Sunday 15 February 2009

ဘိုင်လက်ဆောင်

အများသူငါ ဗာလင်တိုင်းကြတဲ့ နေ့မှာ ပုံရိပ်လည်း အားကျမခံ လက်ဆောင် တောင်းပါတယ်။ ပုံရိပ်တောင်းတာ ကဗျာလက်ဆောင်ပါ။ အစကတော့ စပ်လို့ မရဘူးတဲ့။ အဲဒါနဲ့ ဆက်ရစ်တော့ နောက်ဆုံး ကဗျာတစ်ပုဒ် ရလာပါတယ်။ (ငှဲငှဲ) ကဗျာနာမည်ကိုတော့ ပုံရိပ်ပဲ ရွေးပေးလိုက်ပါတယ်။ ကဗျာကတော့ သူ့ကဗျာပါ။ ခံစားကြည့်ကြပါဦး။

ပုံရေ …

ဗယ်လင်တိုင်းဒေးတဲ့၊
အများသူငါ ဟိုဟာ ဒီဟာရေးကြတော့
အတွေးတွေ လမ်းထွက်လျှောက်
ကဗျာတစ်ပုဒ် ကောက်ရေးလိုက်တယ်။

ရေးမယ့်သာရေး
ဗယ်လင်တိုင်းဒေးဆိုတာ
ဘာညာသေချာမသိ၊
အင်း … ဂူဂယ်လ်မယ် ရှာကြည့်ဦးမှ။

ကဲ … တွေ့ပါပြီဗျာ၊
ဟုမ်းမ်ပေ့ခ်ျမှာပါ ရဲရဲတွတ်၊
ဘယ်သွားသွား မလွတ်ပါလား။

နှစ်ဆယ့်တစ်ရာစုရဲ့
ဗဟုသုတဘဏ်ကြီး
ဝီကီပီးဒီးယားက ပြောတယ်၊
ဗယ်လင်တိုင်းဒေးရဲ့
ရှေးကနဦးအစ
ပေဂန်တွေကပါတဲ့။
နောက်ကျတော့ တမျိုးဖြစ်
ခရစ်ယာန်ဇာတ် သွတ်သွင်းသတဲ့။

ကျင်းပစအခါဝယ်
ဗယ်လင်တိုင်းဒေးဆိုတာ
ရုပ်လက်ဆောင် သက်သက်ပေးတဲ့
ဈေးဝယ်ရက်တော့ မဟုတ်ခဲ့ပါ။

အမှူးပြုတဲ့ သူတော်စင်
စိန့်ဗယ်လင်တိုင်းဟာလည်း
ကွန်ရှူမာရစ်ဇင်ရဲ့
စီးတော်ယာဉ် မဟုတ်ခဲ့ပါ။

ယုံကြည်ချက်ကို
အသက်နဲ့လဲတဲ့
သူတော်စင်ရဲ့ သွေးရဲရဲဟာ
သစ်ပင်တကာ လှဲခုတ်
စက္ကူအမှိုက်လုပ်ဖို့
ဆင်ခြေတစ်ခုလည်း မဟုတ်ခဲ့ပါ။

ပုံရေ…

လူတကာနဲ့ ကန့်လန့်တိုက်
ချောကလက် မကြိုက်လို့ ကိုယ်မပြောပါ။

လူတကာမွှေးချင်တဲ့
နှင်းဆီပန်းကလေးလည်း
မင်းဆီ လှမ်းပေးချင်ပါရဲ့။

ဒါပေမယ့်
ရီဆက်ရှင်း … တဲ့။

စီးပွားကလည်းကျ
အနီးအနားလည်း မနေရတဲ့ အခါ
အကာတွေပယ်လို့
အနှစ်ကိုပဲ သယ်ဆောင်ပေးမယ့်
စကားလေး တစ်ခွန်းကို
လွမ်းလွမ်းနဲ့ပဲ ပြောလိုက်မယ်၊
မင်းကို ကိုယ်ချစ်တယ်။

(ကိုပုံရိပ်)

14 comments:

pandora said...

ကိုပုံရိပ်ရဲ့ ကဗျာလေးက တယ်ချစ်စရာကောင်းတာပဲ။
စိတ်တူဝါသနာတူချင်း ပျော်ပျော်ရွှင်ရွှင် ထာဝရ လက်တွဲချီတက်နိုင်ကြပါစေ။

JuneOne said...

ချစ်စရာကောင်းလိုက်တဲ့ ကဗျာလေးနော်။အားကျပါရဲ့။

တို့များတော့ မမkom စကားနဲ့ပြောရရင်ပါးမဖောင်းတော့ဘူးကွ.်။

ရွှေဂျမ်း said...

ကိုပုံရိပ်ကလည်း ကဗျာရေးကောင်းတာပါပဲလား။ Happy Valentine's Day ပါ ကိုပုံရိပ်နဲ့ မပုံရိပ်ရေ။း)

nu-san said...

ပုံရိပ်ရေ.. ကဗျာက ချစ်စရာလေးနော်... အခုလို လက်ဆောင်က ချောကလက်လက်ဆောင် ရတာထက် ပိုပြီး ရင်ခုန်စရာ ကောင်းတယ်ဟုတ်.... :)

Anonymous said...

ကိုပုံရိပ်ကလည်း အရေးကောင်း အတွေးကောင်းပဲနော်...။
ကိုပုံရိပ်နဲ့  မပုံရိပ်တို့  happy ကြပါစေ..။

သက်ဝေ said...

ချစ်စရာလေးပါလား ပုံရိပ်ရဲ့...
ချောကလက်တို့ နှင်းဆီပန်းတို့နဲ့ မနှိုင်းယှဉ်သာအောင် အဆပေါင်း များစွာ တန်ဖိုးရှီတဲ့ လက်ဆောင်လေးပါ...
ကိုပုံရိပ်နဲ့ မပုံရိပ်တို့ ချစ်ခရီးလမ်းလေး ထာဝစဉ် ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးနေတယ်နော်...

(တေးမွန်) said...

ဟား..ဟား.. ဘာပဲဖြစ်ဖြစ် ချောကလတ်တော့ မစားကြရတော့ဘူးပေါ့။ နှင်းဆီပန်းလည်းမလိုတောဘူး။ကောင်းသားပဲ ဒီနှစ်ယောက်တော့။ ပိုက်ပိုက်ကုန်သက်တာတယ်။

Nu Thwe said...

အားကျလိုက်တာ။ ၀မ်းသာပါ၏။
တို့များတော့ အချိုမရ၊ အချဉ်မရနဲ့ ခါးသက်သက် ဗယ်လင်တိုင်း ဖြစ်သွားတယ်း(

Anonymous said...

အားလုံးပဲ ကိုပုံရိပ်၏ ရစ်၍... အဲလေ ချစ်၍ ရေးသော ကဗျာလေးကို လာအားပေးတာ ကျေးဇူးပါ။ သူလည်း ၀မ်းသာမှာပါ။

မပန် ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။
juneone ပုံရိပ်လည်း ပါးသိပ်မဖောင်းတော့ပါဘူး လေ။ :D
မဂျမ်းရေ ကျေးဇူးနော်။ ဘာလင်တံတိုင်းတော့ မလုပ်နဲ့ဦး :)။
မနုစံ ဟုတ်တယ် ဟုတ်တယ်။
မလေးမလည်း ကောင်းကင်ကြီးနဲ့ ပျော်ပါစေ :)
မသက်ဝေ ဆုတောင်း အတွက် ကျေးဇူးပါ။
ကိုနတ်ဆိုး ဟုတ်ပ။ ခေါင်းစဉ်ကိုသာ ကြည့်ပါတော့ :D
မနုသွဲ့ အခါးဆိုတာလည်း အရသာ တမျိုးပဲ မဟုတ်လား။ ရသာစုံပေါ့။

P.Ti said...

နောက်ကျပြီးလာပါသည်။ သိတယ်ဟုတ် အလုပ်ရှုပ် နေလို့... အဟဲရောချတာ..

ကဗျာလေးကကောင်း အဆုံးသတ်စကားလုံးနဲ့တင် ပုံရိပ်ကြွေနေလောက်ပြီ... အဟဲ...

ပုံရိပ်တို့နှစ်ယောက် ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

တန်ခူး said...

ပုံရိပ်ရေ… ကိုပုံရိပ်ကလဲ စာရေးကောင်းတယ်နော်…
ပွင့်လင်းရိုးသားတဲ့ သူ့ ရေးဟန်လေးမှာပဲ သူ့ စိတ်ထားလေးပေါ်လွင်နေတယ်…
သိပ်ကို လိုက်ဖက်ညီတဲ့ စုံတွဲလေးပါ….
ချစ်စရာ ကိုပုံရိပ်+မပုံရိပ်စုံတွဲလေး သက်ထက်ဆုံးလက်တွဲရပါစေလို့ …

Anonymous said...

ကိုပီတိ ဘာတွေ အလုပ်ရှုပ်နေလဲ။ မှန်းကြည့်မယ် နော်...:p ဆုတောင်းပေးတာ ကျေးဇူး။
မတန်ခူးရေ ပေးတဲ့ ဆုနဲ့ ပြည့်ပါရစေး :)။ ဆားချက်ပြီးတော့ ၀တ္ထု ဆက်ရေးရပါဦးမည်။

မီယာ said...

ဘိုင်လက်ဆောင်က အဖိုးဖြတ်မရတဲ့ ရင်ထဲကလာတာ ဆိုတော့ ဂုဏ်ယူစရာ ပိုကောင်းပါတယ်။ အမြဲ သိမ်းထားလို့လည်းရတယ်လေ.. စိတ်ကူးကောင်းလိုက်တာ

Anonymous said...

မမီယာ ဟုတ်ပါတယ်။ ရင်ထဲမှာ အမြဲ သိမ်းထားလို့ ရတာပေါ့။ :)