Thursday, 2 August 2007

စာရေးသူ၏ အတုံးကြီး

ကွန်ပြူတာ စာမျက်နှာ ဖြူဖြူကို ငေးကြည့်တာ ကြာပြီပဲ။ ညာဘက်ထောင့်က အချိန်ကိုပြနေသော ဂဏန်းတွေကို ကြည့်မိတော့ ညသန်းခေါင်ကျော် တော့မည်။ ရေးစရာ ဘာမှမထွက်။ ဒေါသတော့ ထွက်လာသည်။ ရေးချင်သော စိတ်က အလွန်ကြီးစိုးနေ သော်လည်း ကုန်ကြမ်းမရှိ။ မရှိသော အကြောင်းအရာကို စကားလုံးတွေနဲ့ ဖော်ပြလို့ ရပါသလား။ ကိုယ်ဘာရေးချင်မှန်း မသိဘဲနဲ့ စာရေးလို့ ရပါသလား။ စဉ်းစားလွန်းတော့ ဦးနှောက်တွေ ပူလာသည်။ စိတ်အပြောင်းအလဲ ဖြစ်အောင် ကော်ဖီလေး တစ်ခွက်လောက် တော့ဖျော်ဦးမှ။

စဉ်းစားနေတာ ဘယ်လောက်ကြာ သွားသည် မသိ။ ရေနွေးဆူသံ တပွက်ပွက်ကြားမှ သတိပြန်ဝင်လာသည်။ မီးဖိုကို လှမ်းပိတ်လိုက်ပြီး ရေနွေးအိုးကို မီးဖိုပေါ်မှ ချလိုက်သည်။ ရေနွေးက ပူလွန်းသေးတယ်ဟူသော အကြောင်းပြချက်နဲ့ ကွန်ပြူတာရှေ့ကို ပြန်ရောက်လာ ပြန်ပြီ။

မျက်စိရှေ့မှာ အဖြူရောင် သက်သက်…..။ အား…ဘာရေးရမှာလဲ….။ ခေါင်းကိုစုံကုတ် မိသည်။ အနီးကြည့်မျက်မှန်ကို ချွတ်၍ စာရေးစားပွဲ ပေါ်တင်လိုက်၏။ နောက်မှီပေါ် ခဏမှေးပြီး မျက်စိမှိတ် စဉ်းစားဦးမှ။ အင်း ၀တ္ထုရေးရင်ကောင်း မလား။ အချစ်ဝတ္ထု ကောင်းကောင်း တစ်ပုဒ်ပဲ ဖြစ်ဖြစ်။ အချစ်အကြောင်း ကောင်းကောင်းမသိဘဲနဲ့များ ၀တ္ထုရေးချင် သလား။ ကိုယ့်နားထဲ မှာလှောင်ရယ်သံ သဲ့သဲ့ကြား လိုက်သလို။ လူတွေရဲ့ ဘ၀ သရုပ်ဖော် ရေးရကောင်း မလား။ ကိုယ်ရေးတတ်သော အကြောင်းအရာ အချို့မှာ ကိုယ့်ထက် အဆပေါင်းများစွာ သရုပ်ဖော်နိုင်သူများက ရေးခဲ့ကြပြီးပြီ။

ဒါဖြင့် အတွေးအခေါ်ပိုင်းဆန်တဲ့ စာတစ်ပုဒ်လောက် ဆိုရင်ကော။ တွေးရခေါ်ရ တာတွေ များလွန်းပြီ ဆိုတော့ မတွေးချင်တော့ပါ။ ပေါ့ပေါ့ပါးပါး ဟာသစာမျိုး ရေးရင်ရမလား မသိ။ ခုတလော မျက်နှာက ရှစ်ခေါက်ချိုးနဲ့ ဘယ်လိုဖြစ်နေတာလဲလို့ သူငယ်ချင်းတချို့က မေးတာ ခံနေရအောင် စိတ်ကမကြည်သာ။ အာ… မဖြစ်သေး ပါဘူး။ အဲ.. ကဗျာစပ်ရင် ကောင်းမလား။ ဟုတ်ပြီ။ အပြင်ကို လှမ်းကြည့်တော့ ပိန်းပိတ်နေသော အမှောင်ထု တစ်ခုသာ။ မီးရောင်ညစ်ညမ်းမှု မလိုချင်သူများ အတွက်တော့ သဘောကျစရာ။ လမ်းမီးတိုင်က ကိုယ့်ပြတင်းပေါက်မှ တော်တော်လေးလှမ်းသည်။ အမှောင်ထု… အမှောင်တစ်ခု… လကိုထုချေ… ကြယ်တွေကြွေရင်…အဲ… ကြယ်တွေကြွေရင်…။ ဟာ မဟုတ်သေး ပါဘူး။ ဟိုနေ့ကပဲ ကြယ်တွေကြွေပြီး သွားပြီ။ Delete…နဂိုအတိုင်း အဖြူရောင် စာမျက်နှာတစ်ခု။ စိတ်ဓာတ်တော်တော် ကျသွားသည်။ စာရေးဆရာ တစ်ယောက်ရဲ့ ဒုက္ခကို နည်းနည်း ကိုယ်ချင်းစာမိသလို။ စာတစ်ပုဒ်ထွက်ဖို့ ဆိုတာ မလွယ်ပါလား။ အနည်းဆုံးတော့ ကိုယ့်အတွက်ပေါ့လေ။

ထိုင်ရာက ထလာခဲ့သည်။ လမ်းလေးဘာလေး လျှောက်လိုက်ဦးမယ်။ ဒါကြောင့် စာရေးဆရာတွေ ဆေးလိပ်လေး ဖွာလိုက်၊ လက်ဖက်ရည်လေး သောက်လိုက်၊ ရေနွေးကြမ်းလေး၊ အဲ..ဟိုဟာလေး ဒီဟာလေး သောက်လိုက်နဲ့ ရေးတာဖြစ်မယ်။ ဟောတော့.. ကော်ဖီ။ ကော်ဖီသောက်ဖို့ ဖျော်ထားတာလေ။ မီးဖိုထဲကိုယ်ပြန်ဝင်လာပြီး ရေနွေးအိုးကို စမ်းကြည့်တော့ အေးစက်၍ နေပြီ။ အင်း…. ရေနွေးပြန်တည် ဦးမှ။

3 comments:

naing said...

ရေနွေး ပြန်တည် ဦးမှ ။

ကလိုစေးထူး said...

အဲဒါမျိုး ကျနော် ခဏခဏ ဖြစ်ဖူးတယ်။ ကျနော် နေ့လည် အလုပ်လုပ်ချိန်တွေဆိုရင် ညနေ ငါအိမ်ပြန်ရောက်ရင် ဘာရေးရပါ့ ဆိုပြီး အမြဲစဉ်းစားတယ်။ တခါတလေများဆိုရင် စာရွက်မှာတောင် ချရေးလိုက်မိသေးတယ်။ :D အကြမ်းပေါ့…။ တွေးမိတဲ့ စိတ်ကူးလေး ပျောက်သွားမှာ စိုးရိမ်တာ။ အဲဒီလို တွေးထားရင်းနဲ့တောင် တကယ့်တကယ်တမ်း ရေးတဲ့ အချိန်ကိုလဲ ရောက်ရော အဆင်ပြေတဲ့ စာလုံးတွေက တခုမှ စာမျက်နှာပေါ် ချရေးလို့ မရတာတွေ ဖြစ်လာပါလေရော…။ အဲဒါနဲ့ပဲ စာရေးလို့ မရတဲ့ အကြောင်းကို ပို့စ်လုပ်ပီး နှစ်ခါလားမသိ။ တင်ဖူးသေးတယ်။ အခု ပုံရိပ်ရေးသလိုပေါ့။ :P
တခါတလေကျပြန်တော့လည်း ရေးမယ်လို့ ဘာမှ မရည်ရွယ်ရပါသေးပဲနဲ့ အတွေးစ တခု ရလိုက်တာနဲ့ စက်ရှေ့ကို ချက်ချင်းပြေးသွားပြီး ကမန်းကတန်း ရိုက်လိုက်တာ စာတပုဒ်ကို နာရီဝက်တောင် မကြာလိုက်ဘဲ ရေးလို့ ပြီးသွားဖူးတယ်။ ဥပမာ…မှန်ရှေ့ကလူ… ကျနော် ဆိုတဲ့ ပို့စ်..။
ခံစားချက်တူနေလို့ ကွန်မန့်လျှောက်ရေးနေတာ တော်တော် လေကြောရှည်မိနေပြီ။ :D

ပုံရိပ် / Pon Yate said...

naing.. ရေနွေး အိုးလေး မအေးစေနဲ့ ပေါ့
ကိုစေးထူး အဖြစ်ချင်း တူတဲ့ ကိုစေးထူးရဲ့ ပို့စ်လေး လာရှာ ဖတ်ဦးမယ်။