Monday 26 January 2009

နံရံတို့ အကြောင်း (ဇာတ်သိမ်း)



ဒီလိုနှင့် အနှစ်သုံးဆယ် ကြာခဲ့သည်။ မြို့လေးက ကျောင်းမှာ ထိုနှစ်က မှတ်မှတ်ရရ ဆရာကန်တော့ပွဲ လုပ်ဖြစ်ကြသည်။ ကျောင်းသူကျောင်းသား တော်တော်များများက မြို့ကလေးကို စွန့်ခွာခဲ့ပြီမို့ အားလုံး ပြန်ဆုံခဲလှသည်။ ပြန်ဆုံရန်လည်း စိတ်အားထက်သန် နေကြသည်။ ထိုပွဲသို့ ဦးထွန်းဦးလည်း အရောက်လာခဲ့သည်။ မြို့လေးမှ ထွက်သွားသည်မှာ နှစ်တွေ ကြာခဲ့ပြီ ဖြစ်သော်လည်း သူကျင်လည်ခဲ့သော နေရာများကို မှတ်မိနေသည်။ ကျန်ခဲ့သော သူငယ်ချင်းဟောင်းများကို သတိရသည်။ ထိုသူငယ်ချင်းဟောင်းများ ထဲတွင် ဦးငြိမ်းအောင်ကို သူအမှတ်ထင်ထင် တွေ့ချင် နေမိသည်။ ဦးငြိမ်းအောင်သည် မြို့လေးမှာပဲ နေထိုင်ရင်း နာမည် အသင့်အတင့်ရှိသော စာရေးဆရာ တစ်ယောက် ဖြစ်နေပြီတဲ့။

ထိုညနေက သူငယ်ချင်းများ ဆုံသော ထမင်းဝိုင်းလေးတွင် စကားသံတို့ ဆူညံနေသည်။ တစ်ယောက်အကြောင်း တစ်ယောက်လုမေးရသည်နှင့် ထမင်းပင် ကောင်းကောင်း မစားနိုင်။ တချိန်က သေးသေးသွယ်သွယ် မိန်းကလေးတို့သည် ဒေါင်းတည်မောင်းတည်နှင့် မိန်းမကြီးများ ဖြစ်လာကြသည်။ ယောက်ျားလေး သူငယ်ချင်းများသည်လည်း ထိပ်ပြောင်၊ ဗိုက်ရွှဲများ ဖြစ်လာကြသည်။ ကလေးဘယ်နှစ်ယောက်နှင့် ဘယ်မြို့မှာ အခြေကျနေသည် စသည်ဖြင့် ပြောကြဆိုကြသည်။ ဟိုအရင်က အရိုက်ကြမ်းသည့် ဆရာကြီးများ အကြောင်း၊ ကျောင်းပြေးသည့် အကြောင်း၊ စာမရသည့် အကြောင်းများကို စမြုံ့ပြန်မဆုံးအောင် ရှိနေကြသည်။ လူအုပ်ထဲတွင် ဦးထွန်းဦးနှင့် ဦးငြိမ်းအောင်တို့ တစ်ယောက်ကို တစ်ယောက် ပြုံးပြ နှုတ်ဆက်ကြသည်။ သို့ပေမယ့် စကားမဆိုဖြစ်ကြ။

ညဥ့်နက်လာတော့ လူအုပ်လည်း စဲခဲ့ပြီ။ အချို့သာ ကိုယ့်အုပ်စုလေးနှင့်ကိုယ် စကားဝိုင်းဖွဲ့ ပြောလျက် ရှိကြသည်။ ဒီလိုနှင့် ပန်းကန်တွေ သိမ်းနေသော ဦးငြိမ်းအောင် အနားသို့ ဦးထွန်းဦး ရောက်လာခဲ့သည်။

“ကိုငြိမ်းအောင် ကျွန်တော်တို့ ငယ်ငယ်က ဆုမှားပေးလိုက်တာ သတိရလားဗျ။”

ရတာပေါ့ဗျာ ဟုဆိုကာ ဦးငြိမ်းအောင်က ရယ်နေလေသည်။ ထို့နောက် ကျုပ်လည်း ခင်ဗျားကို မေးမလို့ပဲဟု ဆက်၍ ပြောသည်။

ထိုအခါ ဦးထွန်းဦးလည်း အားတက်လာပြီး အဲဒီညက ကျွန်တော် စဉ်းစားမိတယ်ဗျ ဟုဆိုကာ စကား မဆက်သေးဘဲ ငြိမ်နေပြန်၏။ စက္ကန့် အနည်းငယ် ကြာလာတော့ ဦးငြိမ်းအောင် သည်းမခံနိုင်ဘဲ ဦးထွန်းဦး၏ စကားကို ဆက်ပေးလိုက်သည်။

“တကယ်လို့သာ ဒီဆုက အမှန်ပဲ ဆိုရင်….အဲဒီလို ခင်ဗျား စဉ်းစားတယ် ဟုတ်သလား။”

“ခင်ဗျား ဘယ်လိုလုပ် သိလဲဗျ။”

“ကျုပ်လည်း အဲလိုပဲ စဉ်းစား ခဲ့လို့ပေါ့။”

သူတို့ နှစ်ဦးလုံး အတွေးကိုယ်စီနှင့် ငြိမ်သွား ကြပြန်သည်။ ထို့နောက် ဦးထွန်းဦးက စကားစလာသည်။

“ခင်ဗျားက ကျွန်တော့်ရဲ့ မဖြစ်လိုက်ရတဲ့ ဘ၀တစ်ခုလိုပဲဗျ။ ခင်ဗျားကို ကျွန်တော် အားလည်း အားကျတယ်။ ဒါပေမယ့် ခင်ဗျားလိုမျိုးလည်း သတ္တိ မရှိဘူးဗျ။”

“ကျုပ်က အားကျဖို့လည်း ချန်ထား ပါဦးလေ။ ခင်ဗျားလို နိုင်ငံခြားပြန် အထူးကု ဆရာဝန်ကြီး တစ်ယောက်ရဲ့ ဘ၀ကို ဘယ်သူမဆို လိုချင် ကြမှာပဲ။”

“အဲ.. ဘယ်သူ မဆိုတော့ မဟုတ်လောက်ဘူးဗျ။ ၀ါသနာပါတဲ့ လူပေါ့။ ကျွန်တော် တခါတလေ စဉ်းစားမိတယ်။ ကျွန်တော့်အလုပ်မှာ ကျွန်တော် ပျော်သလား။ ကျွန်တော်လုပ်နေ ရတာတွေကို ပျော်သလားလို့။ တကယ်တမ်းကျတော့ ကျွန်တော် ကိုယ့်အလုပ်ကို ကိုယ်ဝါသနာ မပါဘူးဗျ။ ကျွန်တော်ဟာ လုပ်စရာရှိတာကိုပဲ တစိုက်မတ်မတ် သပ်သပ်ရပ်ရပ် လုပ်နေတယ်။ ပျော်တာတို့ မပျော်တာတို့ ထည့်မစဉ်းစား တော့ဘူး။ လူတွေကတော့ ပြောကြတယ်။ ကျွန်တော်ဟာ ကိုယ်လုပ်တဲ့ အလုပ်မှာ ထူးချွန်တယ်တဲ့။ ကျွန်တော့် အလုပ်ကို ကျွန်တော် သံယောဇဉ် ကြီးရှာတယ်တဲ့။ အမှန်တော့ အဲဒါ ကျွန်တော့် သံယောဇဉ် ကျွန်တော့် အာသီသ မဟုတ်ဘူးဗျ။ ကျွန်တော့်ရဲ့ ဘောင်တွေ။”

“ဘယ်လို ခင်ဗျားရဲ့ ဘောင်တွေ ဟုတ်လား။”

“ဟုတ်တယ်။ ကျွန်တော်ဟာ လုပ်ချင်တာကိုပဲ ဖြစ်စေ မလုပ်ချင်တာကိုပဲ ဖြစ်စေ၊ လုပ်သင့်တယ် ထင်လို့ တစိုက်မတ်မတ် လုပ်ခဲ့တယ်။ ကျွန်တော့် မိဘတွေ အတွက်၊ နောက်လူတွေရဲ့ အထင်ကြီး အားကျမှု အတွက်၊ နောက်တော့ ကျွန်တော့် မိန်းမအတွက်၊ သားသမီးတွေ အတွက် စုံလို့ပေါ့ဗျာ။ အဲဒါအတွက် ကျွန်တော် ကျေနပ်မှု တစ်ခုတော့ ရခဲ့ပါတယ်။ ဒါပေမယ့် လုပ်သင့်တာတွေချည်း လုပ်ခဲ့တော့ ကိုယ်လုပ်ချင်တာ ဘာလဲဆိုတာတောင် မမှတ်မိတော့ဘူး။ အဲဒါ ၀မ်းနည်း စရာပဲ။”

“ခင်ဗျားရဲ့ ဆန့်ကျင်ဖက်ကို ကြားချင်သလား ကိုထွန်းဦး။”

ဦးထွန်းဦးက ခေါင်းကို တွင်တွင်ငြိမ့်ကာ ဆိုပါဦးဟု ပြော၏။

“ကျုပ်က ကိုယ်လုပ်ချင်တာကိုပဲ လုပ်ခဲ့တဲ့ကောင် ဆိုတာ ခင်ဗျား သိပါတယ်။ ကိုယ်စိတ်မ၀င်စားတဲ့ အရာကို လုပ်သင့်တယ် ဆိုတဲ့စိတ်နဲ့ လုပ်ဖို့ ကျုပ်မှာ ခွန်အား မရှိဘူး။ လုပ်ချင်စိတ်လည်း မရှိခဲ့ဘူး။ အဲဒီအတွက် ကျုပ်ဘယ်တော့မှတော့ နောင်တမရခဲ့ဘူး။ ကံကောင်းလို့ပဲလား တကယ်ပဲ စိတ်ပါလက်ပါ လုပ်တဲ့ အကျိုးပဲလားတော့ မသိဘူး။ ကျုပ်လုပ်ချင်တဲ့ နေရာမှာ နာမည်လေး အသင့်အတင့် ရခဲ့တယ်။ စားဝတ်နေရေးလည်း စာမူခလေးနဲ့၊ ခြံစိုက်တာလေးနဲ့ လုံလောက်ခဲ့တယ်။ ကျုပ်ရွေးတဲ့ လမ်းက မပေါများဘူး ဆိုတာ သိလို့ ကျုပ်လေ ဒီနယ်မြို့လေးကနေ မပြောင်းခဲ့ဘူး။ ကျုပ်လက်တွဲမယ့်သူ ကိုလည်း သေချာဆွေးနွေး ပြောပြခဲ့တယ်။ ကျုပ်ကံကောင်း ပါတယ်။ ကျုပ်မိန်းမက ကျုပ်ရဲ့ဉာဉ်၊ ကျုပ်ရဲ့ ၀ါသနာကို ဘယ်တော့မှ မဝေဖန်ခဲ့ဘူး။ အမြဲပဲ တန်ဖိုးထားခဲ့တယ်။ ကျုပ်တို့မှာ သမီးလေး တစ်ယောက်ရှိတယ်ဗျ။ သူ့ကို မွေးလာတော့မှပဲ ကျုပ်လောဘ ဆိုတာ နားလည် သလိုလို ရှိလာခဲ့တယ်။ တခြား မိဘတွေလိုပဲ သူ့ကို အကောင်း ဆုံးကျောင်းတွေမှာ ထားချင်တယ်။ အကောင်းဆုံး အခွင့်အလမ်းတွေ ပေးချင်တယ်။ ဒီအချိန်မှာ လုပ်သင့်တာ တချို့ကို လုပ်ရတော့မယ်လို့ ကျုပ်စဉ်းစား မိလာတယ်။ ဒါပေမယ့် ကျုပ်မတတ်နိုင်ခဲ့ဘူး။ ကျုပ်တို့ ဘ၀လေးနဲ့ ကျုပ်တို့ ပျော်ပါတယ်။ တခါတလေ မှန်းဆပြီး အားကျမိတဲ့ စိတ်ကလေးတော့ ဖြစ်မိတယ် ဆိုတာ ၀န်ခံရမှာပေါ့။”

“လောကကြီးမှာ ခင်ဗျားလို လူတွေများလား၊ ကျွန်တော့်လို လူတွေများလားလို့ ကျွန်တော် တခါတလေ စဉ်းစားမိတယ် ကိုငြိမ်းအောင်။ ကျွန်တော်တို့ နှစ်ယောက်ကြားထဲက လူတွေလည်း တွေ့ဖူး ပါရဲ့။ ပြီးတော့ လုပ်ချင်တာရော လုပ်သင့်တာပါ လုပ်နိုင်တဲ့လူ တွေ့ဖူးတယ်။ နောက် လူတမျိုးလည်း တွေ့ဖူးသေးတယ်ဗျ။ ကျွန်တော့် ဆေးရုံက ဆရာဝန်လေး တစ်ယောက်။ မင်းဘာဝါသနာ ပါလဲ ဆိုတော့ မသိဘူးတဲ့ဗျ။ ဒီဆရာဝန် အလုပ်ကိုရော ဆိုတော့ မသိပါဘူး ဆရာရယ်၊ အမေက လုပ်ခိုင်းလိုက်တော့လည်း လုပ်လိုက်တာပဲ တဲ့။ အဲ… အဲဒါလည်း ခပ်ကောင်းကောင်းပဲ ထင်တယ်။ ကိုယ်ချစ်တာ ဘယ်သူလဲ မသိတော့ မိဘပေးစားတာပဲ ယူလိုက်တဲ့ လူတွေလို ရည်းစားဟောင်းကိုလည်း လွမ်းနေစရာ မလိုတော့ဘူး ပေါ့ဗျ။”

သူတို့နှစ်ယောက်လုံး ရယ်ဖြစ်ကြသည်။ ဦးထွန်းဦးက ရယ်ရင်းမှ

“အဲဒီတော့ ကျွန်တော့် သားသမီးတွေကို ဘာဆုံးမရမလဲ ဆိုတာကိုပဲ ကျွန်တော်တွေး နေမိတယ်။ မင်းတို့ ကိုယ်လုပ်ချင်တာကို ဦးစားပေးကြလို့ ပြောရမလား၊ လုပ်သင့်တာကိုပဲ ဦးစားပေးကြလို့ ပြောရမလား။”

အဲဒီညက သူတို့ အတော်ညဥ့်နက်တဲ့ အထိ စကားပြောဖြစ်ကြသည်။ အဖြေထုတ်ဖို့ မကြိုးစားသော်လည်း တစ်ယောက်စကားမှ တစ်ယောက် အဖြေကို ရှာဖြစ်ကြသည်။ နောက်နေ့ မနက်မှာတော့ ကိုယ့်ဘ၀ထဲသို့ ကိုယ်ပြန်ကြရလေသည်။

xxx

အဘက စကားပြောရမှာ မောလာသည့်ဟန်ဖြင့် ခဏရပ်၍ နေသည်။

“ပုံပြင်က ဒါပဲလား အဘ။”

သူအားမရ သလိုမေးတော့ အဘက သာသာလေးရယ် နေ၏။

“နေဦး အဲဒီထဲမှာ အဘ ကြိုက်တဲ့ စကားလေး တစ်ခွန်းရှိတယ် ကွဲ့။ အဲဒီ စကားကတော့ ဒီလို။ ဘ၀ဆိုတာ ကျဉ်းကျုတ်တဲ့ဘောင်တွေနဲ့ အခန်းငယ် တစ်ခု မဟုတ်သလို၊ အကန့်အသတ် မရှိတဲ့ အတားအဆီးမဲ့ လွင်ပြင်ကြီး တစ်ခုတော့လည်း မဟုတ်ဘူးပေါ့။ သွားရင်းနဲ့ တချိန်ချိန်မှာတော့ နံရံတွေကို ထိလာမယ်။ ဒါပေမယ့် ထူးခြားတာက အဲဒီနံရံတွေကို ကိုယ်ကိုယ်တိုင်ကပဲ ဆောက်မှန်းမသိ ဆောက်ခဲ့တာပဲ။ တချို့နံရံတွေဟာ မြင့်မားစေတယ်။ တချို့နံရံတွေဟာ ကျယ်ပြန့်စေတယ်။ မြင့်ပြီး ကျယ်တဲ့ နံရံတချို့လည်း ရှိတာပဲ။ ရှားတော့ ရှားလိမ့်မယ် ထင်တယ်။ အရေးကြီးတာက ကိုယ်ဆောက်ထားတဲ့ နံရံတွေကြားမှာ ကိုယ်ပျော်ဖို့ပဲ။ ကိုယ်ဆောက်ခဲ့တဲ့ နံရံတွေကို ကိုယ်သိဖို့ပဲ။ ကိုယ်မပျော်တဲ့ တစ်နေ့မှာတော့ အဲဒီနံရံတွေဟာ အကျဉ်းထောင်တစ်ခု ဖြစ်လာလိမ့်မယ်။ အမှောင်တိုက် တစ်ခုဖြစ်လာလိမ့်မယ်။ အဲဒီအချိန်မှာ နံရံတွေကို ဖြိုဖျက်ရဲတဲ့ သတ္တိ ရှိဖို့ပါပဲ။”

“အဲဒီစကားကနေ ငါ့တူမ အဖြေတွေ့ကောင်းတွေ့မှာ ပေါ့လေ။ တွေ့မတွေ့ ဆိုတာကတော့ ကိုယ်ကိုယ်တိုင်ပေါ် မူတည်တာပါပဲ။”

အဘပြောသော စကားကို သူတွေးနေမိသည်။ မနက်ရောင်နီကို တွေ့နေရပြီဟု သူထင်သည်။ မကြာခင် ရထားဆိုက်တော့မည်။ ရထားမဆိုက်ခင် သူမေးချင်သော မေးခွန်းနှစ်ခုကိုတော့ မေးလိုက်မှ ဖြစ်မည်။

“အဲဒီစကားကို ဘယ်သူက ပြောတာလဲဟင်။ ပြီးတော့ အဘက ဦးငြိမ်းအောင်လား၊ ဦးထွန်းဦးလား ဟင်။”

သူ အလောတကြီး မေးလိုက်မိသည်။ အဘက ပြုံးနေရင်းမှ

“မင်းပဲ တွေးယူကြည့်လိုက်ပါတော့။ အခုအချိန်မှာတော့ ကိုယ်ဘယ်သူလဲဆိုတာ အဘကိုယ် အဘ ပြန်စဉ်းစား ကြည့်ရဦးမယ်။ ကဲ အဘ ရထားပေါ်က ဆင်းတော့မယ်။”

သူအဘ၏ ကျောပြင်ကို ကြည့်၍ ကျန်ရစ်သည်။ သူ့ဘ၀က နံရံတွေကို သူဘယ်နားမှာ ဆောက်ခဲ့သလဲ ဆိုတာကိုတော့ ပြန်ဆန်းစစ်ရပါဦးမည်။

11 comments:

pandora said...

ဘ၀မှာ လျှောက်ခဲ့တဲ့လမ်းတွေနဲ့ မလျှောက်ခဲ့တဲ့လမ်းတွေက စကားအကျယ်ကြီး ပြောတာပဲ။ ကိုယ့်ရွေးချယ်မှုဟာ ကိုယ့်ဘ၀လား။ ရွေးချယ်ပြီးသားမှာ နေတတ်အောင်နေတာက ပိုအရေးကြီးမယ်ပေါ့။

Robert Frost ရဲ့ The Road Not Taken ကို သတိရသွားတယ်။

Anonymous said...

ဖတ်လို့ကောင်းလိုက်တာ။

nu-san said...

ပုံရိပ်ရေ.. အတွေးရော အရေးပါ ကောင်းတဲ့ ၀တ္တုမို့ အားလုံးပြီးအောင်စောင့်ဖတ်ရကြိုးနပ်ပါတယ်.. :)

တန်ခူး said...

ကောင်းလိုက်တာ ပုံရိပ်ရယ်…
အဘက ဘယ်သူများ ဖြစ်မလဲလို့ စဉ်းစားမိချိန်မှာ ကိုယ်ကိုယ်တိုင်က ဦးထွန်းဦးများ ဖြစ်နေလားလို့  သံသယ၀င်မိတယ်… မသေချာဘူး… သေချာတာတခုက ဦးငြိမ်းအောင်မဟုတ်တာပဲ… နံရံတွေကို ဖြိုခွဲရဲတဲ့သတ္တိ မွေးကြည့်နေတယ်…

Moe Cho Thinn said...

တွေးစရာလေး ပေးတဲ့ ပို့စ်လေးပါပဲ ပုံရိပ်လေးရေ..
ဖတ်ပြီးတဲ့အခါမှာ ပို့စ်ကို ကျော်ပြီး အများကြီး လျှောက်တွေးနေမိတယ်။
ကိုယ်ကိုယ်တိုင်က တခါတလေမှာ ဦးထွန်းဦး ဖြစ်လိုဖြစ်၊ တခါတလေမှာ ဦးငြိမ်းအောင် ဖြစ်လိုဖြစ်။ ဘာမှ မသေချာဘူး။ နံရံတွေကို ဆောက်နေမိသလို နံရံတွေကြားထဲမှာလဲ ပျော်နေမိသလိုပဲ။ တခါတလေကျတော့လဲ နံရံတွေကို တူကြီးကြီးနဲ့ ထု နေမိပေါ့။
တကယ်က ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ရောင့်ရဲပြီး ပျော်ရွှင်လိုက်ဖို့သာ၊ အခြေအနေကို ကြိုဆိုလိုက်ဖို့သာ..လို့ ထင်မိပြန်ပါရော။

Anonymous said...

ကျွန်တော်ဟာ ကိုယ်လုပ်တဲ့ အလုပ်မှာ ထူးချွန်တယ်တဲ့။ ကျွန်တော့် အလုပ်ကို ကျွန်တော် သံယောဇဉ် ကြီးရှာတယ်တဲ့။ အမှန်တော့ အဲဒါ ကျွန်တော့် သံယောဇဉ် ကျွန်တော့် အာသီသ မဟုတ်ဘူးဗျ။ ကျွန်တော့်ရဲ့ ဘောင်တွေ။”

ဆိုတဲ့ ၀ါကျမှာ တော်တော်လေး ထိသွားတယ်။ အရမ်းကောင်းတယ်ပုံရိပ်။

ပုံရိပ် / Pon Yate said...

အားလုံး အပြီးအထိ စောင့်ဖတ်ကြတာ ကျေးဇူးပါ။ လုပ်သင့်တာနဲ့ လုပ်ချင်တာတွေ ဘယ်ဟာများနေသလဲလို့ တွေးမိရင်း ရေးဖြစ်ပါတယ်။
မပန်... မပန်ပြောလို့ ကဗျာကို လိုက်ရှာ ဖတ်ကြည့်ပါတယ်။ ရွေးချယ်မှုတိုင်းဟာတော့ ဘ၀ မဟုတ်လောက်ပါဘူး။ အကြောင်းကြောင်းကြောင့် ရွေးချယ်ပြီးနောက်မှာ ကျေနပ်အောင် နေတတ်ဖို့လည်း အရေးကြီးတယ်လို့ ဆိုလိုချင်တာပါ။
မဇနိ ရေးတာတွေလည်း ဖတ်လို့ ကောင်းတယ် :)
မနုစံ စောင့်ဖတ်တဲ့ ပရိသတ် အချို့ ရှိတယ် ဆိုတာ သိရတော့ ၀မ်းသာတယ်။
မတန်ခူး မချိုသင်း လူအတော်များများဟာ ပုံရိပ်ရဲ့ ဇာတ်ကောင်နှစ်ယောက် ကြားမှာ ရှိမယ် ထင်တယ်။ ဒါမှမဟုတ်လည်း တလှည့်စီ ဖြစ်တတ်ကြမလား မသိဘူး။
မလေး တိုက်ဆိုင်မှုတွေပေါ့ :)။ ဘောင်တွေနဲ့ လုပ်တတ်တဲ့ အကျင့်ဟာ တခါတလေမှာ ကောင်းသလို တခါတလေလည်း မကောင်းဘူး။

သက်ဝေ said...

ပုံရိပ်ရေ...
တွေးစရာတွေ အများကြီးနဲ့  ကျန်ခဲ့တယ်...
နံရံတွေကို ကိုယ်က ဆောက်ခဲ့တာမှန်ပါတယ်...
ဒါပေမယ့် အဲဒီနံရံတွေကြားမှာ ကိုယ်တိုင်
မပျော်လို့ ပဲဖြစ်ဖြစ်... ကိုယ်မလိုချင်တော့ လို့ ပဲဖြစ်ဖြစ် ပြန်ဖျက်ချင်တဲ့အခါမှာ သူတို့ တွေဟာ တဆိတ်တော့ သိပ်ခိုင်ခံ့လွန်းနေတယ်လေ...။ ပြီးတော့ အဲဒီ နံရံတွေကို ဖြိုဖျက်ရဲတဲ့ သတ္တိ ရှိဖို့ ဆိုတာ သိပ်တော့ အလွယ်ကြီး မဟုတ်ဖူးလို့  ခံစားရပါတယ်...
တွေးစရာတွေ အများကြီးအတွက် ကျေးဇူးတင်ပါတယ်...

ပုံရိပ် / Pon Yate said...

မသက်ဝေ ဟုတ်တယ် ပြောရတာထက် လုပ်ရတာ ခက်တာတော့ အမှန်ပဲ။ နံရံတွေကလည်း သိပ်ခိုင်နေပါပြီ။ ထောက်ထားရမယ့် အရာအချို့လည်း ရှိနေသေးတယ် မဟုတ်လား။ ကိုယ့်လက်ရှိ ဘ၀မှာ ကိုယ်ရောင့်ရဲ တတ်အောင် ကြိုးစား ရမှာပေါ့လေ။

P.Ti said...

အင်မတန်ကောင်းတဲ့ စာလေး နောက်ကျမှဖတ်ရလေတယ်...
ရှုပ်နေလို့ စာတောင်မဖတ်ဖြစ်ဘူး ပုံရိပ်ရေ..

ပေးထားတဲ့ အတွေးလေးက ကောင်းလွန်းလို့ ငါဘာလုပ်ခဲ့သလိုလို့တွေးနေမိတယ်...

ကံကောင်းတာကတော့ ကိုယ်လုပ်ချင်ခဲ့တာတွေ မဖြစ်ခဲ့ပေမယ် လုပ်ခွင့်ရတာတွေကို ကြိုက်နှစ်သက်ပြီး ပျော်ရွှင်တယ်... နောင်တကိုတော့ မရခဲ့ဖူးသေးဘူး...

ကျွန်တော်က နံရံတွေကို သိပ်မဆောက်တတ်ဘူး... ငယ်စဉ်ကတည်းက အတန်းထဲမှ ပထမရဖို့ထက် လွတ်လွတ်လပ်လပ် ရှိဖို့ကို ပိုပြီး လိုလားတယ်...

အဲလိုလုပ်ခွင့်ရတာ အမှန်အတိုင်းပြောရရင် မိဘတွေက အင်မတန်ကောင်းလို့ပါ...

ပုံရိပ်လို ရေးတတ်ချင်လိုက်ပါ့... ပုံပြောတတ်အောင် ကြိုးစားလိုက်ဦးမယ်.. အဟဲ... :D

ပုံရိပ် / Pon Yate said...

ကိုပီတိရေ အလုပ်ရှုပ်တဲ့ ကြားထဲ လာအားပေးတာ ကျေးဇူးပါ။ ကိုယ်လုပ်ခွင့်ရတာကို နှစ်သက်နေတာ ထူးခြားတဲ့ ကံတစ်မျိုးပါပဲ။ ပုံရိပ်ပြောချင်တဲ့ နံရံဆိုတာ ထိပ်တန်းရောက်အောင် အားထုတ်မှုတွေ မဟုတ်ပါဘူး။ ကိုယ့်ရွေးချယ်မှုတွေက ကိုယ့်ကိုယ်ကို သတ်မှတ်တယ်၊ ကိုယ့်သတ်မှတ်မှုတွေကြောင့် အချို့အရာတွေကို ရွေးချယ်ဖြစ်တယ်။ အဲဒါကို ဆိုလိုချင်တာပါ။ အဲဒါကြောင့် လူတိုင်းမှာ ကိုယ်ဆောက်ခဲ့တဲ့ နံရံတွေတော့ ရှိမယ် ထင်တာပဲ။ ပြောရင်းနဲ့ ရှုပ်ကုန်ပြီ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဖတ်တဲ့သူကို အတွေးတွေ ပေးနိုင်တယ်ဆို ၀မ်းသာပါတယ်။
ပုံလည်း ပြောပါဦး။ ဘလောက်ကို ပစ်မထားနဲ့ :p။