစ်ပေစွန်းထင်းနေတာကို တွေ့ ရမှာ...။