
Paint နဲ့ ပုံတွေဆွဲတဲ့ မပန်ကို အားကျလို့။ ကြွက်ကလေးကို အမြီးဆွဲပြီး ဆွဲထားတာ။
တိတ်ဆိတ်တဲ့
ကောင်းကင်အောက်
ငါတယောက်တည်း။
ကြယ်ရောင်တွေ တရေးနိုး
ကြီးစိုးတဲ့ အိပ်မက်။
အနန္တ စကြာဝဠာ
ရေတွက်ရာ မကုန်နိုင်ခဲ့
နှိုင်းယှဉ်ကာ ဝေခွဲမရ
ငါ ….မြူမှုန်ပါပဲ။
တစ်ပင်ပေါ်၊ နှစ်ပင်တက်
လက်လက်ထ၊ ရှဥ့်ညိုညို
သစ်ရိပ်မှာခို။
အမြီးတို တဖွားဖွား
လွှားကျော်ကာ၊ လမ်းပေါ်လား လေတော့
ကားအောက် မှာပြား။
ငယ်ငယ်က ဇာတ်ကြီးဆယ်ဘွဲ့ နားထောင်ရင်း၊ ပုံပြင်အနေနဲ့ ဖတ်ရင်း တွေးမိတာလေးတွေ ပြန်ရေးထား တာပါ။ ခုတော့ မဟာဇနက ဇာတ်တော်အကြောင်းပါ။ နောက်တစ်ပုဒ်လည်း ရေးမယ်လို့ စိတ်ကူးထားတာ ရှိပါတယ်။ ကျွန်မရေးတာ အမှားပါရင် ပြင်ပေးနိုင်ပါတယ်။
“မဟာဇနက မင်းသားက ဘုရားလောင်း ဘုန်းရှိတဲ့လူ ဆိုတော့ သူ့ဇွဲကိုသဘောကျပြီး မဏိမေခလာ နတ်သမီးက လာကယ်ရော။”
ထိုနေရာကို ရောက်တော့ စိတ်ပါလက်ပါနှင့် အားပါးတရ ပြောနေသော အဘွားပုံပြင်ကို နားထောင်ရင်း ကျွန်မမျက်မှောင်ကြုံ့မိသည်။ စိတ်ထဲမှာ မရှင်းမလင်း စနိုးစနောင့်နှင့်။
ဇာတ်တော်တွေကို နားထောင်တိုင်း ကျွန်မ မကျေမချမ်း ဖြစ်ရသည်မှာ ဇာတ်လမ်းထဲမှ အဓိကဇာတ်ကောင်များသည် ဘုရားအလောင်းတော် ဖြစ်နေခြင်းပင်။ ဘုရားလောင်း ဖြစ်သောကြောင့် ဘုန်းကံရှိပြီးဖြစ်၍ ကူညီမည့်သူ အသင့်။ ကောင်းသောကံ သည်အသင့်။ ကျွန်မစိတ်ထဲမှာ ထိုသို့မဖြစ်စေချင်။ ဖြေရှင်းနိုင်သည့် နည်းလမ်းများဖြင့် ပြဿနာများကို ဖြေရှင်းလိုက်သည် ဟုသာဖြစ်စေလိုသည်။ အခုတော့ ဇနကဇာတ်တော်တွင် မင်းသားသည် ဘုန်းတန်ခိုးကြောင့်သာ သေဘေးမှ လွတ်မြောက်သွားသည် ဟုမြင်နေပါသည်။ ဘုန်းရှိတဲ့လူ များကျတော့လည်း လာကယ်မည့်သူနှင့်၊ အကြိုတော်များနှင့် ပလ္လင်ပေါ်အရောက် ပို့ပေးမည့်သူနှင့် ဟုကျွန်မတွေးမိခဲ့ ပါသည်။ နတ်သမီး လာကယ်၍သာ ဇနကမင်းသား၏ ဇွဲလုံ့လ၊ ၀ီရိယကို စံတင်ရခြင်းလော။ အကယ်၍ လူသာမန်တစ်ဦး သာဆိုပါက ကယ်မည့်သူမရှိ ရေနှစ်၍သေရလျှင်ရော ထိုလုပ်ရပ်သည် တန်းတူစံတင်ခြင်း ခံရမည်လော။ (ရေနှစ်တဲ့လူ ကတော့ဒါတွေ စဉ်းစားနေမည် မထင်ပါ။ ပုံပြင်တစ်ခုရဲ့ အသွားအလာကို စဉ်းစားကြည့်တာပါ။) ပုံပြင်မှ ပေးချင်သော ဆိုလိုရင်းကို ကျွန်မထိုအချိန်က အပြည့်အ၀ မရခဲ့ပါ။ လေးလေးနက်နက် နားမလည်ခဲ့ပါ။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျွန်မဆရာတစ်ယောက်ထံမှ စာအုပ်တစ်အုပ်ကို ငှားဖတ်မိပါသည်။ (ဦးရွှေအောင်ရေးသော စာအုပ်ဟုထင်ပါသည်။) ထိုစာအုပ်တွင် ၀ီရိယပါရမီ အခန်း၌ ဥပမာအနေဖြင့် မဟာဇနကဇာတ်တော်ကို ထည့်သွင်းရေးသား ထားသည်ကို တွေ့ရပါသည်။ ကျွန်မဇာတ်လမ်းကို သိပြီးဖြစ်သော်လည်း မည်သို့ရေးထားသည်ကို သိလို၍ ဖတ်ကြည့်မိပါသည်။ ထိုအခါမှ ကျွန်မငယ်ငယ်က ခံယူသိမှတ်ခဲ့သော ဇနကနှင့် ယခုဇနက၏ ကွာခြားမှုကို ပြက်ပြက်ထင်ထင် တွေ.လိုက်ရပါသည်။
ဇနကမင်းသားက မဏိမေခလာနတ်သမီးကို ပြောသောစကားကို ကျွန်မအလွန် သဘောကျပါသည်။ (စာအတိအကျကို ကျွန်မ အသေအချာ မမှတ်မိတော့ပါ။) ဇွဲလုံ့လဆိုသည်မှာ ရလဒ်နှင့် တိုက်ရိုက်မသက်ဆိုင်။ မိမိ၏ စွမ်းရည်ကို အဆုံးအစွန်ထိ အသုံးချနိုင်ခြင်းနှင့်သာ သက်ဆိုင်သည် ဟူသော ပေးလိုရင်း ရည်ရွယ်ချက်ကို ကျွန်မလှိုက်လှိုက်လှဲလှဲ နာယူမိပါသည်။ ဇနက၏ ဘုန်းတန်ခိုး ဆိုသည့်အချက်သည် မှေးမှိန်သွားပြီး ဇနကမင်းသား၏ စိတ်ထား၊ ခံယူချက်တို့က ပို၍ပေါ်လွင်လာပါသည်။ သမုဒ္ဒရာ အလယ်တွင် ကြိုးစားနိုင်စွမ်း ရှိသေးသည်ကို မကြိုးစားပဲ လက်မြှောက် အရှုံးပေးသွားခြင်းထက် နောက်ဆုံးစက္ကန့်ထိ မိမိအစွမ်းရှိသလောက် တွန်းလှန်ရင်း ရှုံးသွားခြင်းက ပို၍တန်ဖိုးရှိကြောင်း မြင်လိုက်ရသည်။ ထိုရည်ရွယ်ချက်သည်သာ ဘုရားဟောဇာတ်တော်၏ အစစ်အမှန်ပေးလိုရင်း ဖြစ်ပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော်…ကျွန်မတို့ ပုထုဇဉ် (ဘလောက်ဂါ ကိုပုနှင့် မဆိုင်ပါ) လူသားများသည် ကောင်းသောကံကိုချည်း အားကိုးနေ၍ မရ။ အရာရာကို စွမ်းဆောင်နိုင်သော ကျွန်မတို့၏ စိတ်ဝိညာဉ်ကို အင်အားများ ဖြည့်တင်းပေးနိုင်သည်မှာ ဘ၀အပေါ် အမြင်နှင့် ခံယူချက်များသာ မဟုတ်ပါလား။
ကိုပုကြီးနဲ့ မပန်တို့ကျေးဇူးကြောင့် အရင်ရေးခဲ့တဲ့ အဟောင်းလေးတွေ ပြန်ထုတ်ပြီး နည်းနည်းပါးပါး ပြုပြင်လိုက်ပါတယ်။ အကြံကုန်နေတဲ့ ပုံရိပ်ဆားချက်နည်းပေါ့ ဟဲဟဲ..။ စကားပြေတွေ ကတော့ ကျွန်မရဲ့အာဘော်တွေပေါ့။ အမှားပါရင် ခွင့်လွှတ်ပါ။
A Dream Within A Dream
Take this kiss upon the brow!
And, in parting from you now,
Thus much let me avow
You are not wrong, who deem
That my days have been a dream;
Yet if hope has flown away
In a night, or in a day,
In a vision, or in none,
Is it therefore the less gone?
All that we see or seem
Is but a dream within a dream.
I stand amid the roar
Of a surf-tormented shore,
And I hold within my hand
Grains of the golden sand
How few! yet how they creep
Through my fingers to the deep,
While I weep - while I weep!
O God! can I not grasp
Them with a tighter clasp?
O God! can I not save
One from the pitiless wave?
Is all that we see or seem
But a dream within a dream?
(Edgar Allan Poe)
“All that we see or seem is nothing but a dream within a dream”
သူငယ်ချင်းတစ်ယောက် အတွက်မွေးနေ့ ကဒ်ပြားတစ်ခု သွားဝယ်ရာမှာ သည်စာတန်းလေးကို ကျွန်မစတင် သတိပြုခဲ့ မိပါသည်။ တွေ့တွေ့ချင်း ပါပဲ သဘောကျသွား သလို ကျွန်မစိတ်ထဲ ထိထိရှရှ တစ်ခုခုခံစား မိသည်။ တိုက်ရိုက်အဓိပ္ပာယ် ကိုတော့ “ကျွန်ုပ်တို့ မြင်မြင်သမျှသည် အိပ်မက်တစ်ခု ထဲမှအိပ်မက် တစ်ခုမျှသာပဲ” ဟူ၍ ဘာသာပြန်ယူ မိပါသည်။ ရေးသူက Edgar Allan Poe တဲ့။ ကျွန်မသူ့ရဲ့ ခြောက်ခြားချင် စဖွယ်ဝတ္ထုတွေ ကို ဖတ်ဖူးသော်လည်း သူ့ကဗျာများကို မဖတ်ဖူးခဲ့ပါ။
ဒီလိုနှင့် ထိုစာတန်းနှင့် ပတ်သက်ပြီး ကျွန်မဥာဏ်မီသမျှ ဆက်တွေးမိပါသည်။ ပိုးသည် သူ့ကဗျာတွင် ဘ၀ကို အိပ်မက်နှင့် တင်စားထားသည်။ နေ့စဉ်နှင့်အမျှ ကျွန်မတို့ ကြုံတွေ့မြင်တွေ့နေရသော၊ ကျွန်မတို့ အပေါ်တွင် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိနေသော အဖြစ်အပျက် ဟူသမျှတို့သည် အရှိတရားများ မဟုတ်ကြ။ ပိုးကတင်စား ထားသော “အိပ်မက်”၏ သဘော၌ မရှိခြင်း၊ မမြဲခြင်း သဘောတရားများ ပါဝင်သက်ရောက် နေသည်ဟု ခံစားမိပါသည်။ လောကဓံတရား အတက်အကျများသည် အမှန်တရားများ မဟုတ်ကြ။ ပရမတ်မဟုတ်ဘဲ ပညတ်သဘောတရားများဟု ကျွန်မကောက်ချက်ဆွဲ လိုပါသည်။
“အိပ်မက်” ဆိုသည့်သဘော၌ မျှော်လင့်ခြင်း၊ တောင့်တခြင်း၊ သာယာခြင်း ဟူသော ဆန္ဒများ ပါနေသည်။ တစ်ချိန်ထဲမှာပင် ခြောက်လှန့်တတ်သော၊ စိတ်ညစ်ညူးဖွယ် အိပ်မက်ဆိုးများ လည်းရှိမည်ပေါ့။ လူတစ်ဦး၏ ဘ၀တွင်လည်း တကယ်မဖြစ်လာသေးသော (သို့မဟုတ်) တကယ်ဖြစ် မလာနိုင်သော အရာများကို စိတ်ကူးတောင့်တနိုင် သကဲ့သို့ မလုပ်ချင်သော၊ မဖြစ်ချင်သော ဘ၀များမှာ နေရကျေနပ်ရသည် လည်းရှိမည်မှာ သေချာလှပါသည်။
ထိုအမြင်ဖြင့် လူ့ဘ၀ကို ပြန်ကြည့်လျှင် ပိုး ပြောချင်သော ရည်ရွယ်ရင်းကို ကျွန်မဤသို့ အဓိပ္ပာယ်ကောက် ပါသည်။ မမြဲခြင်း၊ မရှိခြင်းများ ပြည့်နှက်နေသော လောကတွင် ရှိခြင်းဟူသော အ၀ိဇ္ဇာဖြင့် ကျွန်မတို့ အစွဲမကြီးသင့်။ ပိုးသည် ဗုဒ္ဓတရားတော် ကိုနားလည်လေရော့ သလား။ အရာရာသည် အိပ်မက်တွေလိုပင် အချိန်အကန့်အသတ် တစ်ခုကျော်လွန်လျှင် ကွယ်ပျောက်ရ မည်ပင်။ မရှိကိုအရှိလုပ်နေရသော လောကကို ကျွန်မတို့ သတိချပ်နိုင်လျှင် သာယာစရာ ရှိလျှင်လည်း အဟုတ်ကြီးမထင်ဘဲ ဆင်ခြင်နိုင်ပါလိမ့်မည်။ တစ်ချိန်တည်းမှာပင် စိတ်ညစ်စရာ ရှိလျှင်လည်း အစွန်းမရောက်ဘဲ ဒုက္ခနှင့် ရင်ဆိုင်ကောင်း ရင်ဆိုင်နိုင်ပါလိမ့်မည်။ ဒါပေမယ့် အိပ်မက်တစ်ခု ထဲကအိပ်မက် တစ်ခုကို ကျွန်မတို့ ပြင်ဆင်ဖန်တီးနိုင်ခွင့် ရှိသည်ကိုလည်း မမေ့သင့်ပေဘူးပေါ့။
ဒီစာကို ကျွန်မရေး ထားပြီး စိတ်တိုင်းမကျလို့ ခဏသိမ်းထား သေးတာ။ ခုတော့ တင်စရာမရှိ သေးလို့ ရှိသလောက်နဲ့ပဲ တင်လိုက်ပြီ။ ကျွန်မ ဒေါ်ကြည်အေး ၏ကဗျာ ကို ခံစားနားလည် မိသမျှ ရေးထားတာပါ။ စကားပြေများ ကကျွန်မရဲ့ အာဘော်သာ ဖြစ်ပါတယ်။ အမှားပါရင် သည်းခံပါ။ ကဲ...ရေးပြီနော်။
၂၀ ရာစုနှစ် အလွမ်းသစ်
အို…လမင်း
မြ၀င်းလဲ့ရီ၊ ငွေမှုန်ခြည်သည်
ကြည်စင်ဖန်ရွှေ၊ ပူနွေးဝေငှ
နေမင်းပေးသည့်၊ ရောင်ပြေးမျှသာ
ပြန်ဟပ်လာ သတဲ့။
အို…လမင်း
ပြည့်တင်းပြန်ငဲ့၊ ခွံခြမ်းပဲ့ပြန်
လှည့်ပတ်မြေ၀န်း၊ အေးရိပ်ယွန်း၍
ဖိတ်ရွှန်းရသည်၊ ကွယ်ရသည်တဲ့။
အို…လမင်း
ဝပ်စင်းယုန်အောင်း၊ ဖိုးဆန်ထောင်းဟန်
မြစ်ချောင်းကမ်းစောက်၊ ချိုင့်ဝှမ်းဖောက်ထွင်း
ခြယ်ပြောက်လွင်ပြင်၊ တောင်ရိပ်ထင်သတဲ့။
အို…လမင်း
ချဉ်နင်းကျော်လွှား၊ ငါလူသားဟု
ဆွဲအားမှထွက်၊ စက်ယာဉ်မှဆင်း
လ မြေနင်းခဲ့။
ပျက်ယွင်းအလှ
လွမ်းညပြီးဆုံး၊ အိပ်မက်သုဉ်းခဲ့
ဆုံးရှုံးသည်လော အောင်ပွဲလော။ ။
(ကြည်အေး)
ဆရာမ ဒေါ်ကြည်အေး၏ ကဗျာကို ကျွန်မကြိုက်၍ ကူးထားသည်မှာ ကြာခဲ့ပါပြီ။ ၂၀ရာစုအလွမ်းဟု အမည်ပေးထား သော်လည်း ၂၁ရာစုမှာလည်း ကျွန်မအပြည့်အ၀ ခံစား၍ ရပါသည်။ ကျွန်မနားလည်သော ကဗျာ၏ဆိုလိုရင်း ကတော့ လူတို.၏ တိုးတက်မှုသည် သဘာဝအလှကို စိပ်ဖြာခွဲခြမ်း၍ ဆုံးရှုံးစေခဲ့ပြီလောဟု ပြောလိုရင်း ဖြစ်သည်။ လူတစ်ယောက်နှင့် တစ်ယောက် အဓိပ္ပာယ်ဖွင့်ပုံခြင်း ကတော့ဖြင့် အတိအကျ တူကောင်းမှ တူပေလိမ့်မည်။ ကဗျာ၏ အဆုံးတွင် ဆရာမ၏ ၀မ်းနည်းသံ၊ နှမြောသံတို. စွက်နေသည် ကတော့ထင်ရှား လှပါသည်။
ဆရာမ ကဗျာကို ဖတ်ပြီး ကျွန်မ အချိန်ယူ စဉ်းစားကြည့် မိပါသည်။ ကျွန်မ ငယ်ငယ်က ကျောင်းတွင် သိပ္ပံပညာကိုသာ အထင်တကြီး သင်ယူခဲ့သည်။ လူအတော် များများကလည်း ဆေးကျောင်းဝင်မှ အထင်ကြီးချင် ကြသည်။ မိဘတွေကလည်း ဆေးလိုင်းမှ၊ စက်မှုတက္ကသိုလ်မှ ဂုဏ်ယူချင် ကြသည်။ စာရေးချင်သော၊ ပုံဆွဲကာ ကဗျာတွေရေး နေချင်သော ကလေးကို စနစ်တကျ မြေတောင်မြှောက် ပေးသော မိဘများ ကတောု့ဖြင့် ရှားလိမ့်မည် ထင်ပါသည်။ မိဘကိုယ်တိုင်က စာရေးဆရာ(မ)၊ သို.မဟုတ် စာပေမြတ်နိုးသူ ဆိုလျှင်တော့ တစ်မျိုးဖြစ်မည်ပေါ့။ ဒါဖြင့်လျှင် ကျွန်မတို.သည် ပိုင်းခြားစိပ်ဖြာ တတ်သောအတတ်ကို သင်ယူရရှိ ခဲ့ပါသလား။ ဒီလိုလည်း မဟုတ်ပါ။ စာပေ အနုပညာကို ခံစားနားလည်တတ်အောင် ပျိုးထောင်ခံခဲ့ ရပါသလား။ ကဗျာကို အလွတ်အော်ဆို ရုံမျှသာ နားလည်ခဲ့သည်မို. ဒါလည်း မဟုတ်ပြန်ပါ။ ကျောင်းမှာ ကျွန်မကောင်းစွာ မသင်ယူခဲ့ ရပေမယ့် ဝေဖန်ဆန်းစစ် တတ်သောဥာဏ်နှင့် ခံစားနားလည် တတ်သောညဉ် နှစ်မျိုးလုံးကို တစ်ဖြည်းဖြည်းတော့ သင်ယူရရှိ ခဲ့ပါသည်။
ကျွန်မဆိုလိုချင် သည်က လူတိုင်းတွင် ထိုစွမ်းရည် နှစ်မျိုးလုံး ပင်ကိုယ်ပိုင်ဆိုင် ပြီးသားဖြစ်ပါသည်။ မည်သည့်စွမ်းရည်ကို အရောင်တင်ပေးနိုင် ပေါ်မူတည်၍ ကိုယ်သန်ရာ ကျွမ်းကျင်ရာ ၀ါသနာပါ လာကြသည်။ ယခုခေတ်မှာ သိပ္ပံနည်းပညာက အလွန်အရေးပါ နေသယောင် ထင်ရပါသည်။ အိုင်တီခေတ်တဲ့၊ သတင်း အချက်အလက်ခေတ် တဲ့။ အင်တာနက်ရှိလျှင် ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသည်ကို တခဏချင်း သိနိုင်ပြီ။ အီးမေးလ် ဆိုသော အရာက ဆက်သွယ်ရေး အတွက် မရှိမဖြစ်နီးပါး အရေးကြီးလာပြီ။ အင်တာနက်ကြောင့် ကမ္ဘာကြီးသည် တဖြည်းဖြည်း ကျဉ်းလာပြီ တဲ့။ (အခု ဘလော့ဂ်ရေး နိုင်တာသာ ကြည့်။) စက်ပစ္စည်းများ နည်းပညာတိုးတက်မှုကြောင့် ၀န်ကျင်းကျင်းနှင့် စွမ်းဆောင်နိုင်အား များလာကြပြီ။ ဇီဝသိပ္ပံ တိုးတက်မှုကြောင့် ရောဂါအမျိုးမျိုးကို ကုသနိုင်ကြပြီ။ တစ်ချိန်က လူပေါင်းများစွာကို သတ်ခဲ့သော တီဘီ၊ ငှက်ဖျား၊ ၀မ်းရောဂါ စသည်တို့သည် အရင်ကလောက် ကြောက်စရာ မဟုတ်တော့။ (ဆေးမ၀ယ်နိုင် လို့သေရတာ ကတော့ တစ်မျိုးပေါ့လေ။) ဘယ်ဓာတု ပစ္စည်း၊ ဦးနှောက်၏ ဘယ်အစိတ်အပိုင်းကြောင့် ပျော်ရသည်၊ ၀မ်းနည်းရသည် ကိုရှင်းပြနိုင်ပြီ။
ဒီလိုနှင့်ပင် အရာရာတိုင်းမှာ ရုပ်နှင့်ဒြပ်နှင့် ရှင်းလင်းချက်များ ရှိလာလေမလားဟု ကျွန်မစဉ်းစား မိပါသည်။ ဒီလိုဆိုလျှင် လူတွေဘာကြောင့် တစ်ယောက်နှင့် တစ်ယောက်ချစ်ကြ၊ မုန်းကြသနည်း။ ဒိုပါမင်း (Dopamine) ကြောင့်လား၊ နော်အက်ပီ နာဖရင် (Norepinephrine) ကြောင့်လား။ မိဘနှင့် သားသမီးကြား၊ မောင်နှမကြား၊ ချစ်သူ လင်မယားကြား မှအချစ်သည် လူသတ္တ၀ါ မျိုးဆက် တည်တံ့ရုံ မျှသက်သက်လား။ အကြောင်းပြချက် ရှိပါသလား။ အကြောင်းပြချက်ကော လိုပါသလား။ နုနုလှလှ ပြောရရင်တော့ဖြင့် ထူးအိမ်သင်၏ နှလုံးသား ကျမ်းစာကို ကိုးကားရမလို။ အဖြစ်အပျက်တိုင်းတွင် ကျိုးကြောင်းဆင်ခြင်ဥာဏ် မလိုအပ်ပါ။ သိပ္ပံပညာသည် လူတို.၏ စူးစမ်းချင်၊ ခွဲခြမ်းစိတ်ဖြာချင်သော ညဉ် ကြောင့် တိုးတက်လာရသည် ဆိုလျှင် ထိုစိတ်နှင့်အတူ ခံစားတတ်သော၊ အနုပညာကို မြတ်နိုးတတ်သော စိတ်ကလေးပါ နောက်ဆက်တွဲ ပါလာမှ လူတို.၏ ဖြစ်တည်မှု အဓိပ္ပာယ်ရှိမည်။ လူကောင်းလူတော် တစ်ယောက်ဖြစ်ရန် ဆိုသည်မှာ ကျိုးကြောင်းဆင်ခြင်ဥာဏ် သာမက စာပေ၊ အနုပညာကို မြတ်နိုးတတ်သော၊ ခံစားနားလည် တတ်သော အခံလေးလည်း ရှိကာမှ ဟုကျွန်မ ယူဆပါသည်။
အရာရာတွင် အကြောင်းပြချက် မရှိပါ။ ဗုဒ္ဓဘာသာ၏ ဆိုဆုံးမချက် အတိုင်း ကျွန်မကတော့ ကံကံ၏ အကျိုးကို ယုံကြည်သည်။ ကျွန်မ ဘာကြောင့်ဖြစ်တည် လာရသနည်း ဟူသောမေးခွန်းသည် ဘယ်လိုဖြစ်တည် မှာနည်းဟူသော မေးခွန်းလောက် အရေးမကြီးပါ။
သက်တန်.သည် ရောင်စုံ တံတားကြီးသာ ဖြစ်ပါစေတော့။ ယုန်ကလေးနဲ. အဘိုးအိုသည် လည်း ဆန်ထောင်းပါစေတော့။ ဖိုးလမင်းကြီးသည် ထမင်းဆီဆမ်းကို ရွှေလင်ပန်းနှင့် ဆက်၍ ပေးနိုင်ပါစေ။ ရုပ်နှင့်နာမ်သည်သဟဇာတ မျှစွာ တည်ရှိနိုင်ပါစေ။
လေသည် ကြမ်းရှရှတိုက်၍ နေသည်။ နေရောင်က ပျောက်လုလု။ အနောက်ဘက်ဆီမှ တိမ်တိုက်တို့ အလိပ်လိုက် တက်၍လာ နေပြီ။ သဲဖုန်တို့ ဝေ့လည်နေသော ကတ္တရာ လမ်းမကြီးပေါ် ရှပ်တိုက်ပြေးလွှား နေသောလေကို မိုးမျက်စိမှိတ် ရင်း ခံယူလိုက်သည်။ မိုးနံ့မိုးရိပ် သင်းလို့ပါလား။ တစ်ခါတုန်းက မိုးတို့ဆရာမ ပြောတာကို သတိရမိသည်။ လေထဲမှာ ရေငွေ့တွေ ပါလာပြီဆို မိုးရွာတော့ မယ်တဲ့။ လေထဲမှာ ရေငွေ့တို့ စိမ့်လို့ အေးလို့။ အို…မိုးမှာထီးမှ ပါမလာပဲ။ အိမ်ကို မိုးရေတွေ ရွှဲလို. ပြန်သွားရင် အမေဆူမှာ သေချာသည်။ ထီးကို လွယ်အိတ်ထဲ ထည့်ထားသင့်တဲ့ အကြောင်း၊ ကျန်းမာရေးကို ဂရုစိုက်ဖို.လိုကြောင်း၊ စာမေးပွဲနီးမှ ဖျားနာနေလျှင် ဒုက္ခပါပဲ ဆိုသည့်အကြောင်း။ အမေ့ဆူသံကို ကြိုတင်ကြားယောင် လိုက်ရင်း မိုးပခုံးတွန့် မိသည်။
လေက ပိုလို့ပင် ကြမ်းလာသည်။ မိုးလွယ်အိတ်ကြိုးကို တင်းတင်းဆုပ်ရင်း ခြေလှမ်း သွက်သွက်လှမ်းလိုက်သည်။ လမ်းမပေါ်မှာ ကားများ ဥဒဟိုသွားလာ နေကြသည်။ ဈေးဝယ်ပြီး ပြန်လာဟန် ရှိသော အသက်ကြီးကြီး အမျိုးသမီးကြီးသည် ကောင်းကင်ကို မော့ကြည့်ပြီး စိတ်ပူသွားဟန်တူသည်။ ပစ္စည်းများကို မနိုင့်တနိုင် သယ်ပိုးပြီး ခပ်သုတ်သုတ် လျှောက်သွားသည်။ ကျောင်းဆင်းလာဟန် ရှိသော ကြိုးသိုင်းဖိနပ်လေးနှင့် ကောင်မလေး ကတော့ မိုးရွာမည်ကို ဂရုမပြုလေဟန်ဖြင့် ရေခဲမုန့်ဆိုင် မှာပင် ရေခဲမုန့် ၀ယ်ရန်စောင့် နေလိုက်သေးသည်။ ဘယ်က လွတ်လာသည် မသိသော အမွေးစုတ်ဖွားနှင့် ခွေးပုလေးကတော့ မိုးရွာမည်ကို သိလေဟန်ဖြင့် အမြီးကုပ်၍ တလိမ့်လိမ့်နှင့် ပြေးလေပြီ။
မီးသည်နီရာမှ စိမ်းသွားသည်။ မိုး လမ်းကို အပြေးအလွှား ဖြတ်ကူးမိသည်။ မိုးစက်မိုးပေါက်လေးများ ဖြိုးဖြိုးဖြောက်ဖြောက် ကျ၍လာပြီ။ ရှေ့မှာ မိုးအိမ်ကို မြင်နေရပြီမို့ အားတက်သရောနှင့် ခြေလှမ်း သွက်သွက်လှမ်း လိုက်သည်။ မိုးမသည်းခင် အမြန်ပြေးမှ။ ဒါမှ အမေ့ဆူသံ မကြားရမှာ။ ဒါတောင် မိုးရာသီမှာ ထီးဆောင်သင့်တဲ့ အကြောင်း ဗျစ်တောက်ဗျစ်တောက် ပြောချင်ပြောနေမှာ။
လှေကားရင်းမှာ မိုးဆံပင်ကို တစ်ချက်ခါ လိုက်သည်။ ဆံပင်မှာ တွဲခိုနေသော ရေစက်တို့ လွင့်စင်သွားကြသည်။ ဖိနပ်ကို ငုံ့ကြည့်ရင်း သိပ်မစို ပါဘူးဟု ကိုယ့်ကိုကိုယ် အားပေးလိုက်သည်။ လှေကားထစ်တို့ကို အပြေးအလွှားတက်ရင်း “ဒီမိုး..ဒီမိုး…ဒီမိုးသည်းတဲ့နေ.တွေ” ဟုသီချင်း တိုးတိုးညည်း မိသည်။ လှေကားထစ်တို့ အဆုံးမှာရှိ နေသောတံခါး တစ်ချပ်ကို တွန်းဖွင့်ကာ ၀င်လိုက်တော့ တိုက်ခန်းကျဉ်းလေး မှာတိတ်ဆိတ်လို့ နေသည်။ လွယ်အိတ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သော အသံမှာ ကျယ်လောင်လွန်း နေသည်။ မိုး ကြမ်းပြင် ပေါ်ကို ထိုင်ချလိုက်သည်။
မိုး၏ တိုက်ခန်းလေး ထဲမှာ မိုးတို့ ရှိုက်ကြီးတငင် ရွာနေလေသည်။ မျက်နှာတစ်ခုလုံး ရွှဲရွှဲစိုနေပေမယ့် အမေ့ဆူသံ ကိုမကြားရပေ။
စားသောက်ရုံမှာ လူတွေလျှံ လို.နေပြီ။ ကျွန်မ ၀င်လာချိန် နောက်ကျတာပဲ။ နေ.လည်စာ ၀ယ်ဖို. တစ်ဆိုင်ပြီး တစ်ဆိုင် လိုက်ကြည်.တော့ နေရာတိုင်းလိုလိုတွင် လူတန်းက ရှည်လှသည်။ ကျွန်မ တန်းစီရမည်. အလုပ်ကို စိတ်မရှည်နိုင်ပါ။ လူအနည်းဆုံး ဖြစ်မည်. နေရာလိုက်ရှာယင်း “Vegan” ဟူသော စာလုံးကိုတွေ.လိုက်သည်။ ထိုစာလုံးကို စိတ်ဝင်စားခဲ့တာ ကြာပါပြီ။ ထိုဆိုင်းဘုတ် အောက်တွင်လည်း လူအများကြီး ရှိမနေပါ။ ထို.ကြောင့် ထိုအစားအသောက်ကို စူးစမ်းကြည်.ရန် ကျွန်မဆုံးဖြတ် လိုက်ပါသည်။
အစားအသောက်က ရိုးစင်းပါသည်။ ပဲပုပ်နှင့်လုပ်သော အသားတုညှပ် ပေါင်မုန်.ပေါ့။ မဆိုးပါဘူးဟု ကောက်ချက်ချယင်း ဒီလိုအစားအစာကို နေ.တိုင်းစားဖို. ဆုံးဖြတ်ရဲသော လူအချို. အကြောင်းစဉ်းစားမိသည်။ သူတို.၏ အကြောင်းပြချက် ကတော့ သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှုကို ထိန်းသိမ်းဖို.တဲ့၊ ကျန်းမာရေး အတွက်တဲ့။ အသားစားသူ တစ်ယောက် တစ်နေ.စားဖို. အသားရရန် ရေ ၁၅,၀၀၀ လီတာ(ရေအခါ ၃၀၀ ချိုးလို.ရသတဲ့) ကုန်သတဲ့။ သက်သတ်လွတ်စားသူ အတွက်ကတော့ ရေ ၁,၁၅၀ ကနေ ၅,၀၀၀ လီတာပဲ ကုန်ပါသတဲ့။ စားဖို.မွေးထားတဲ့ နွားတစ်ကောင်က တစ်နေ.ကို အီအီးနဲ. ရှူရှူး ၂၃ ကီလိုဂရမ် ထွက်ပါသတဲ့။ (www.vegansociety.com)
နောက်…ကျွန်မအအံ့သြဆုံး အကြောင်းအရာ တစ်ခုကတော့ တိရိစ္ဆာန်များ၏ အခွင့်အရေးအတွက်တဲ့။ ကျွန်မမှာက “လူ.အခွင့်အရေး” ဆိုတဲ့စကားကိုတောင်မှ “ချိုးဖောက်မှု” ဆိုတဲ့ စကားနဲ.တွဲ၍ ကြားဖူးသည် ဆိုတော့ တိရိစ္ဆာန်များ၏ အခွင့်အရေး ဆိုသည်.စကားက အထူးအဆန်း ပါပဲ။ စည်းကမ်းကြီး၊ ခံယူချက်ကြီးတဲ့ လူအချို.ကတော့ အသားနဲ. တိရိစ္ဆာန်ထွက် ပစ္စည်းဆိုရင် မစားဘူး၊ မသုံးဘူးပေါ့။ အချို.က ကြက်ဥနွားနို. လောက်တော့ စားသတဲ့။ လျှော့ဈေးအနေနဲ. အချို.ကတော့ ကြက်တွေဝက်တွေကို လူဆန်ဆန် ကောင်းကောင်းမွေးမှ စားသတဲ့။ သူတို.တစ်တွေက နိုင်ရာစား ကြီးနိုင်ငယ်ညှင်း ၀ါဒကိုလူချင်း မပြောနဲ. တိရိစ္ဆာန်တွေနဲ.တောင် မကျင့်သုံးချင်ပါတဲ့။
ဒီလိုနဲ. ကျွန်မတို. နိုင်ငံကလူတွေ ဘာကြောင့် သက်သတ်လွတ် စားပါသလဲလို. တွေးကြည်.မိပါတယ်။ ကျွန်မကြားဖူးသည်. အကြောင်းပြချက် အချို.ကတော့ မွေးနေ. အထိမ်းအမှတ်တဲ့၊ အခါကြီးရက်ကြီး အတွက်တဲ့ အဓိဋ္ဌာန်တစ်ခု အနေနဲ.ပေါ့။့  သာမန်အားဖြင့် စဉ်းစားကြည်.လျှင် ဘာသာရေး အတွက်လို.ထင်ရပေမယ့် ကျွန်မသိသလောက် ဗုဒ္ဓကတော့ သက်သတ်လွတ်စားဖို. မဟောခဲ့ပါဘူး။ ကိုယ့်အတွေးနဲ.ကိုယ် စဉ်းစားကြည်.တဲ့အခါ ရသတဏှာကို ဖြတ်နိုင်ဖို.ရယ်လို. ကောက်ချက်ဆွဲမိဆဲ။ စိတ်ရဲ. အလိုကို ထိန်းနိုင်စွမ်း ကိုလေ့ကျင့်ခြင်း သဘောမျိုး ပါလေမလားလို. စဉ်းစားမိပါတယ်။ သက်သတ်လွတ်စားခြင်းက ဘာသာရေးထက် ယဉ်ကျေးမှု ဓလေ့အရ ဖြစ်နိုင်ပါတယ်။ မှန်ချင်မှတော့ မှန်ပေမည်။ ကျွန်မအတွေးနဲ.တော့ ကျွန်မကျေနပ်လို.ပဲ။ ဒါပေမယ့် တိရိစ္ဆာန်များ အခွင့်အရေးအတွက် ဆိုတာကိုတော့ ဘယ်သူကများ တွေးမိနိုင်ပါ့မလဲ။ လူတွေရဲ. အခွင့်အရေးတောင် ဘယ်နေမှန်း မသိတဲ့ ဒေသမှာ ကျွန်မက တိရိစ္ဆာန်တွေရဲ. အခွင့်အရေး အကြောင်းပြောမိရင် လူရယ်စရာဖြစ်ကုန်တော့မည်။
အနောက်နိုင်ငံသားများရဲ.ညှာတာသနားတတ်မှုကို သဘောကျမိ သော်လည်း မြန်မာ ပြည်ကလာသူ တစ်ယောက်အနေနှင့် တိရိစ္ဆာန်တွေရဲ. အခွင့်အရေး အတွက် သက်သတ်လွတ်စားရမည်ကို ကျွန်မလိပ်ပြာမသန်.လှ။ (အသားစားရခြင်းအတွက် ဆင်ခြေပေါ့လေ။) ကြီးကြီးကျယ်ကျယ် ပြောရလျှင် ကမ္ဘာမြေအတွက်တော့ တာဝန်ပေါ့ကောင်း ပေါ့စေမှာပါ။
ဒီလိုနဲပဲ.့…ငတေ ကျွန်မသက်သတ်လွတ် စားဖြစ်ဦးမည် မဟုတ်ပါ။
ပြီးခဲ့တဲ့ အချိန်တွေ
ငါသတိမရ။
ပျော်ခဲ့တဲ့ ရယ်သံတွေ
ငါမတမ်းတ။
ဆိုခဲ့ကြတဲ့ သီချင်းတွေ
ငါပြန်ဆိုမိလည်း
ငါ…မလွမ်း။
အတူရှိခဲ့တဲ့ အချိန်များသာ
ငါ့ အတွက် အရေးကြီး။
ဘာများ တတ်နိုင်ဦးမှာလဲ….
အချိန်ဆိုတာ သွားပြီးရင်
နောက်ပြန် မကြည့်တာ
မင်းလည်း အသိ
ငါလည်း သိသားပဲကွယ်…။