Saturday, 19 July 2008
ပြန်လည် ဆန်းသစ်ခြင်း
Wednesday, 11 June 2008
အစားတစ်လုတ်
သူငယ်ငယ်က အစားအသောက်ကျွေး ရခက်လှသည်ဟု အမေက ငြီးငြူဖူးသည်။ ထမင်းစစားတတ် ကာစက ထမင်းကျွေးလျှင် လျှောက်၍ ပြေးသည်။ ပါးစပ်ထဲရောက် လာသော ထမင်းလုတ်ကို ထွေးပစ်တတ်သည်တဲ့။ သူမစားစားအောင် အမေက ကြံဖန်၍ ကျွေးရတတ်သည်တဲ့။ အသားအမျိုးမျိုးကို ကြော်၍တမျိုး၊ လှော်၍ တမျိုး မရိုးရအောင် လုပ်ကျွေးရှာသည်။ ထိုအချိန်က ဆန်ဈေးဆီဈေးမှာ အခုလောက် မတက်သေး။
သူဆယ်ကျော်သက် အရွယ်ရောက်တော့ အမေက တမျိုးပြောင်း၍ ငြီးသည်။ စားလွန်လွန်း၍ တဲ့။ ကိုယ်ခန္ဓာဖွံ့ဖြိုးဆဲမို့ စားနိုင်သောက်နိုင် လာတာကို အမေ မသိမဟုတ်။ နင်ဟာ မရှိအစားကြီးဟု တခါတလေတော့ အမေဆိုမိသည်။ တခါတလေတော့လည်း ငါ့သားဟာ ရှားပါးတဲ့ ကာလမှာမှ လာကြီးရလေခြင်းဟု အမေ ကရုဏာသက်သည်။ မည်သို့ဆိုစေ သူစားသလောက်ကိုတော့ အဖေရော အမေရောကပါ ဖြည့်ဆည်းပေးခဲ့သည်။
လူဆိုတာ အသက်ကြီးလာတာနှင့် အမျှ အစားတစ်လုတ် အပေါ် မက်မောစိတ် ကြီးထွားလာတတ်တာ ပေပဲ။ သူ့အသက်လည်း လေးဆယ်ကျော် ခဲ့ပြီ။ အစားတစ်လုတ် အတွက်တာဝန် များလည်း ပိုခဲ့ပြီ။ အသက်သည် အစားနှင့် တိုက်ရိုက် အချိုးကျသည် ဆိုလျှင် ငါ့ကျတော့ ဘယ်လိုလုပ်မလဲဟု အသက်ခုနစ်ဆယ် အရွယ်အမေက ပြန်အငေါ်တူး တတ်သည်။ ဒါကတော့ အမေက အမေကိုး၊ အမေလို မဟုတ်တဲ့ သူတွေကို အများကြီးဟု သူကပြန်ပြောမိသည်။
တနေ့နဲ့တနေ့ အစားတစ်လုတ် အတွက် လူတွေဟာ ဘယ်လောက် အလုပ်ရှုပ်ကြ သလဲဟု အမေက ထောက်ပြလျှင် သူကတော့ ရယ်နေတတ်သည်။ မစားလို့ အသက်ဘယ်ရှင် မလဲ အမေရယ်… အဲဒီတော့ အသက်ရှင်ဖို့ အတွက် အလုပ်ရှုပ် နေကြတာ မဆန်းပါဘူးဟု သူက ဆင်ခြေပြန်ပေးမည်။ အဲဒီလို ပြောလျှင်တော့ အမေမှာလည်း ပြန်လည် ချေပရန် စကားရှိသည်ပဲ။ ဟဲ့… နင်တို့ဟာက အသက်ရှင်ဖို့စား နေကြတာ မဟုတ်တော့ဘူး။ အဲဒီအဆင့်ထက် အများကြီး ကျော်နေပြီ။ စားဖို့ အသက်ရှင်နေ ကြတဲ့ င၀ါးတွေပဲဟု ချက်ကျလက်ကျ ပြန်ပြောလျှင်တော့ သူရယ်ကျဲကျဲ လုပ်မိရုံသာ။
ကံကြမ္မာဆိုတာ သူကြိုမမြင် ရတော့လည်း ခက်သားပင်။ ထိုနေ့က ၀င်လာသော မုန်တိုင်းကို သူကြိုသိခွင့် မရခဲ့။ မိသားစုကို လက်ဆွဲကာ လွတ်ရာကို ပြေးသင့်ပြီဟု အသိဝင်သည့် အချိန်မှာ အိမ်မှာရှိသော ပုဆိုးစုတ်တစ်ထည်တောင် ယူခွင့်မရတော့။ အသက်နှင့် ခန္ဓာမြဲရန် ဇောသာ ရှိနေခဲ့သည်။
အားလုံးပြီးဆုံး သွားသည့် အချိန်မှာ သူ့လက်ထဲမှာ ဘာဆိုဘာမှ မရှိတော့။ သားပျောက်၊ မယားပျောက် သည့်လူတွေကို ကြည့်ရင်းနှင့်သာ မသေမပျောက် အားလုံးရှိနေသည် ကိုပင် ကျေးဇူးတင် နေရတော့သည်။
မုန်တိုင်းသတ်၍ မသေခဲ့သော အသက်သည် အချိန်တန်တော့လည်း အစားတစ်လုတ်ကို တောင်းတလာ ပေသည်။ သူနဲ့အတူ ပါလာသော ပါးစပ်ပေါက် ငါးပေါက်ကိုလည်း ကျွေးဖို့ကြံ ရပေဦးမည်။ သူ့လက်ထဲ၌ ဘာဆိုဘာမျှ ပါမလာခဲ့။ တကယ့်ကို လက်ချည်းသက်သက်သာ။ အမေသည် သစ်ပင်တစ်ပင်အောက်မှာ မှိန်းနေလျက်။ ကလေးတို့သည် နွမ်းနယ်စွာ ထိုင်နေလျက်။ မိန်းမသည်လည်း မျက်နှာမကောင်း။ တခါတရံတော့လည်း အသက်ရှင်ရခြင်းသည် ပို၍ ခက်ခဲလေသလားဟု သူတွေးမိသည်။
Xxx
ဒီနေ့အလှူရှင်များက စားစရာဝေနေသည်ဟု အတူနေ ဒုက္ခသည် တစ်ယောက်က သတင်းပေး လာသည်။ ရေနဲ့မုန့်တွေ ဝေနေသတဲ့။ သူဝမ်းသာ အားရနှင့် အလှူပေးသော နေရာသို့ အပြေးလာခဲ့သည်။
သူ့ရှေ့မှာ မြင်နေရသော လူအုပ်ကြီးကို တိုးပေါက်နိုင်ပါ့ မလားဟု တွေးရင်း အတင်းသာ ရှေ့သို့တိုးခဲ့သည်။ ကမ်းနေသော၊ လှမ်းနေသောလက်တွေထက် ယူနေသော လက်တွေက များစွာ… များစွာ။ သူ့လက်တစ်ဖက် ပိုလာသောကြောင့် သူအခြားလက်တစ်ဖက်ကို ပုတ်ချလိုက် သလိုခံစား ရသည်။ အို… ဘာပဲဖြစ်ဖြစ် သူ့မိသားစုအတွက် သူမှ မလုပ်ရင် ဘယ်သူကများ လာလုပ်ပေး မှာလဲ။
မလျှော့တမ်း တိုးဝှေ့နေကြသော လူအုပ်ကြီးထဲမှ တိုးထွက်လာတော့ သူ့လက်ထဲမှာ စားစရာတချို့နှင့် ရေဘူးသုံးဘူး ပါလာသည်။ သူ့မိသားစု ရှိနေသော သစ်ရိပ်အောက်ရောက်တော့ လူအုပ်ကြီးက တိုးနေဆဲ။ သူ့လက်ထဲမှ စားစရာကိုမြင်တော့ ကလေးတို့က ၀မ်းသာအားရ ပြေးလာကြသည်။ ကလေးတို့သည် မုန့်ကို အလုအယက် စားသောက်ရင်း ရွှင်လန်းလာကြသည်။ သြော်… သူ့ကလေးများသည် ရှားပါးသည့်ခေတ်တွင် မက၊ လုစားရသည့် ခေတ်တွင်မှ လူလာဖြစ်ရလေခြင်း။
သူသစ်ပင် အရိပ်အောက်မှာ ထိုင်ရင်း မိန်းမက ကမ်းပေးလာသော ခေါက်ဆွဲခြောက်ထုပ် တ၀က်ကို ၀ါးနေမိသည်။ အသက်ဆက်ဖို့ အစားတစ်လုတ် အတွက် တိုးဝှေ့နေကြသော လူအုပ်ကြီးကို ကြည့်ရင်း သူမနက်ဖြန်ကို ကြောက်လာသည်။ မနက်ဖြန် အတွက် အစားတစ်လုတ်ကို ဖန်တီး ရဦးမည်။ အစားတစ်လုတ်နှင့် အသက်ရှင် ရဦးမည်။ အစားတစ်လုတ် အတွက် အသက်ရှင် ရဦးမည်။ အစားတစ်လုတ် အပေါ်တွင် အသက်ရှင် ရဦးမည်။ အစားတစ်လုတ်ကြောင့်….. အသက်သေ ရဦးမည်။ အစားတစ်လုတ်ကို မက်၍ အသက်ပေါင်းများစွာ သေရဦးမည်။ အစားတစ်လုတ်ကို မက်သူတွေကြောင့် အသက်ပေါင်းများစွာ…. ဘ၀ပေါင်းများစွာ….။ အစားတစ်လုတ်….. အစားတစ်လုတ်…..
Monday, 12 May 2008
မုန်တိုင်း
မုန်တိုင်းကြောင့် ထိခိုက်ကြရသူများ အားလုံးသို့......
မုန်တိုင်း…..
အရိုင်းဆင်ကာ
နာနာပြင်းပြင်း
ထင်းထင်းပြက်ပြက်
နင်းခတ်ရက်သည်။
ပြားအိမ်ဝပ်ဝပ်
ငိုသံအော်သံ
ဆူညံလွင့်ပါး
ထိုးထွက်ကြားသည်။
အပျက်အစီး
ထီးထီးမကျန်
ချုံးချုံးဘဝ
ခြွတ်ခြုံကျကာ
ကြာခဲ့ပြီလေ………
ကြာလေပြီပဲ
လျှပ်တပြက်လား…
တသက်မက တော့ပြီလား….။
Friday, 21 March 2008
ဇာတ်ရုပ်
နေရာ။ ။ အိမ်ခန်းတစ်ခန်း
အချိန်။ ။နံနက်ရှစ်နာရီခန့်
‘တီ…တီ…တီ’
သူအိပ်ချင်မူးတူးနှင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။ ပြန်ချမလို့ စဉ်းစားပြီးမှ ညီမလေးဆီမှ ဖုန်းဖြစ်နိုင်မှန်း တွေးမိပြန်သည်။ ထင်သည့် အတိုင်း ညီမလေးနံပါတ်။
‘အေး…အငယ်မ။ ပြော…’
‘မမ…မမ…အင့် ဟင့်…..’
ဖုန်းထဲမှ တဆင့်ငိုသံကြားရ၍ သူအိပ်ချင်စိတ် အားလုံးပြေသွားသည်။
‘အငယ်မ….မငိုနဲ့လေ။ ဘာဖြစ်လို့လဲ။ တိတ်…တိတ်…။ ဘာဖြစ်လဲ…။’
ခဏကြာငိုနေလိုက်သေး၏။ အတင်းကြီး မေးတော့မှ အိမ်လွမ်းလို့တဲ့။ အဲဒီတော့မှ သူလည်း သက်ပြင်းချနိုင်သည်။ သူတပါးနိုင်ငံကို ရောက်ကာစ၊ အိမ်မှာ ကလေးလုပ်၍ နေလာသော ညီမအငယ်ဆုံးမို့ ဒီလောက်တော့ ရှိပေမည်ပေါ့။ အတင်းချော့မော့ကာ စကားလမ်းကြောင်းလွှဲမှ အငိုတိတ်သွားတော့သည်။ နှစ်နာရီကျော်ကြာ စကားပြောပြီး နောက်မှ၊ စိတ်ချရလောက်သော အခြေအနေရှိမှ ဖုန်းချနိုင်၏။ စိတ်ညစ်လာလျှင် အချိန်မရွေး ခေါ်ဖို့ရန်လည်း မှာရသေးသည်။ ကိုယ်ရောက်စက လည်းဒီလိုပါပဲလေ။ ညီမလေးလိုတော့ စကားပြောရမည့် အဖော်မရှိခဲ့။ အိမ်ကို ဖုန်းမကြာမကြာ ဆက်ဖို့ရန်လည်း စရိတ်မတတ်နိုင်။ ကြာလာတော့လည်း နေသားကျသွားသည်ပဲလေ။ ခုတော့ နေသား အကျလွန်၍ တခါတလေ အမေကတောင် ဖုန်းဆက်ကြဲလွန်းလို့ ဆူနေသေးသည်။
ဒါပေမယ့် အခု ညီမလေးရောက်လာပြီးမှ အိမ်ကို ဖုန်းပြန်ဆက် မှန်လာရသည်။ ကိုယ့်အကြောင်း ပြောဖြစ်တာထက် ညီမအကြောင်း သတင်းပို့ရတာ များပါသည်။ အမေကတောင် ချီးကျူးနေသေးသည်။ ငါ့သမီးကြီး အစ်မကောင်း ပြီသပါပေတယ် တဲ့…။ အစ်မနေရာကတော့ သူတာဝန်ကျေကောင်း ပါသည်။
xxxx
နေရာ။ ။ရုံးခန်းကျဉ်းကျဉ်းတစ်ခန်း
အချိန်။ ။တနင်္လာနေ့
‘မင်္ဂလာ နံနက်ခင်းပါ’
‘အို ဟယ်လို။ မင်္ဂလာပါ။’
တနင်္လာနေ့။ သံသရာ တစ်ပတ်စပေဦးမည်။ ဒီနေ့မနက် ခြောက်နာရီ အိပ်ရာမှ ထလာရသော နံနက်ခင်းသည် အဘယ်ကဲ့သို့ မင်္ဂလာရှိနိုင် ပါမည်နည်း။ အကျင့်ပါနေသော ပါးစပ်က နှုတ်ခွန်းဆက် စကားထွက်ပြီးမှ မရေမရာ တွေးနေမိသေးသည်။ ဖြစ်နိုင်ရင်တော့ တနင်္လာနေ့ မနက်တွေကို မုန်းလိုက်တာဟု အော်လိုက်ချင်သည်ပေါ့။
ဆယ့်နှစ်နာရီ ထိုးတော့ လုပ်ဖော်ကိုင်ဖက်များက နေ့လယ်စာ အတူလိုက်စားရန် ခေါ်နေသေးသည်။ အပြုံးတ၀က်နှင့်သာ ငြင်းလိုက်ရတော့မည်။ သူတို့နှင့်သာ နေ့တိုင်း အပြင်ထွက်စား ရလျှင် ရသည့်လခလေး ကုန်ရချည်ရဲ့။ တော်တော်လည်း သုံးနိုင်ကြတဲ့ လူတွေဟု စဉ်းစားရင်း အိမ်ကသုတ်သီးသုတ်ပြာ ပြင်လာသော ထမင်းဘူးကို ဖွင့်သည်။ ထမင်းဘူးထဲမှာ အမေပို့ပေးသော ငါးပိကြော်နှင့် သူကိုယ်တိုင် ကြော်လာသော ကြက်ဥကြော် တစ်လုံး။ ဘေးဘီကို ကြည့်ပြီးနောက် ဘယ်သူမှ မရှိမှန်း သေချာသည့် အခါ ထမင်းဘူးကို မိုက်ကရိုဝေ့ဖ်ထဲ ထည့်နွှေးလိုက်သည်။ ငါးပိကြော်က အနံ့သင်း၍ လာသည်ကို ရှူရှိုက်ရင်း ဘယ်သူ့ကိုမျှ ဂရုမစိုက်တော့။ မနက်စာ လွတ်ခဲ့သော ဗိုက်က ဆာလှပြီ။
အချိန်ကို စောင့်လျှင်ကုန်ခဲလှသည်။ ကျောင်းမှာ သင်ခဲ့သော စကားပုံတချို့ ကိုတောင် ပြန်သတိရ ချင်လာသည်။ ဘာတဲ့…. ထမင်းကို စောင့်က အကျက်နှေး၊ ရေကို စောင့်က အတက်နှေး တဲ့…။ အခုလည်း ငါးနာရီကိုစောင့်က နာရီနှေး။
တစ်ခါကြည့် ငါးမိနစ်နှင့် နောက်ဆုံးတော့လည်း ငါးနာရီထိုးသွား ခဲ့ပြီ။ နေ့လည်စာစားချိန်မှ ငါးနာရီခန့်လွန်ခဲ့ ပြီမို့ ဗိုက်လည်း ဆာလှပြီ။ လေးနာရီခွဲ ကတည်းက ပြန်သည့်လူများ ပြန်သွားကြပြီမို့ အလုပ်ခန်းက ရှင်းစပြုနေပြီ။
‘သြော်…ဒါနဲ့ မင်းကို အကောင်းဆုံး လုပ်သားဆုပေးဖို့ ငါရွေးချယ်ပေးထားတယ်။’
ကြီးကြပ်သူက ပြောလာတော့ သူစိတ်ထဲမှာ ချက်ချင်းတွေး မိသည်။ ဆုငွေဘယ်လောက် ပေးမှာလဲ မသိဘူး ဟူ၍…။ ဒါပေမယ့်လည်း ပါးစပ်ကတော့ ကျေးဇူးတင် ပါတယ်။ အားလုံးရဲ့ ကူညီမှုကြောင့် ဒီလိုလုပ်နိုင် တာပါပေါ့။ အင်း….ဆုငွေလေး လောက်လောက်လားလား ပေးရင် ဒီလအတွက် ငွေပိုလေး စုနိုင်ကောင်း ပါရဲ့။
ဒီလိုဆိုတော့လည်း သူဟာ အလုပ်သမားကောင်း တစ်ယောက်အဖြစ် အများအမြင်မှာ ရှိနေသည်ပေါ့။ အချိန်မှန်၊ တာဝန်သိ၊ ရိုးသားတဲ့ အလုပ်သမားလေး တစ်ယောက်ပေါ့။ သူ တိတ်တိတ်ပြုံးလိုက်သည်။
xxx
နေရာ။ ။ရထားတွဲ
အချိန်။ ။ငါးနာရီ ငါးဆယ့်ငါး မိနစ်
ရထားပေါ် ရောက်တော့ ညနေခြောက်နာရီထိုး တော့မည်။ နေ့တစ်နေ့၏ နိဂုံးအဆုံးသတ်ချိန်ကို သူအမျှော်လင့်ဆုံး။ ပစ္စည်းအားလုံးကို မငြီးမငြူ သယ်ဆောင်ပေးသော သူ၏အိတ်ကို ဖွင့်လိုက်သည်။ အိတ်အပေါ်ဆုံးမှာ ကုန်နေပြီဖြစ်သော ထမင်းဘူး။ ပြီးတော့ စာအုပ်များ။ စာအုပ်များ၏ အောက်မှာမှ သူရှာနေသော ခရီးဆောင် သီချင်းစက်နဲ့ နားကျပ်။ ဘယ်ညာ မမှားအောင် ကြည့်၍ နားကျပ်ကို တပ်လိုက်သည်။ ခပ်ပြင်းပြင်း သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်တော့ သူဘာလဲဆိုတာ ခဏမေ့သွားသည်။ ဒီအချိန် တဒင်္ဂမှာ သူဘာမှ ဖြစ်စရာ မလိုပါ။
ရထားဆိုက်တော့ လမ်းမီးများ ထွန်းစပြုပြီ။ နေ၀င်သွားသည်ကို သူမမီလိုက်ပါ။ သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ညီးဆိုရင်း ရောက်တတ်ရာရာ စဉ်းစားရင်း လျှောက်နေကျလမ်း အတိုင်းလျှောက်ခဲ့သည်။ မနေ့က အတန်းအကြောင်း သတိရသည်။ သူမသင်ချင်သော စာတချို့ကို ကြိုးစားပမ်းစား အားသွန်ခွန်စိုက် အင်တိုက်အားတိုက် ကျက်မှတ်လေ့လာ ဆည်းပူး ပြီးနောက် အတန်းထဲတွင် သူအမှတ်အများဆုံး ရခဲ့သည်။ ကိုယ့်ကိုယ်ကို အထင်ကြီးချင် သလို။ ဟုတ်သည်လေ…။ ကိုယ်မကြိုက်သော အရာတစ်ခုမှာ တော်အောင် ကြိုးစားရတာ လွယ်တာမှတ်လို့။
တိုက်ခန်းတံခါးဝကို လှမ်းမြင်ရတော့ ဘေးအိတ်ထဲမှ သော့ကို စမ်းမိသည်။ သူအမျှော်လင့်ဆုံး အချိန်ကို ရောက်တော့မည်။
Xxx
နေရာ။ ။တိုက်ခန်းတစ်ခန်း
အချိန်။ ။ခုနစ်နာရီ ဆယ်မိနစ်
ထမင်းအိုးထဲမှာ ထမင်းရှိနေသည်။ သူပျော်သွားသည်။ ဒါဆို ထမင်းချက် စရာမလိုတော့။ တနေ့ညက ၀ယ်ထားသော ခပ်ပေါပေါ တရုတ်ဟင်း တစ်ခွက်ကို မိုက်ကရိုဝေ့ဖ်ထဲမှာ နွှေးပြီးနောက် ညနေစာတစ်ခွက် ရပြီ။
ထမင်းစားပွဲပေါ်မှာ အသင့်နေရာယူ ထားပြီးသော ခရီးဆောင် ကွန်ပျူတာကို ဖွင့်သည်။ Microsoft Word ကိုဖွင့်သည်။ ဗမာစာရိုက်ရန် Font တစ်ခုကို ရွေးပြီးနောက် သူထမင်းသာ ဆက်စားဖြစ်သည်။ ဖန်သားပြင် ဖြူဖြူကို ကြည့်ရင်းသာ ထမင်းဝါးနေမိ၏။ သူဆုပ်ကိုင် ခြယ်လှယ်နိုင်သော အချိန်ကို ရောက်ပြီ။ သူ့ဇာတ်လမ်းကို သူရေးနိုင်သည်။ သူလိုချင်သည်ကို ဖန်တီးနိုင်သည်။ သူဖြစ်စေချင် အတိုင်းဖြစ်လို့ ရမည်။ ပုံသွင်းထားသော ဇာတ်ကွက်တစ်ခု မဟုတ်။ နေရာ ချထားပြီးသော အစီအစဉ် တစ်ခုမဟုတ်။ မလုပ်ချင်သော အပိုင်းကို လုပ်စရာ မလို။ မသိချင်သော အရာကို မှတ်စရာ မလို။ ဒီအချိန်မှာ သူသည် ဇာတ်ရုပ်တစ်ရုပ် မဟုတ်။
ဒါပေမယ့်………..။ ဒီဇာတ်ကို သူနိုင်မှာလား။ ဒီကကွက်ကို သူမသိ။ အချိန်အတန်ကြာ သူဘာမှ မရေးမိ။ ပြင်ပကမ္ဘာကို သူရောက်နေတာလား။ သူ…………..အဆုံးကို မရေးမိတော့…။
Wednesday, 5 March 2008
ငပျင်း ပုံရိပ်
အားလုံးသိကြတဲ့ အတိုင်း ပုံရိပ်တစ်ယောက် အသစ်မတင်တာ ကြာနေပြီ။ အလုပ်တွေများလို့ပါလို့ ဆိုချင်ပေမယ့် အလုပ်မများနေတဲ့ အခါရော ဘာလုပ်နေပါသလဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါတယ်။ အလုပ်အားတဲ့ အခါ စာရေးရတာထက် လွယ်ကူတဲ့ အလုပ်ကို လုပ်နေတာကိုး။ ဒါလည်း ထည့်ပြောဦးမှပေါ့လေလို့ ကိုယ့်ကိုယ်ကို ဆုံးမမိပါတယ်။ စာဖတ်ရတာက စာရေးရတာထက် လွယ်တယ် မဟုတ်လား။ သူတပါး ဖန်တီးထားတဲ့ အရာကို ခံစားနားလည် ရတာက ကိုယ်ကိုယ်တိုင် ဖန်တီးရတာထက် လွယ်တာပေါ့။ အားတဲ့အခါ ရုပ်ရှင်လေးကြည့်လိုက်၊ စာလေးဖတ်လိုက်နဲ့ ပုံရိပ်စိတ်ကူးထဲမှာ ရှိနေတဲ့ စကားလုံးတွေ မှိန်မှိန်သွားပါတော့တယ်။ တခါတလေတော့လည်း ရေးချင်စိတ်ပေါ်လာမိသား။ အဲ….ရေးချင်စိတ် သည်းထန်တဲ့ အချိန်ကတော့ မအားတဲ့ အချိန်ပေါ့။
ဆင်ခြေတွေ ပေးတာ များပြီ။ ပို့စ်သာ တင်ပါတော့လို့ ကိုယ့်ကိုယ်ကို ဆုံးမရင်း ဒီစာတိုလေးကို ရေးလိုက်ပါတယ်။ စာရှည်တစ်ပုဒ်ကတော့…… ဟဲ...ဟဲ... ခေါင်းထဲမှာ ပဲရှိသေးတယ်....။
Monday, 28 January 2008
ပြတင်းပေါက်
သူ့အိမ်မှာ ပြတင်းပေါက်တွေသာ မရှိဘူးဆိုလျှင် အိမ်ထဲသို့ ပြန်ကြည့်ဖြစ်လိမ့်မည် မဟုတ်ပါ။
ပြတင်းပေါက်များကို သူနှစ်သက်ပါသည်။ ငယ်ငယ်က နေဖူးသော အိမ်တိုင်းမှာ ပြတင်းပေါက်များစွာ ပါသည့်အတွက် မေမေ့ကို ကျေးဇူးတင်ရပါလိမ့်မည်။ မေမေသည် သူ့နည်းတူ ပြတင်းများစွာ ပါသောအိမ်ကိုသာ ရွေးချယ်ခဲ့သည်ချည်း။ လေ၀င်လေထွက် ကောင်းသော၊ လင်းကျင်းသော၊ မှောင်ရိပ်များ နည်းသော အိမ်မျိုးတွင်သာ သူနေခဲ့ဖူးသည်။ အိမ်သုံးခါပြောင်းဖူးသည့် အနက် ဒုတိယအိမ် မှာမြစ်နှင့်နီးသည်။ ညနေစောင်းလျှင် မြစ်ကိုဖြတ်၍ တိုက်လာသော လေကို ပြတင်းပေါက်များမှ တဆင့်သူတို့ မောင်နှမတတွေ အားပါးတရ ရှုရှိုက်ခဲ့ဖူးသည်။ ဒီလိုမှ အသက်ရှုဝတာဟု မေမေက ကျေနပ်စွာ မကြာခဏ ပြောဖူးသည်။ ပြတင်းပေါက်များလျှင် လေကောင်းလေသန့် ရသည်ဟု သူမှတ်ချက်ချ ခဲ့မိသည်။
ထူးခြားစွာပဲ ထိုအိမ်၏ ပြတင်းပေါက်များမှာ လူတစ်ရပ်နီးပါးမျှ ရှည်လျားလေသည်။ ထိုပြတင်းပေါက်များနှင့် အပြိုင်ရှည်လျားသော အပြာနုရောင် ခန်းဆီးများကိုလည်း သူမှတ်မိနေသည်။ ထိုအချိန်ကတည်းက ပြတင်းပေါက်ဘောင်တွင် ထိုင်ကာ အပြင်ကိုငေးကြည့်ဖူးသည်။ ညနေခင်းတွင် ပြေးလွှား ကစားနေသော အိမ်နီးချင်း ကလေးငယ်များ၊ ထမင်းချိုင့် ခြင်းတောင်း ကိုယ်စီဖြင့် အလုပ်ပြန်လာသူ အချို့၊ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်အချို့။ ပြောင်းဖူးပြုတ်သည်၊ မုန့်စိမ်းပေါင်းသည် တို့ဖြစ်မည် ထင်သည်။ လမ်းထိပ်နားမှ ဗယာကြော်သည်နှင့် မုန့်ဟင်းခါးသည်တို့ ကိုလည်း လှမ်းမြင် နေရသည်။ မသဲကွဲသော်လည်း ခပ်နွမ်းနွမ်း အ၀တ်အစားနှင့် အသက်ငါးဆယ် အရွယ်ခန့် အမျိုးသမီးတစ်ယောက် မုန့်ဟင်းခါးရောင်းသည် ကိုမြင်နိုင်သည်။ မြင်ရဖန်များတော့ လမ်းမှာထိပ်တိုက်တွေ့လျှင်တောင် သူပြုံးပြမိသည်။ အမျိုးသမီးကြီးကတော့ သူ့ကို မသိ။
ဒီလိုနဲ့ သူကြီးပြင်းလာတော့၊ နေရာ အနှံ့ကိုပြောင်းရတော့ ပြတင်းပေါက်များစွာမှ ကြည့်ဖူးလာသည်။ ပျင်းရိဖွယ်နေသာသော နေ့လယ်ခင်းများ၊ အိမ်ခေါင်မိုးများ အငွေ့ထောင်းထောင်းထ လောက်အောင် ပူပြင်းသော နွေ၏နေ့ရက်များကို သူစောင့်ကြည့်ဖူးသည်။ မိုးစက်များ ဖွာကနဲ လွင့်စင်သွားအောင် ပြင်းထန်လှသော မိုးရာသီများကို ပြတင်းပေါက်မှ တဆင့်ဖြတ်ကျော် ခဲ့ဖူးသည်။ လရောင်အောက်မှာ တလက်လက်ထ နေသော နှင်းပြင်နှင်းလွှာကြီး ကိုလည်း သူ့အခန်းကျဉ်းကျဉ်း တစ်ခုတည်းသော ပြတင်းပေါက်မှ ငေးကြည့်ခဲ့ဖူးသည်။
အပြင်မှာ တည်ရှိနေသော သဘာဝကိုသာမကပါ။ ဖောက်ပြန်သော၊ ရိုးသားသော၊ သစ္စာရှိသော၊ ခိုးကြောင်ခိုးဝှက် နိုင်သော၊ ရဲရင့်သော၊ ဖြောင့်မတ်သော၊ ရင်ခုန်ဖွယ် ကောင်းသော၊ စိတ်ပျက်ဖွယ် ကောင်းသော စသည်စသည်ဖြင့် လူအမျိုးမျိုးတို့ကိုလည်း ပြတင်းပေါက်ကြောင့် သူကြည့်ခဲ့ဖူးပြီ။ မကြည့်ချင်သော်လည်း မြင်ခဲ့ဖူးပြီ။ လူတို့သည်လည်း ရာသီဥတု ပမာ၊ သဘာဝတရားကြီး ပမာ အမြဲပြောင်းလဲ နေပါလားဟု ပြတင်းမှ တဆင့် သူတွေးခဲ့ဖူးသည်။
တစ်နေ့တော့ သူမမြင်ဖူးသော မြင်ကွင်းကို သူ့ပြတင်းမှ တဆင့် မြင်တွေ့လိုက်ရသည်။ အဲဒီနေ့က သူ့အိပ်ခန်းပြတင်းပေါက် နားမှာ ရပ်၍ သူငယ်ချင်းတစ်ယောက် လာအကြိုကို စောင့်နေခဲ့သည်။ ထူးခြားတာကတော့ သူအဲဒီနေ့က အိမ်ထဲဖက်မှ အပြင်ကို ကြည့်ခြင်း မဟုတ်။ အိမ်ပြင်မှာ ရပ်လျက်က ပြတင်းပေါက်မှ အိမ်ထဲကို ကြည့်ခြင်း ဖြစ်သည်။
ဝါမှိုင်းမှိုင်း နံရံများဖြင့် အခန်းကျဉ်း တစ်ခန်း။ ထိုအခန်း၏ ညာဖက်တွင် အ၀တ်များဖြင့် တိုးလို့တွဲလောင်း ဖြစ်နေသော အ၀တ်ခြင်းတစ်ခြင်း။ မလှမ်းမကမ်းမှာ သောက်လက်စ ဖန်ခွက်များ၊ ကော်ဖီခွက်များ၊ ဆေးလိပ်တို အစများဖြင့်ပွနေသော စားပွဲတစ်လုံး။ ထိုစားပွဲဘေးမှာမှ ခပ်ကြေကြေဖြစ်နေသော၊ မခေါက်ရသေးသော စောင်နှစ်ထည်ဖြင့် အိပ်ယာတစ်ခု။ အိပ်ယာဘေး နံရံကို မြင်ရအောင် နေရာပြောင်း၍ ကြည့်တော့ နံရံပေါ်မှ ပိုစတာမှာ အနည်းငယ် စောင်းရွဲ့၍ နေသည်။ ပြတင်းပေါက်မှ မြင်ရသော သူ့အခန်းမှာ ကြည့်ချင်စဖွယ် သိပ်မရှိလှ။ ပြင်ရဦးမည်။ အမြင်မတော်သည်များကို ပြင်ရဦးမည်။ အပြင်ထွက်ကြည့်မှ မြင်ရသော အလွဲများနှင့် အခန်း။ အလွဲများဖြင့် နေနေသော်လည်း နိစ္စဒူဝ ကိစ္စများဖြင့် နေသားကျလျက် ရှိသောသူ။
ထိုအချိန်မှာ သူငယ်ချင်းရောက်လာသည်။ မပြင်ဆင်ရသေးသော သူ့အခန်းကို သူငယ်ချင်း မတွေ့ခင်မှာပင် ကတိုက်ကရိုက် ဆွဲခေါ်လာခဲ့ မိတော့သည်။
Wednesday, 16 January 2008
ကျွန်မနှင့် သစ်ပင်လေးများ
အပင်များကို ကြည့်၍ ကျွန်မ ရူးဖူးပါသည်။ တမျိုးမထင်စေ လိုပါ။ စာအုပ်ရူး ရူးကြသလို၊ ပန်းချီရူး ရူးကြသလို ကျွန်မလည်း အပင်ရူးရူးဖူး ပါသည်။ မြေပဒေသာကျွန်းတွင် နှစ်တိုင်း လိုလို ရှိတတ်သော ပန်းပြပွဲ သွားတိုင်း ကျွန်မ နှင်းဆီပင်များကို အလွန်အမင်း လိုချင်ခဲ့ဖူးသည်။ မေမေ့ကို ပူဆာတော့ မေမေက နှင်းဆီပင်ဆိုတာ စိုက်ရခက်တယ်၊ ၀ယ်ပြီး မကြာခင် သေမှာပဲ ဟုကန့်ကွက်ခဲ့သည်။ နောက်တော့ ကျောက်နှင်းဆီ ဆိုလား၊ အပင်ငယ်လေးများကို တွေ့ပြန်သည်။ ဒါပေမယ့် အဲဒီတုန်းက မေမေက ဘယ်အပင်မှ ၀ယ်မပေး။ သမီး ဂရုစိုက်နိုင်မှာ မဟုတ်ဘူးဟု ဆိုတော့ ကျွန်မမှာ မကျေမနပ် ဖြစ်သော်လည်း ငြိမ်နေလိုက်ရသည်။
ပထမဆုံး ကျွန်မ ပိုင်ဆိုင်ဖူးသော သစ်ပင်လေးကို မှတ်မိနေပါသည်။ cactus ဟုအင်္ဂလိပ်လို ခေါ်သော ကန္တာရပင်လေး ဖြစ်သည်။ အပင်အရွယ်မှာ သေးငယ်ပြီး အမြင့်မှာလည်း နှစ်လက်မ သာသာမျှသာ။ ထိုအပင်လေးကို ဖေဖေနှင့်မေမေ က၀ယ်ပေးသည်ဟု မှတ်မိနေပါသည်။ ကျွန်မစာမေးပွဲတွင် အဆင့်ကောင်းကောင်း ဖြင့်အောင်၍ ထင်သည်။ ကျွန်မအပင်များကို ချစ်၍ အပင်တစ်ပင်လိုချင် နေတာ ကြာပြီမို့ ထိုအပင်လေးကို ရတော့ အလွန်ပျော်သွားခဲ့သည်။ အဲဒီတုန်းက ကျွန်မ ခြောက်တန်းဖြစ်မည်ထင်၏။
အပင်ရပြီး ကာစမှစ၍ ကျွန်မ အပင်လေးကို အရိပ်တကြည့်ကြည့်လုပ် ရသည်မှာ အမော။ ဆူးသေးသေးလေး များပါပြီး ပြန့်ကားတုတ်ခိုင်သော အခက်အလက်များကို ကြည့်ရသည်နှင့်ပင် ပျော်နေမိသည်။ ကျွန်မ အခန်းမှာ နေရောင်ဝင်သော ပြတင်းပေါက်ပေါင် ပေါ်တွင် အပင်လေးကို တင်ထားလိုက်သည်။ ထို့နောက် မနက်တစ်ခါ ညတစ်ခါ ရေမှန်မှန်လောင်း ပေးသည်။ ကျွန်မ မိဘများကလည်း အပင်ကို ဘယ်လို ဂရုစိုက်ရမည် ဟူ၍ မပြောပြ။ မကြာခင်မှာပင် ထိုအပင်လေး သေသွားခဲ့သည်။ ထိုအခါမှ မေမေကို ပြောပြတော့ မေမေက ရေအလောင်းလွန်တာ ဖြစ်မှာပေါ့ဟု မှတ်ချက်ချသည်။ ကန္တာရပင် ရေအများကြီး မလိုအပ်သည်ကို ခပ်ချာချာ ခြောက်တန်း ကျောင်းသူကျွန်မက မသိ။ မေမေ ပြောတာ မှန်ပါလိမ့်မည်။ အမြစ်ကလေးများ ပုပ်၍ပင်နေသည်။ ကျွန်မကတော့ အပင်သေလေးကို ကြည့်ကာ နှမြောမဆုံး။
ဒုတိယ အပင်ကတော့ ငရုတ်ပင်ကလေး တစ်ပင်။ ကျွန်မတို့အိမ် မြို့ထဲ တိုက်ခန်းမှာမို့ အပင်များ အတွက် နေရာ မရှိလှ။ ဒါပေမယ့် အိမ်ရှေ့ပန်းအိုး ထဲမှာ ငရုတ်ပင်လေးတစ်ပင် စိုက်ထား၏။ ကျွန်မ အဖွားလေးက စိုက်ခဲ့သည် ထင်သည်။ နောက်တော့ ကျွန်မကို တာဝန်ပေးလိုက်သည်။ တခါတရံ ငရုတ်သီးများ သီးလျှင် ခူး၍မေမေ့ကို ဟင်းချက်ဖို့ ပေးရသည်။ ထို့နောက် ထမင်းပွဲတွင် ဒါသမီး အပင်ကသီးတဲ့ ငရုတ်သီးဟု ကြွားနေမိတော့သည်။ ဒီလိုနှင့် အပင်လေးတော်တော် ကြီးလာပြီးနောက် စာကလေးများဆိတ်၍ သေသွားခဲ့သည်။
တတိယ အပင်ကတော့ နွယ်ပင်လေးတစ်ပင်။ ကျွန်မ မွေးနေ့မှာ သူငယ်ချင်းတစ်ယောက်က မွေးနေ့လက်ဆောင် အဖြစ်ပေးခဲ့သည်။ အဲဒီအချိန်မှာ ကျွန်မက အလွန်အလုပ်များ နေပြီမို့ အပင်တစ်ပင်လောက် လိုချင်သော်ငြားလည်း ဂရုမစိုက်နိုင်မှာမို့ မ၀ယ်ဖြစ်ခဲ့။ သူငယ်ချင်းက လက်ဆောင်အဖြစ် ပေးလာတော့လည်း ၀မ်းသာအားရပင် လက်ခံမိပါသည်။ နွယ်ပင်လေးက ခပ်ငယ်ငယ်ပင်။ အစိမ်းရောင်အရွက် အပြောက်လေးများ နွယ်၍ကျနေသော်လည်း နွယ်ကဖြင့် မရှည်လှသေးပါ။ ကျွန်မစာကြည့်စားပွဲပေါ်မှာ ချိတ်ထားလိုက်တော့ ရေလောင်းပေးဖို့ သတိရတတ်ပါသည်။ ကျွန်မအခန်းက နေရောင်မ၀င်လှသည်မို့ နေသာသော ရက်များတွင် သူ့ကို အပြင်ထုတ်ပေးရသည်။ တခါတရံ မေ့နေလျှင် အပင်က သိသိသာသာ ညိုး၍သွားတော့သည်။ ဒီလိုနှင့်ပင် သူ့ခမျာ ကျွန်မလက်ထဲမှာ သက်ဆိုးရှည်မည် ကြံကာမှ ကျွန်မခရီးရှည်တစ်ခု သွားဖို့က ဖန်လာသည်။ ရေလောင်းမည့်သူ မရှိမှာမို့ သူငယ်ချင်းတစ်ယောက်ကို သူ့အား ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ပေးခဲ့သည်။ ကျွန်မကိုယ်တိုင်ပင် သူငယ်ချင်းအခန်းက နေရောင်ကောင်းကောင်း ရသော နေရာကိုရွေးကာ အပင်လေးကို ချိတ်ပေးခဲ့သည်။ ရေမှန်မှန်လောင်း ဖို့လည်းမှာရသည်။
ကျွန်မခရီးကနေ ပြန်ရောက်တော့ သူငယ်ချင်းဆီက အပင်သွားပြန်တောင်းသည့် အခါ သေသွားပြီတဲ့။ ကျွန်မစိတ်တော်တော် ညစ်သွားသည်။ ရေမှန်မှန်မလောင်းဘူးလား ဟုသူ့ကို မေးတော့ သူက အခန်းပြောင်းရင်း အထုပ်အပိုးများနှင့် တိုက်မိကာ ပန်းအိုးပြုတ်ကျပြီး ကွဲသွားခဲ့သည်တဲ့။ အဲဒီနောက်တော့ အပင်ပါသေသွားခဲ့သည်တဲ့။ သူငယ်ချင်းက သူပြန်ဝယ်ပေး ပါရစေလို့ ဆိုတော့ နေပါစေတော့ဟုသာ ငြင်းခဲ့ရသည်။ ကျွန်မလက်ထဲမှာ အပင်တစ်ပင်မှ အသက်မရှည်နိုင် ပါလား။
မကြာခင်ကပင် ကျွန်မအတွက် အပင်တစ်ပင် လက်ဆောင်ရလာပြန်သည်။ မမျှော်လင့်ပဲ ရောက်လာသော လက်ဆောင်ထုပ်ကို ဖွင့်ကြည့်လိုက်တော့ အပင်တစ်ပင်ကို တွေ့ရ၏။ ပိုပြီးအံ့သြရ ပြန်သည်။ အပင်လေးမှာ ပျိုးကာစပင် ဖြစ်မည်ထင်၏။ အိမ်တွင်းစိုက် အပင် အမျိုးအစား ဖြစ်ပြီး အရွက်အနည်းငယ်သာ ထွက်သေးသည်။ ကျောက်စရစ်ခဲများနှင့် ပန်းအိုးကျကျနန ပါတော့ စာရေးစားပွဲပေါ်မှာ လှလှပပတောင် စိုက်လို့ရ၏။ စက္ကူဘူးခွံထဲမှ ထိုအပင်လေးကို ထုတ်ပြီး ကျွန်မစားပွဲပေါ်သို့ တင်ထားလိုက်သည်။ ဒီတခါတော့ ရေအလောင်းလည်း မလွန်စေရတော့၊ နည်းလည်းမနည်း စေရတော့။ နေရောင်ကောင်းကောင်း ရဖို့လည်း သတိထားရမည်။ အိမ်တွင်းမှာ စိုက်မည်ဆိုတော့ ဆိတ်နိုင်မည့် စာကလေးရန်ကိုလည်း မပူရ။ တိုက်ချပြီး ပန်းအိုးကို ခွဲမပစ်ဖို့တော့ သတိထားရမည်။ အင်း……အပင်တစ်ပင် ရှင်ဖို့ဆိုတာ အကျိုးအကြောင်း ညီညွတ်တိုက်ဆိုင်မှ၊ နေရေလေ မျှတမှ ပါတကား။
